
မောင်မောင်စန်း
ယဉ်ကျေးမှု အနုသုခုပညာရှင် (ဝါ) အဆို၊ အက၊ အရေး၊ အတီး ပညာရှင်တို့သည် ကျေးဇူးရှင် မိဘပြည်သူတို့အား ချစ်ခင်ခြင်း၊ ပြုံးရွှင်ရယ်မောခြင်း၊ သနား ကြင်နာခြင်း၊ ရဲရင့်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ စက်ဆုတ်ရွံရှာခြင်း၊ အံ့သြခြင်း၊ တည်ကြည် လေးနက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်း စသည့် ရသ အဖုံဖုံခံစားမှု အစုံစုံကို တင်ဆက် အလုပ်ကျွေးပြုလျက်ရှိကြပါသည်။ စာပေ၊ တေးဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာရှင်တို့၏ အသီးသီး အသလာ အသလာသော အနုပညာစွမ်းပကားတို့သည် ခံစားကြသည့် ပြည်သူတို့အပေါ် စည်းရုံးရေး သြဇာရော အသိပညာပေး သြဇာပါ ကြီးမားလှပါသည်။
ငြိမ်းချမ်းရေးနှင့် တေးဂီတအနုပညာ
စာရေးသူသည် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ဦးတည်ချက် လေးရပ်၌ “ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှု ကဏ္ဍမှ အထောက်အကူပြုရေး”ဟူသော ဦးတည်ချက် ကို အထူးဂရုပြုမိပါသည်။
အနုပညာသည် အကြမ်းပညာလုံးဝမဟုတ်။ ထို့ကြောင့် သိမ်မွေ့လှသည်၊ နူးညံ့လှသည်၊ ခက်ခဲ လှသည်၊ နက်နဲလှသည်၊ စမ်းနယ်အေး၍ ပန်းလို မွှေးသည်၊ စမ်းလိုဖြူ၍ ပန်းနယ်ကြူ လှိုင်လှသည်။ ဂီတစွမ်းအား ပြည်ထွန်းကားစေရန်သာ ရည်ရွယ် ကာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောစေရေးကို များစွာအထောက်အကူပြုသည်။ လူသားတို့၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်ကာ နှလုံးသားက အမုန်းမပွားစေဘဲ အပြုံးအားကို ကြွယ်ဝစေသည်။ ဒေါသကို ပြေပျောက်စေသည်၊ မာန်မာနကို လျော့ကျ စေသည်၊ အာဏာကို ခဝါချရန်လည်း ဖြစ်နိုင်သည်။
သာဓကအဖြစ် ပမာပြရမည်ဆိုပါလျှင် တေးပြု စာဆို ဆရာကြီး(ဦး)မြသန်းစံ ရေးစပ်ပြီး တေးသံရှင် (ဦး)ခင်မောင်ထူး၊ (ဒေါ်)ဟေမာနေဝင်းတို့ သီဆိုထား သည့် “ချစ်ခြင်းတရားနှင့် ပြည်ထောင်စု” အမည်ရှိ တေးသီးချင်းမှာ ဂန္ထဝင်စံတင်ဖွယ် ပြောင်မြောက်လှ သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသော အမျိုးသားရေးဆိုင်ရာ တိုင်းကျိုးပြည်ပြု တေးကောင်းတစ်ပုဒ်ဖြစ်သည်ကို ငြိမ်းချမ်းရေး ချစ်မြတ်နိုးကြသူတိုင်း သိရှိနားလည် နှစ်ခြိုက်စွာ ခံစားကြရပါသည်။ အလားတူ စာရေးဆရာ ဒါရိုက်တာ ဂီတစာဆိုတေးသံရှင် ထပ်ဆင့် အကယ်ဒမီ(ဦး) မြတ်လေး၏ “ပန်းတိုင်းပွင့် ပါစေ” အမည်ရှိ စုပေါင်းတေးသံသည်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာစေပြီး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးသော ဂန္ထဝင်တေးသီချင်းတစ်ပုဒ်အဖြစ် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။
