
နေပြည်တော် ဒီဇင်ဘာ ၂၀
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams)နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနနှင့် ဦးစီး ဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။ (ယာပုံ)
စုပေါင်းဆောင်ရွက်ရမည်
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် ပညာရေး ကဏ္ဍလေ့လာသုံးသပ်မှု (Education Sector Analysis– ESA) မှ လေ့လာတွေ့ရှိချက်များအရ မည်မျှအောင်မြင်သည်၊ မည်မျှ အကောင်အထည်ဖော်နိုင်သည်၊ မည်သည့်လုပ်ငန်း များတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းကာ ဖြည့်ဆည်းပေးရမည်ကို ပြန်လည်သုံးသပ်၍ ပညာရေး ဝန်ကြီးဌာနအပါအဝင် ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ကျောင်းများနှင့် သိပ္ပံများသည် မိသားစုဝင်များအဖြစ် တစ်ဦးနှင့်တစ်ဦးကူညီကာ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်သည် အရေးကြီးပါကြောင်း၊ အဆိုပါစိတ်ဓာတ် များကိုအခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်း အင်အားဖြင့်သာ ပညာရေးပြုပြင်ပြောင်းလဲမှုကို အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ပညာရေးသည် နှစ်ပေါင်းများစွာ အားနည်းခဲ့ သည့်အတွက် အရည်အသွေးရှိသည့်ပညာရေးကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် မိသားစုစိတ်ဓာတ်ဖြင့် စုပေါင်း၍ ပူးပေါင်း ပါဝင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်နေသည့်လုပ်ငန်း များကို ဆက်လက်အရှိန်အဟုန်မြှင့်ကာ ပိုမိုအောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည့်၊ ဖြည့်ဆည်းပေးရန်ရှိသည့် လုပ်ငန်း များကို ပြန်လည်စိစစ်ပြီး တစ်ဦးနှင့်တစ်ဦးကူညီပြီး စုပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆- ၂၀၂၁)အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေးဟူသော မူဝါဒများအပေါ် အခြေခံ ကာ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်လာ စေရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှု စသည့် Core Values of Objectives များရရှိစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးတွင်ရင်းနှီးမြှုပ်နှံခြင်းကို အားပေးလျက် ဘဏ္ဍာရေး အသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးလျက်ရှိ ပါကြောင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များပြုစုပြီး အခမဲ့ ဖြန့်ဝေခဲ့ပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်(Teacher Compentency Standard Framework – TCSF) အပေါ် အခြေခံ၍ သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် သင်ကြား သင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ လုပ်ငန်း သစ်အတွက် ကျွမ်းကျင်မှုဖြည့်ဆည်းခြင်း ၊ ကျွမ်းကျင်မှု မြှင့် တင်ခြင်း ၊ စဉ်ဆက်မပြတ် အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရရှိရန် သင်တန်းပေးခြင်း၊ စစ်ဆေး အကဲဖြတ်မှုပြောင်းလဲခြင်း၊ ပညာသင်စရိတ်ချီးမြှင့်ခြင်း၊ စီမံခန့်ခွဲမှု လေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပြီး တိုင်းရင်းသားဒေသများကို ဦးစားပေး၍ လိုအပ် ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြီးမြောက်သူ ကျောင်းသားဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း ၉ ဒသမ ၇၁၆ သန်းအထိ ရှိလာပါကြောင်း၊ စစ်ဆေး အကဲဖြတ်မှုအပိုင်းတွင်လည်း စဉ်းစားတွေးခေါ်မှု၊ ပြဿနာ ဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ် ခြင်းများကို စတင်အသုံးပြုလာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် သတ်မှတ်ချက် ခုနစ်ချက်ကို ပြည့်မီသဖြင့် အထက် တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ ၅၆၆၂၇၄ ရှိပါကြောင်း။
ဘက်လိုက်ခြင်းများကို ခွင့်မပြု
အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက်၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်အကဲ ဖြတ်မှု၊ မူလတန်းအဆင့် သင်္ချာစွမ်းရည်အကဲဖြတ်မှု အစီရင်ခံစာများအရ မြန်မာနိုင်ငံ မူလတန်းကလေးငယ်များ သည် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာစွမ်းရည်များ အားကောင်းသည်ဟု တွေ့ရှိရပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာ သင်္ချာအိုလံပီယာ့တွင် အထက်တန်း ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention ခြောက်ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်မှု၊ ကောင်းမွန်သော သဘောထားအမြင်နှင့် တန်ဖိုးများ အားကောင်းရန် လိုအပ်ပါကြောင်း၊ မိဘများက ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်လာစေရေး မိဘဆရာအသင်း များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာ ရေးဝန်ကြီးဌာနသည် လက်ဆောင်ပေးခြင်း၊ ယူခြင်း၊ အုပ်စု ဖွဲ့၍ ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို ခွင့်မပြု ပါကြောင်း။
အမျိုးသားပညာအရည်အချင်း မူဘောင်သတ်မှတ် ချက်အရ အခြေခံပညာ သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများအနေဖြင့် Level 4 အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် Level 5 အသက်မွေး ဝမ်းကျောင်း Diploma နှင့် Advanced Diploma သင်တန်း များအပြင် Open University တို့ကို အဆင့်ဆင့်တက်ရောက် နိုင်မည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း။
