
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်)
ဒီကနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တော်များ အားလုံးကို နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
ဒီကနေ့ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ရဲ့ (၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပဲ ဖြစ်ပါတယ်။
အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ပုဂ္ဂလိကကဏ္ဍဟာ နိုင်ငံတော် စီးပွားရေးရဲ့ အဓိကကျတဲ့ မောင်းနှင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ UMFCCI အနေနဲ့ ပုဂ္ဂလိကကဏ္ဍကိုဦးဆောင်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ပါဝင်ကြတဲ့အတွက် အထူးတန်ဖိုးထား ပါကြောင်း ပဏာမအနေနဲ့ ပြောချင်ပါတယ်။
ဒီကနေ့ နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာဈေးကွက်တွေအထိပါ ဖြန့်ကြက်ထိုးဖောက်နိုင်ဖို့၊ ဒီဂျစ်တယ်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ဖို့ စတဲ့ လုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့တာတွေကို မှတ်တမ်းတင်အပ်ပါတယ်။
အခုလို COVID-19 ကပ်ရောဂါကာလမှာ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေအပြင် စားနပ်ရိက္ခာလှူဒါန်းခြင်း၊ ကုန်ဈေးနှုန်း ထိန်းချုပ်ခြင်း၊ ကုန်ပစ္စည်းများ မပြတ်လပ်အောင် ဆောင်ရွက်ပေးခြင်း စတဲ့ လုပ်ငန်းတွေကိုလည်း UMFCCI နဲ့ ညီနောင်အသင်းအဖွဲ့တွေက သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့တာတွေကလည်း ကျွန်မတို့ရဲ့ ပြည်သူလူထုအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဒီလို ကောင်းမြတ်တဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံတော်ရဲ့ အရေးကိစ္စ မှန်သမျှကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင် ကြိုးပမ်း သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်မတို့ နိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ကြုံတွေ့နေရပေမယ့်လည်း စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလားအလာ ကောင်းတွေ ရှိနေတုန်းပါပဲ။ ကျွန်မတို့နိုင်ငံတည်ရှိနေတဲ့ အာရှဒေသဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဒေသတွေထဲမှာ ပါဝင်နေခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို့ဆိုရာမှာ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံ တွေကိုပဲ အများစု ညွှန်းဆိုလေ့ရှိခဲ့ကြပေမယ့် အာရှဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ အမှန်တကယ် ဖြစ်ပေါ်နေပါပြီ။ အာရှဒေသထဲက မြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်မှုတွေ ဖြစ်ပေါ်ရရှိလာခဲ့ပါတယ်။
ဒီလိုမျိုး တိုးတက်မှုတွေ ရရှိလာခဲ့တာကို ပြန်ကြည့်ရင် အဝတ်အထည်နဲ့ ချည်ထည်လိုမျိုး လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းတွေ၊ ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းတွေကြောင့်ဖြစ်တာကို တွေ့ရှိရပါတယ်။ ဒေသတွင်းနိုင်ငံ တွေမှာ ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ ကုန်ကျစရိတ် မြင့်တက် လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ပိုပြီး ကောင်းမွန်တဲ့ နေရာဒေသတွေကို ရွေးချယ်လာကြပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ မဟာဗျူဟာကျကျ တည်ရှိမှုနဲ့ အာရှဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေမှု စတဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ် တွေကြောင့် မလွဲမသွေ ရွေးချယ်ရင်းနှီးမြှုပ်နှံရမယ့် နေရာဒေသတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားလာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံဘက်က လည်း ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင် အခြေအနေကောင်းတွေ ဖန်တီးပေး နိုင်ဖို့ အရေးကြီးပါတယ်။
ဒါ့ကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေး ပြည့်ဝရုံသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ပွင့်လင်းမြင်သာ၊ ရိုးရှင်းလွယ်ကူ၊ ကြိုတင်ခန့်မှန်းနိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေရဲ့ ရလဒ်ကောင်းအဖြစ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့မှု ဆောင်ရွက်နိုင်မှုအစီရင်ခံစာ (၂၀၂၀) မှာ မြန်မာနိုင်ငံရဲ့ “စီးပွားရေး လုပ်ဆောင် ရာတွင် လွယ်ကူချောမွေ့မှု ဆောင်ရွက်နိုင်မှုအဆင့်” ကို အရင်နှစ်က အဆင့် (၁၇၁) သတ်မှတ်ခဲ့ရာကနေ ဒီမှာတော့ (၁၆၅) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဆင့် (၆) ဆင့် တိုးတက်လာခဲ့တဲ့အပြင် တိုးတက်မှုအရှိဆုံး နိုင်ငံ(၂၀) စာရင်း မှာလည်း ပါဝင်လာခဲ့ပါတယ်။
အခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး ရှိတဲ့အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)အရ ဒီနှစ် မျှော်မှန်းချက်ရဲ့ ၉၈ ရာခိုင်နှုန်းနီးပါး ရရှိပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ဒေသတွင်းက ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ စင်ကာပူလိုမျိုး မိတ်ဖက်နိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်နေပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လက်ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။
COVID-19 အလွန် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု
ခိုင်မာအားကောင်းရေး
ကျွန်မတို့နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အခုလို ကပ်ရောဂါကာလမှာ အစိုးရ- ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်ရဲ့ စစ်မှန် ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုပြီး မြှင့်တင်ဖို့လိုအပ်ပါတယ်။ COVID-19 ကပ်ရောဂါဟာ ကျွန်မတို့အားလုံးရဲ့ ရောင်းဝယ်မှုပုံစံတွေ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုပုံစံတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒါ့ကြောင့် COVID-19 အလွန် အနာဂတ်ကာလမှာ ကျွန်မတို့ ပုံဖော်တည်ဆောက်ချင်တဲ့ စီးပွားရေး ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့အစီအမံတွေကို အလေးပေး ဦးတည်ဆောင်ရွက်ကြဖို့ ပိုပြီးအရေးကြီးလာပြီဆိုတာကို ပြောချင် ပါတယ်။
အမျိုးသမီးများ ဦးဆောင်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေးဟာ COVID-19 အလွန်မှာ ပိုပြီးအရေးပါလာ၊ ရှေ့တန်းရောက်လာတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလလှုပ်ရှားမှု” ကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ အခုလို COVID-19 ကာလအတွင်းမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ တည်ထောင်နိုင်ဖို့၊ လုပ်ငန်းတွေ ချဲ့ထွင်ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးကြဖို့ အလေးထားပြောကြားလို ပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေကို လက်ရှိအခြေအနေမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်က ဆောင်ရွက်ပေး နေတာတွေကိုလည်း အားရမိပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့တဲ့ ဒုတိယအကြိမ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက်မှာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းတွေများစွာ ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှု အဆင့်သတ်မှတ်ချက်တွေအနက် “စီးပွားရေး လုပ်ငန်းတစ်ခု စတင်နိုင်မှု အဆင့်သတ်မှတ်ချက်” ကို မြန်မာနိုင်ငံအနေနဲ့ အဆင့် (၁၇၀) ကနေပြီးတော့ အဆင့် (၇၀) အထိ တိုးတက်ရရှိအောင် ၄ နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီး အရှိန်အဟုန်မြင့် တိုးတက်မှုများရရှိခဲ့ကြောင်း ဖော်ပြထား ပါတယ်။
မကြာခင်ထွက်ပေါ်လာတော့မယ့် “မြန်မာ့စီးပွားရေး ထိခိုက်မှုဒဏ် ခံနိုင်ရေး ပြုပြင်ပြောင်းလဲမှုစီမံချက်” (MERRP)မှာလည်း ကျား၊ မ တန်းတူ ညီမျှမှုရှိစေရေးနဲ့ နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ ကို အလေးထားပြီး ထည့်သွင်းချမှတ်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှုနှင့် ဒေသတွင်းဘက်စုံစီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု (RCEP)
COVID-19 ရောဂါဟာ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်နဲ့ ဒီဂျစ်တယ်စနစ်ရဲ့ အရေးပါမှု ကို မီးမောင်းထိုး ပြသနေပါတယ်။ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှု ဆောင်ရွက်တဲ့အခါ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ကာလရှည်ကြာ အောင်မြင်မှုအတိုင်းအတာကို အဆုံးအဖြတ် ပေးနိုင်မယ့် အချက်တစ်ခုလည်း ဖြစ်ပါတယ်။
အခုလိုဆိုရင် ပိုမိုမြန်ဆန်တဲ့ ဒီဂျစ်တယ်စနစ်အသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရနဲ့ ပြည်သူတွေအကြား၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေအကြား၊ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တစ်ခုအကြား၊ ပြည်သူတစ်ဦးနဲ့တစ်ဦးအကြား ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်လိုအား နဲ့ ရောင်းလိုအားနဲ့အညီ ဒီဂျစ်တယ်နည်းပညာတွေသုံးပြီး ရောင်းဝယ်၊ ငှားရမ်း၊ ဖလှယ်နိုင်ရေးအတွက် တစ်ခုတည်းသော ဒီဂျစ်တယ်ပလက်ဖောင်းစနစ်ကို နိုင်ငံတော်ကဦးစီးပြီး ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများနဲ့ ပေါင်းစပ် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါတယ်။