ထို့ပြင် စာရေးသူတို့ ငယ်စဉ်ဖဆပလခေတ်က တောတွင်းလက်နက်ကိုင်များ အမှားကို စွန့်လွှတ်၍ အမှန်ကိုမြင်ကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် လှုံ့ဆော်ခဲ့သည့် တေးသံရှင်(ဒေါ်)မေလှမြိုင်၏ “မောင်လေး မောင်လေးရှောင်မပြေးနဲ့” အစချီတေးသီချင်းသည်လည်း အလွန်ထိရောက် အကျိုးပြုခဲ့သည်ဟု ကြားသိခဲ့ဖူးပါသည်။ ဂီတစာဆို (ဦး) မောင်မောင်သီ၏ ပင်ချင်းယှက်၍ နွယ်ချင်း ဆက်သော်အမည်ရှိ တေးသီချင်းမှာလည်း ပြည်ထောင်စုညီညွတ်ရေး ဂုဏ်ပြုတေးတစ်ပုဒ် အဖြစ် ဂန္ထဝင်မြောက်လှသည်ဟု ခံစားရပါသည်။
အနုပညာရှင်များနှင့် သမိုင်းပေးတာဝန်
ကိုလိုနီသူ့ကျွန်ခေတ်လွတ်လပ်ရေး ကြိုးပမ်းမှု ကာလဝယ် အနုပညာရှင်တို့သည် သမိုင်းပေး တာဝန်ကျေပွန်စွာ တိုင်းကျိုးပြည်ပြု ပြည်သူ့ အကျိုးပြု အနုပညာကို ဖန်တီးခဲ့ကြသည်။ ဆရာ ရွှေတိုင်ညွန့်၏ မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးမှုအပေါ် ခံစားရပုံကို ဖော်ကျူးရေးစပ်ထားခဲ့သည့် “ပါတော်မူ” သီချင်း၊ ပြည်ထောင်စုကို အသက်ပေးကာကွယ်ရန် လှုံ့ဆော်ပေးထားခဲ့သည့် “ကမ္ဘာမကြေအစချီ နိုင်ငံတော်သီချင်း”၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော အကျိုးတရားကို ဖော်ဆောင် သရုပ်ဖော်ရေးစပ်ပေးခဲ့သည့် ဆရာ ရွှေတိုင်ညွန့်၏ “တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” အမည်ရှိ တပ်မတော်ဂုဏ်ပြုတေး သီချင်းတို့သည် မြန်မာ့အနုပညာသမိုင်းတွင် ဂန္ထဝင် စံတင် မော်ကွန်းဝင်ခဲ့ကြသည်မှာ သမိုင်းသက်သေ တည်ခဲ့ပြီးဖြစ်ပါသည်။
အမိမြန်မာပြည်၏ အတိတ်သမိုင်းကို စိတ်ပိုင်း ၍ အကျဉ်းဥဒ္ဒေသအဖြစ် ပြန်လည်ကြည့်လိုက်မည် ဆိုပါလျှင် လွတ်လပ်ရေးရခါစ ၁၉၄၈-၄၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီကွန်မြူနစ် ပါတီ၊ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)၊ ကေအင်န်ဒီအို လက်နက်ကိုင်သောင်းကျန်းသူများသည် တစ်နိုင်ငံ လုံးကို ခွဲတမ်းချသိမ်းပိုက်ခဲ့ကြရာ ရန်ကုန်မြို့ ကွက်ကွက်သာ ကျန်ရှိခဲ့တော့သည်။ ကေအင်န်ဒီအို က ထိုစဉ်က မေမြို့(ယခု ပြင်ဦးလွင်)၊ ရန်ကုန်-မန္တလေး လမ်းတစ်လျှောက်ရှိ မြို့များနှင့် ရန်ကုန်မြို့ ရှိ အင်းစိန်အထိ သိမ်းပိုက်ထားခဲ့သည်။
ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တပ်မတော်ကရှိသမျှ စစ်သည်အင်အား၊ လက်နက်အင်အားဖြင့် ရင်မြေ ကတုတ် လုပ်၍ ထိုးစစ်ဆင် ဆင်နွှဲခဲ့ရာ လပိုင်းအတွင်း မှာပင် မြို့ရွာအားလုံးကို ပြန်လည်သိမ်းပိုက်ကာ ဖဆပလအစိုးရကို အာဏာသက်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ပြည်ထောင်စုကြီး ရေစုန် မျှောပြီး မတွေးဝံ့အောင် ရှိပေတော့သည်။
ထိုအင်းစိန်တိုက်ပွဲကြီးတွင် သောင်းကျန်းသူများ ကို တိုက်ပွဲဝင်နေခဲ့ကြသည့် မြန်မာ့တပ်မတော်သား များကို ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင်ရှေ့တန်း စခန်းသို့ သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်း ကာ အားပေးခဲ့ကြရာ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ ကြပါသည်။ တော်လှန်ရေးကောင်စီ (တပ်မတော် အစိုးရ) လက်ထက်တွင်လည်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင် အသီးသီး အသက အသကတို့သည် ရှေ့တန်းရောက် တပ်မတော်သား များထံ သွားရောက်၍ စိတ်ဓာတ်ခွန်အား မြင့်မားစေ ရန်နှင့် အပန်းပြေစေရန် ရည်သန်၍ အမျိုးသားရေး အနုပညာတာဝန် ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူ လေးစားစွာ တွေ့မြင်ခဲ့ကြရပါသည်။
တကယ်တော့ အမျိုးသားနိုင်ငံရေး ခရီး တစ်လျှောက်တွင် စာပေပညာရှင်၊ ရုပ်ရှင်ပညာရှင်၊ သဘင်ပညာရှင်၊ ဂီတပညာရှင် စသည့် အနုပညာရှင် တို့သည် မှန်ကန်သော အမျိုးသားရေးအသိ စိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မှန်ကန်သော ရပ်တည်ချက်တို့ဖြင့် တိုင်းကျိုးပြည်ကျိုး ပြည်သူ့ အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်သာ ဖြစ်ပါ သည်။ တိုင်းဖျက် ပြည်ဖျက် မသမာသော နိုင်ငံရေး သမားအချို့တို့ကြောင့် တံလျှပ်ကို ရေထင် ရွှေသမင် အလိုက် မှားခဲ့ကြရသည့် အဖြစ်ဆိုးမျိုးသို့ ရောက်ရှိ ခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင် မှား၊ ဆရာမှား အပေါင်းအသင်းမှားများကို “အသေ ဝနာစ ဗာလာနံ” ဟူသော မင်္ဂလာတရားတော်နှင့် အညီ လုံးဝရှောင်ကြဉ်နိုင်သည်သာ အကောင်းဆုံး ဖြစ်ပါသည်။
သရုပ်မှန်ရသ အနုပညာကပေးသော ဘဝအသိပညာ