အရည်အသွေးရှိသောပညာရေးအတွက် ဆရာများ၏ ပညာရပ်ဆိုင်ရာစွမ်းဆောင်မှုနှင့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှုအတွက် အရေးကြီးသကဲ့သို့ စီမံဝန်ထမ်းများ၏ စွမ်းဆောင်ရည် ရှိစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီနည်းပညာ စွမ်းရည်နှင့် ရုံးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်တို့သည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားဒေသများ၏လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဦးစားပေး၍ ထောက်ပံ့သွားရန် လည်း လိုအပ်သကဲ့သို့ အခြားဒေသများ၏ လိုအပ်ချက် နှင့် ဦးစားပေးလုပ်ငန်းများကို ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၊ ဆရာများ၊ ကျောင်းသားများ၏ လိုအပ် ချက်ကို ဦးစားပေးအစီအစဉ်ဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာငွေသုံးစွဲ ထောက်ပံ့သွားရန် အရေးကြီးပါကြောင်း၊ အမျိုးသား ပညာအရည်အချင်းအညွှန်းဘောင်၊ ခရက်ဒစ်လွှဲပြောင်းမှု၊ အရည်အသွေးအာမခံမှုများကို မူဝါဒလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးဆောင်ရွက်သွား ကြရရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသများကို ဦးစားပေး၍ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့် အလမ်းများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း ကိုးကြိမ်၊ အိုင်စီတီ နည်းပညာဆိုင်ရာသင်တန်း ခုနစ်ကြိမ်နှင့် စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှု သင်တန်းများကို ပို့ချလေ့ကျင့်ခဲ့ ပါကြောင်း။
အရည်အသွေးမြှင့်တင်ပေးရမည်
အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ ဖြစ်ထွန်း စေရေးအတွက် အရည်အသွေးမြှင့်တင်ပေးရမည် ဖြစ်သကဲ့ သို့ စီမံခန့်ခွဲရေးဝန်ထမ်းများကိုလည်း အရည်အသွေး မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် ခေတ်နှင့်အညီ သင်ကြားသင်ယူမှုစနစ် မြှင့်တင် ရန်နှင့် စီမံခန့်ခွဲမှုစနစ်မြှင့်တင်နိုင်ရန်အတွက် လိုအပ်သော နည်းပညာနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုးဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်နှင့် ကျောင်း များတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ် ထုတ်ခြင်းတို့အတွက် ဒစ်ဂျစ်တယ်/ အွန်လိုင်း စနစ်နှင့် ဒစ်ဂျစ်တယ်ဘဏ်စနစ်တို့ကို အားပေးဖြည့်ဆည်းရန် လိုအပ် ပါကြောင်း။
နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတို သင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်များတွင် မဟာစီမံကိန်းနှင့် တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲမှုကို အားပေးရမည်ဖြစ်သကဲ့သို့ တက္ကသိုလ် ကောင်စီ၊ တက္ကသိုလ်ပညာရေးအဖွဲ့၊ တက္ကသိုလ်စီမံခန့်ခွဲမှု အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သုတေသန၊ သင်ရိုး ညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သီအိုရီ၊ လက်တွေ့တို့ကို အားပေးဆောင်ရွက်ကာ အလုပ်အကိုင်ရရှိရေးကို ဦးတည် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မူဝါဒ လမ်းညွှန် စံသတ်မှတ်ချက်များနှင့်အညီ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်း များ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့်သင်ယူမှုနှင့် ထိတွေ့ သင်ယူမှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှုကို ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Credit Transfer System ဆောင်ရွက်မှုကို အားပေးရမည် ဖြစ်သကဲ့သို့ သုတေသနဆောင်ရွက်မှုကိုလည်း အားပေးရမည်ဖြစ်ပါ ကြောင်း၊ အရည်အသွေးအာမခံမှုနှင့် အရည်အသွေး အသိ အမှတ်ပြုမှုစနစ်တို့ကို ထူထောင်ရမည် ဖြစ်သကဲ့သို့ ပညာသင်ထောက်ပံ့မှုကိုလည်း အားပေးရမည်ဖြစ်ပါ ကြောင်း၊ စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှု အရည် အချင်းတို့ကို အခြေခံ၍ ဆရာ၊ ဝန်ထမ်း ခန့်/ပြောင်း/တိုး အားပေးခြင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့် ပူးပေါင်း၍ တက္ကသိုလ်အရည်အသွေးမြင့်မားရေး အားပေး ဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အားပေးခြင်း၊ နိုင်ငံ တကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထား အမြင်၊ တန်ဖိုးထားမှုကဲ့သို့သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်သွားရန်နှင့် ကျိုးကြောင်း ဆင်ခြင်မှုနှင့် ပြဿနာကိုဖြေရှင်းမှုကဲ့သို့သော Higher-order Thinking Skills များရရှိရန် သဘောပေါက် နားလည်ခြင်း၊ မှတ်မိခြင်း၊ အသုံးချခြင်း၊ ခွဲခြမ်းစိတ်ဖြာ ခြင်း၊ ပြန်လည်သုံးသပ်ခြင်း ၊ ဖန်တီးခြင်း၊ ဆန်းသစ်တီထွင် ခြင်းအလေ့အထများကို အားပေးဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။
အရည်အသွေးရှိသည့် အခြေခံပညာအထက်တန်း အဆင့်ကို လူတိုင်းပြီးမြောက်ရေးဆီသို့ ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းရှိရေး အတွက် စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် အကောင် အထည်ဖော် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက် ရှင်းလင်းကာ UNESCO IIEP က ဆောင်ရွက်ထားသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (Education Sector Analysis – ESA) အစီရင်ခံစာကို ဆက်လက်ရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကို လေးဝင်းက အခြေခံပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့် သက်မွေး ပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့် ပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည် အသွေးမြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ မေးမြန်းအကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်