ဒေသတွင်းနိုင်ငံအများစုအနေနဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်း နေကြပြီဖြစ်ပေမယ့် ကျွန်မတို့ရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းအများစုကတော့ နောက်ကျကျန်ရစ်ခဲ့နေဆဲပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေအနေနဲ့ ဒီဂျစ်တယ်နည်းပညာတွေအသုံးပြုပြီး နိုင်ငံတကာကို လုပ်ငန်းတွေ ချဲ့ထွင်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ထိရောက်မှုရှိပြီး မှန်ကန်ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှု တွေနဲ့ မြန်မာ့အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ၂၁ ရာစု ဒီဂျစ်တယ်နည်းပညာအသစ်တွေကိုအသုံးပြုပြီး နိုင်ငံတကာကို ဖြန့်ကြက်ထိုးဖောက်နိုင်ဖို့လည်း ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ဖြန့်ချိရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတော်အစိုးရအပိုင်းက တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က RCEP လို့ အများသိတဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ကျွန်မတို့နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်က ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ကျော်နဲ့ ကမ္ဘာ့စီးပွားရေးပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ၊ ကမ္ဘာ့ကုန်သွယ်မှုပမာဏရဲ့ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး နယ်မြေတစ်ခုအဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီနေ့ခေတ် ပထဝီနိုင်ငံရေး အခြေအနေနဲ့၊ ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းတွေကို လေ့လာကြည့်မယ် ဆိုရင်၊ စီးပွားရေးအင်အားကြီးနိုင်ငံတွေအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ရှိနေသလို ကိုယ်ကျိုးစီးပွားကာကွယ်တဲ့အစီအစဉ်တွေကို ချမှတ်လုပ်ဆောင် နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စည်းမျဉ်းအခြေခံတဲ့ နိုင်ငံစုံကုန်သွယ်မှုစနစ် ပြန်လည်အားကောင်းအောင် ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့စီးပွားရေးရဲ့ နောက်ခံ အနေအထားမှာ ကျွန်မတို့နိုင်ငံလို စီးပွားရေးအင်အားသေးငယ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သီးခြားရပ်တည်ပြီး နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံလုပ်ကိုင်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ RCEP ကို ဝင်ရောက်ခဲ့တဲ့အတွက် နိုင်ငံ့စီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိကကဏ္ဍ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ စာချုပ်ကပေးတဲ့ အခွင့်အရေး တွေကို ပြည်သူတွေ လက်တွေ့ခံစားရရှိလာအောင် အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ နှစ်ရပ် ဟန်ချက်ညီညီ၊ အင်အားကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက် သွားကြဖို့ ပြောကြားလိုပါတယ်။
နိဂုံး
ကျွန်မတို့ ပြည်သူတွေရဲ့ လူမှု-စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ ပုဂ္ဂလိက အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြဖို့ အလေးအနက်ထား ထပ်လောင်းပြောကြားလိုပါတယ်။ အခုလို အစိုးရ-ပုဂ္ဂလိက ကဏ္ဍနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းခိုင်မာစွာ တည်ဆောက်နိုင်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ၊ စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းသစ်တွေ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုတွေကို ကျွန်မတို့ ပြည်သူတွေအတွက် ဖော်ဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။
ဒီလို ဖော်ဆောင်ပေးဖို့အတွက်လည်း UMFCCI အနေနဲ့ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးအတွက် အသိပညာနဲ့ ကျွမ်းကျင်မှုတွေ ဖြန့်ဝေပေးတာတွေ၊ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ၊ ဘဏ္ဍာငွေအရင်းအမြစ် ပံ့ပိုးပေးတာတွေစတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်” နဲ့ ညီနောင် အသင်းတွေက အသင်းဝင်တွေအားလုံး ကျန်းမာကြပါစေ၊ အသင်းသားစုံညီ အစည်းအဝေးတွေမှာ မိမိတို့စီးပွားရေးလုပ်ငန်းတွေအတွက်သာမက နိုင်ငံနဲ့ ပြည်သူတွေအတွက်ပါ လက်တွေ့ကျပြီး ထိရောက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ကြပါစေ၊ အသင်းကြီးရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် တွေမှာလည်း အောင်မြင်မှုရလဒ်ကောင်းတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
၂၀၂၁ အတွက်လည်း ဆုမွန်ကောင်းတွေ အများကြီးတောင်းပြီးတော့ မေတ္တာပို့သလိုက်ပါတယ်။