ပုထုစဉ်တို့၏ ရသအနုပညာခံစားမှု နယ်ပယ် တွင် ချစ်စရာဆိုလျှင် ချစ်တတ်ကြသည်။ မုန်းစရာဆို လျှင်လည်း မုန်းစိတ်ဝင်ကြမည်။ ပျော်စရာဆိုလျှင် ပျော်ရွှင်စိတ်ဝင်ကြမည်။ ကြောက်ရွံ့စရာဆိုလျှင် ကြောက်စိတ်ဝင်ကြမည်။ မတရားမှု တစ်ဖက်သတ် စော်ကားလာလျှင် မခံချင်စိတ်၊ ရဲစွမ်းသတ္တိစိတ်ဝင် ကြမည်။ သရုပ်မှန်ရသအနုပညာသည် ဆောင်သင့် သည်ကို ဆောင်ရန်နှင့် ရှောင်သင့်သည်ကို ရှောင်ကြဉ်ရန် ခံစားသူပရိသတ် ပြည်သူတို့အား ဘဝအသိပညာပေးပါသည်။ ဘဝသင်ခန်းစာများ ပေးပါသည်။
ထင်ရှားလှသော သာဓကကို ပမာပြရလျှင် မဟာဂီတဆရာကြီး ဦးပြုံးချို၏ “တေးဘုမ္မာ” အမည် ရှိ ဓမ္မပူဇာဂန္ထဝင်သီချင်းကို နားသောတဆင်လိုက်ရ သည်နှင့် သံသရာကို လည်စေသော ပဋိစ္စသမုပ္ပာဒ် ဟူသည့် ဘဝသံသရာ စက်ဝန်းကြီးမှ လွတ်မြောက် လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာကာ ဓမ္မရသဟူသော တရားဓမ္မအရသာကို လက်တွေ့ဒိဌဓမ္မ ခံစားကြရ ပြီး သံဝေဂဉာဏ်ရကာ ဝိပဿနာဘာဝနာတရား အားထုတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာ ရပါသည်။
ထို့ကြောင့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ လယ်တီဆရာတော်ဘုရားကြီး ဦးဉာဏဓဂသည် “တေးဘုမ္မာ” ဓမ္မပူဇာတေးကို ဖန်းတီးခဲ့သည့် မဟာ ဂီတဆရာကြီး ဦးပြုံးချိုအား ထိုစဉ်က ပညာ့အလင်းပြ သတင်းစာတိုက်တွင် အယ်ဒီတာ ခန့်အပ်ချီးမြှင့်ပေး ရန် မိန့်ကြားကူညီစောင့်ရှောက်တော်မူခဲ့ပါသည်။
ထိုတေးဘုမ္မာ ဓမ္မပူဇာတေးကို အခြေခံ၍ စာရေးဆရာ ဒါရိုက်တာ ဆရာဦးသုခက “ဘဝ သံသရာ” အမည်ရှိ ဓမ္မပူဇာတေးကို ကိုယ်တိုင်းရေးစပ် သီဆိုထုတ်လွှင့်ခဲ့သောအခါ နားဆင်ကြရသူတိုင်း သံဝေဂ ဓမ္မရသကို ခံစားကြရပါသည်။ အလားတူ ဆရာကြီး ဦးသုခကပင် သံဃဂုဏ်တော်ကိုးပါးကို ပူဇော်သောအားဖြင့် မြတ်ဗုဒ္ဓ၏ ဝိနည်းဒေသနာ တော်နှင့်အညီ ရဟန်းတို့အနေဖြင့် ဆွမ်းတစ်နပ်ရ အောင် ဆွမ်းခံစားရသော ဘဝကို ပေါ်လွင်အောင် ဖော်ဆောင်ရိုက်ကူးခဲ့သည့် “ရဟန်းစားရသော ဆွမ်းတစ်နပ်”၊ “ရဟန်းမစားရသော ဆွမ်းတစ်နပ်” တစ်ချိန်က ချစ်သူ ယခုသူတစ်ပါး၏ ကာမပိုင်ဇနီးနှင့် ဖောက်ပြန်ခွင့်ရရှိခဲ့သော သူခိုးက ကာမေသုမိစ္ဆာ စာရကံကို စောင့်ထိန်း၍ အကြိုးခံစားခဲ့ရပုံကို ဖော်ကျူးရိုက်ကူးထားသည့် “တစ်ပါးသီလ” အမည် ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတို့မှာ လူသားတို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအပြင် မြတ်ဗုဒ္ဓ သာသနာတော်ကို တစ်ဖက်တစ်လမ်းမှ အနုပညာ ဖြင့် သာသနာပြုခဲ့ပုံမှာ မြန်မာ့အနုပညာသမိုင်းတွင် ဂန္ထဝင်စံတင်ရမည် ထင်ပါသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍ
ဒုတိယကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ နယ်ချဲ့တော်လှန်ရေးကာလ တစ်လျှောက်လုံးတွင်လည်း ပြည်သူ့အနုပညာရှင်တို့ သည် မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်တို့ဖြင့် ပြည်သူတို့အား စည်းရုံးလှုံ့ဆော်ပေးခဲ့ကြသည်။ ရုပ်ရှင်ဇာတ်ကား အမည်များကစ၍ လူထုရန်သူ၊ ဗမာ့သွေး၊ သွေးမြေကျ၊ ရန်သူနံပါတ်တစ် ပြဇာတ်များအဖြစ် စာရေးဆရာ ဦးသိန်းဖေမြင့်၏ “စိမ်းရောင်စို၊ ရွှေမိုးငွေမိုး၊ စိုက်ပျိုးရေးအောင်သံ” ပြဇာတ်များ၊ ဒါရိုက်တာ ဦးဉာဏ၏ “လာဘ်ပေး လာဘ်ယူ၊ ဗမာသစ်၊ လူထုအာဏာ၊ ပင်လုံအောင်သံ” ပြဇာတ်များ၊ သခင်နု၏ “လူထုအောင်သံနှင့် ဝေသာလီပြဇာတ်၊ ဒဂုန်ဆရာတင်၏ တို့အိမ်ကြီး၊ လူကုံတန်၊ သားလိမ်မာ၊ သမီးလိမ်မာ၊ ငွေမိုးရွာ၊ သစ္စာ မေတ္တာ၊ မိမွေဘမွေ၊ ငယ်ကျွမ်းဆွေ၊ အောင်ချင်း မင်္ဂလာ”ပြဇာတ်များ၊ ဆရာဘိုကလေးတင့်အောင်၏ မြို့မကျောင်းပြဇာတ်၊ တို့အောင်ပွဲ၊ တောင်သူ လယ်သမား အရေးတော်ပုံ၊ အိုမိခင်ကျေးဇူးရှင်၊ မွေးမေမေ မြေပဒေသာပြဇာတ်များမှာ ပြည်သူ ပရိသတ်တို့ပေါ် စည်းရုံးစုစည်းနိုင်ခဲ့ကြသဖြင့် အနုပညာ တာဝန်ကျေပွန်ခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဂျပန် ခေတ်တွင် ဒါရိုက်တာဆရာခန့်၏ “ဤစစ်ကြီးမှာ” အမည်ရှိ ပြဇာတ်ကြီးမှာ မျိုးချစ်စိတ်ထက်သန်ရေး နှင့် ဖက်စစ်ဆန့်ကျင်ရေးအတွက် စည်းရုံး လှုံ့ဆော် တင်ဆက်ကပြခဲ့ရာ ဂန္ထဝင်စံတင် စင်တင် ပြဇာတ်ကြီးအဖြစ် အောင်မြင်ကျော်ကြားကာ လူထု စည်းရုံးညီညွတ်မှုများစွာ ရရှိခဲ့သည်။ ထိုပြဇာတ်တွင် သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြသည့် (ဦး)ကျော်ဝင်း၊ (ဒေါ်)ခင်ခင်တင့်၊ (ဦး)ဖိုးပါကြီး၊ (ဦး)သုခ နှင့် ဇာတ်ပို့ဇာတ်ရန်များကို ဆရာရွှေပြည်အေး ဦးဆောင်သော တေးဂီတ တူရိယာအဖွဲ့က အနုပညာ ရသမြောက်စွာ တီးခတ်ပံ့ပိုး တင်ဆက်မှု ကြောင့် ဂန္ထဝင် စံတင်ပြဇာတ်အဖြစ် မှတ်တမ်းတင်ခံ ခဲ့ရသည်။
၁၉၄၂-၄၃ ခုနှစ်များတွင် ဖက်ဆစ်ဆန့်ကျင် ရေးအတွက် ဒါရိုက်တာ စာရေးဆရာ (ဦး)သုခက ဝိဇယပြဇာတ်ကို တင်ဆက်ခဲ့ရာ သရုပ်ဆောင် အနုပညာ ပြောင်မြောက်လွန်းခဲ့လှသဖြင့် ပရိသတ် က အသည်းစွဲဖြစ်ခဲ့ကြသည်။ ဖက်ဆစ်တို့၏ အကြမ်းဖက်ရက်စက်မှုများကို သရုပ်ဆောင် တင်ဆက်ခဲ့ရာ ထိုစဉ်က ဂျပန်ကင်ပေတိုင်တို့က ဒါရိုက်တာ ဆရာဦးသုခအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ အသံလွှင့်ကျွမ်းကျင် ဂျပန် လူမျိုး “ ဝါတာနာဘေး” ဆိုသူက “ဒါရိုက်တာ စာရေးဆရာ ဦးသုခမှာ အနုပညာသမား သက်သက် သာဖြစ်ပြီး နိုင်ငံရေးသမား လုံးဝမဟုတ်ကြောင်း” သွားရောက်ဖြေရှင်း အာမခံလိုက်တော့မှသာ ပြေလည်သွားခဲ့ရသည်ဟု မှတ်သားရပါသည်။ ဂျပန် ခေတ် ဖက်ဆစ်တော်လှန်ရေး သရုပ်ဖော်ပြဇာတ် များမှ ရရှိခဲ့သော ငွေကို ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပြီး အနုပညာ ဖြင့် တိုင်းကျိုးပြည်ပြုရင်း သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သည်ကို ဂုဏ်ယူဖွယ် မော်ကွန်းထိုးရ ပါသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် လွတ်လပ် ရေးကြိုးပမ်းမှု ကာလမှာပင် သဘင်အနုပညာရှင် တို့သည်လည်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ တွင် ရှေ့တန်းက ပါဝင်ဦးဆောင် ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့ရပါသည်။ ဇာတ်သဘင် ပညာရှင် မင်္ဂလာ ဦးအောင်မောင်းသည် သုံးရောင် ခြယ် ဗမာ့အလံတော်နှင့် သုံးရောင်ခြယ် သီချင်းကို ဇာတ်ခုံ ပေါ်သို့ ပထမဆုံးတင်လာခဲ့သူဖြစ်သည်။ ၁၉၃၇ ခုနှစ် ဖျာပုံမင်းတိုင်ပင် ရွေးကောက်ပွဲ ကျင်းပ ခဲ့ချိန်တွင် ဘိုကလေးမြို့ မြစိမ်းရောင်ဘုရားကြီး ကွင်းထဲ၌ ပွဲကနေစဉ် သုံးရောင်ခြယ် အလံတော်ကို ကိုင်ဆောင်ကာ မျိုးချစ်ဂီတစာဆို ဆရာရွှေတိုင်ညွန့် ၏ သုံးရောင်ခြယ်သီချင်းဖြင့် တို့ဗမာအစည်းအရုံး အတွက် လှုံ့ဆော်ပေးခဲ့ရာ ပွဲကြည့်ပရိသတ်၏ အားပေးမှုအရ ပွဲငါးချီတိုင်အောင် ဆက်လက်ကပြ ခဲ့ရသည်။
၁၉၃၀ ပြည့်နှစ်တွင် ရေနံမြေသပိတ်ကြီး ချီတက်လာခဲ့စဉ်ကလည်း ထိုစဉ်က ပွဲကနေသော ဇာတ်သဘင်ပညာရှင် မင်္ဂလာဦးအောင်မောင်းသည် စည်တော်ကြီးဖြင့် ကြီးကျယ်ခမ်းနားစွာ ကြိုဆို၍ သပိတ်တပ်ကြီးကို ထောက်ပံ့ကူညီခဲ့သည်။ ကိုလိုနီ ခေတ်တွင် အင်္ဂလိပ်နယ်ချဲ့ ဂျော့ဘုရင်ကို ရွှေဘုန်း တော်ဘွဲ့သီချင်းဖြင့် နယ်ချဲ့အလိုတော်ရိများက ဂုဏ်ပြုနေချိန်တွင် ဇာတ်သဘင်အချို့က အင်္ဂလိပ် နယ်ချဲ့၏ ယူနီယံဂျက်အလံ ယိမ်းကပြနေချိန်တွင် ဇာတ်သဘင် ပညာရှင်ကြီး မင်္ဂလာဦးအောင်မောင်း သည် ဇာတ်ခုံပေါ်၌ သုံးရောင်ခြယ်အလံကို လွှင့်ထူ လျက် ဗန္ဓုလယိမ်း၊ ဓားယိမ်းများကို ကပြပြီး နယ်ချဲ့ဆန့်ကျင်ရေးကို လှုံ့ဆော်ကာ သမိုင်းပေး တာဝန်ကျေပွန်ခဲ့ပါသည်။
ပြည်သူ့သည်းခြေကြိုက် ပြည်သူ့အကျိုးပြု ဆိုကရေးတီး အနုသုခုမပညာ
ပဒေသရာဇ်ခေတ်မှာပင် အနုပညာရှင်တို့သည် ထီးသုံး၊ နန်းသုံး၊ ကြငှန်းသုံး အဖွဲ့အနွဲ့ အစီအကုံးတို့ မှ ခွဲထွက်ကာ တောင်သူလယ်သမားတို့ စိုက်ပျိုး ကုန်ထုတ်အလုပ်လုပ်ပြီး မြန်မာ့မြေပဒေသာအား အလှဝေဆာစေခဲ့ပုံတို့ကို ဗုံကြီးသံတေးသီချင်းများ ဖြင့် ပြည်သူတို့အား အလုပ်အကျွေးပြုခဲ့ပုံများ ကိုလည်း ဂုဏ်ယူအားရဖွယ် လေ့လာတွေ့ရှိရပါ သည်။ သာဓကအားဖြင့် စစ်ကိုင်းမင်း၊ သာယာဝတီ မင်း၊ ပုဂံမင်းများလက်ထက်တွင် သံတော်ဆင့်ရာထူး နှင့် မြို့ဝန်ရာထူးတာဝန် ထမ်းဆောင်ခဲ့သည့် ဆောမြို့စား “ဦးစီး” ဗုံကြီးသံ တေးသီချင်းများထဲမှ ကောက် နုတ်တင်ပြလိုပါသည် -
“တို့နန္ဒာ လယ်တော်တိုက်မအေ့ ညည်းစိုက်တဲ့ ကောက်သွယ်ငယ် မှန်းဘယ်မျှကြီး ဟောကြည့်စမ်း မှန် တစ်နှံကို ဆယ်ပြည်ထွက်တယ် ဖြိုးအက်လို့သီး”
“တို့နန္ဒာကန်တော်လည်မှာ နိုင်းဘွယ်ရှိဘူး အကျွန်စိုက်တဲ့ပျိုးကောက်ပင် ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့ ရှာမမြင်အနှံဖူး သုံးထွာက ကြူး” ဟူသော ကောက်စိုက်တေး ဗုံကြီးသံသည် ထိုခေတ်ထိုအခါ ထိုကာလကတည်းကပင် မြန်မာ့ လယ်မြေ၊ ယာမြေတစ်ကြောတွင် အထွက်တိုး အမျိုးမှန် အဖိုးတန်စပါးနှံများ ပြည်လုံးလျှံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပုံကို အနုပညာမြောက်စွာ ဖော်ကျူးတင်ဆက်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ဖြစ်ပါ သည်။
မျက်မှောက်ခေတ်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန်ဆန်စပါး ထုတ်လုပ် ရေးအတွက် အထွက်တိုးစပါးစိုက်ပျိုးရေးကို လှုံ့ဆော်ပေးထားသော အလင်္ကာကျော်စွာ မြန်မာ ဆိုင်းသုတေသနပညာရှင် ဆရာ(ဦး)စိန်ဗိုလ်တင့်၏ “ရွှေဝါထွန်း” အမည်ရှိ ရေဒီယိုတေးသီချင်းမှာ ဂန္ထဝင်မြောက်လှပါသည်။ အလားတူ ရာသီဥတု မျှတကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘဝအသိရှိစေရန် ရည်သန်ဖွဲ့ဆိုထား သော အလင်္ကာကျော်စွာ ဆရာ ဦးမောင်မောင်လတ် (နောင်)၏ “တိမ်တမာန်” သီချင်းမှာလည်း ဂန္ထဝင် စံတင်ရပါသည်။ ထို့အတူ မြန်မာ့ရေမြေတောတောင် အလှ၊ မြန်မာ့ယဉ်ကျေးမှုအလှ၊ ဩကာသအလှ၊ သတ္တလောကအလှတို့ကို ပေါ်လွင်အောင် အမိ မြန်မာပြည်သို့ လာရောက်ရန် ကမ်းလှမ်းဖိတ်ခေါ် ဖွဲ့ဆိုထားသော အကယ်ဒမီများရှင် ဂီတစာဆို တေးသံရှင် ဆရာစန္ဒရား (ဦး) လှထွဋ်၏ “မြန်မာ့ စိတ်ရင်းမြန်မာ့ရှုခင်း” တေးသီချင်းမှာ အကယ်ဒမီ များရှင် စာရေးဆရာ ဒါရိုက်တာ ဂီတစာဆို တေးသံရှင် ရုပ်ရှင်သရုပ်ဆောင်(ဦး)ဝင်းဦးက သီဆို ထားရာ အနုပညာမြောက်လွန်းလှပါသည်။ ထို့ပြင် နန်းတော်ရှေ့ ဆရာတင်၏ ကျေးရွာဝါဒနှင့် လက်ရေ တပြင် တည်းသီချင်း၊ ဆရာမြို့မငြိမ်း၏ လူချွန် လူကောင်း သီချင်းတို့မှာလည်း စုပေါင်းညီညာ အောင်ကြောင်းဖြာ၍ အမိမြန်မာပြည်ကြီး ဖွံ့ဖြိုး တိုးတက် သာယာဝပြောရေးအတွက် လှုံ့ဆော်ထား သော ဂန္ထဝင်အနုပညာလက်ရာမှန်များပင် ဖြစ်ကြ ပါသည်။
ပြဇာတ်နယ်ပယ်တွင်လည်း နိုင်ငံအကျိုးပြု ပြည်သူ့အကျိုးပြု ပြဇာတ်များကို ပြည်သူတို့က အရေးထားလေးစား နှစ်သက်ခုံမင်ကြသည်။ သာဓကအားဖြင့် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် အောင်မြင်ကျော်ကြားလူကြိုက်များ ခဲ့ကြသော ဒါရိုက်တာ ဗိုလ်မှူး တင်အောင်၏ မြေပဒေသာ ပြဇာတ်များ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် ဝဇီရာရုပ်ရှင်ရုံ၌ တင်ဆက်ခဲ့သော ပြဇာတ်များ၊ ရွှေမန်းသဘင်က သဘင်ပညာရှင်များ ဖြစ်ကြသည့် (ဦး)ဝင်းဗိုလ်၊ (ဦး)ဆန်းဝင်း၊ (ဦး)ဝင်းမောင်၊ (ဦး) ချမ်းသာတို့၏ ဂုဏ်နှင့်စစ်သည်၊ သပြေခက်၊ ငါ့ညီငါ့မြေငါ့အမေ၊ ဂီတရူး၊ မောင်မူး၊ ရွှေကြေးစည် စသည့်ပြဇာတ်များ၊ မြို့တော် သိန်းအောင်မိသားစု သဘင်မှ တင်ဆက်ခဲ့သည့် ဤမြေမှ ဤတောင်တန်း၊ မိုးကြိုသည့်ပန်း၊ မိုးသောက်ကြယ်ဖြူ၊ မိုးလားတိမ်လားမြူလား၊ သန်းခေါင်ကို နေ့မှတ်ပါလို့၊ သဘင်သည်မဝင်ရ၊ ကောက်ပင်တရေးနိုး၊ ရိုးပြတ်ကွင်းက တောက် ခေါက်သံ၊ ပုဂံမှာမွေး ပုဂံသွေး၊ ရွှေဖိနပ်ကြီးရှပ် တိုက်စီးမယ် ဟူသော ပြဇာတ်များသည် ဂန္ထဝင် စံတင်ရမည့် ပြဇာတ်များ ဖြစ်ခဲ့ကြသည်။
အချုပ်ဆိုပါလျှင် အဆို၊ အက၊ အရေး၊ အတီး အနုပညာသည် ပြည်သူ့အသည်းနှလုံးကို ယူကျုံး ရစ်ပတ် ဆွဲဆောင်နိုင်သည့် အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သည်နှင့် အညီ ပြည်သူချစ်သော အနုပညာရှင်တို့သည်လည်း တိုင်းပြည်နှင့် ကျေးဇူးရှင်မိဘပြည်သူတို့ကို ဦးထိပ်ထားကာ တိုင်းကျိုးပြည်ပြု အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေကြသူများသာ ဖြစ်ကြပါသည်။
မိမိတို့၏ အနုပညာဖြင့် ရိုးသားနိုးကြားကြိုးစား ကာ အသက်မွေးဝမ်းကျောင်းပြုကြရင်း ပြည်သူ တို့မှာ မိမိတို့၏ ထမင်းရှင်ကျေးဇူးရှင်များဖြစ်ကြသည့်အလျောက် ပြည်သူ့အကျိုးနှင့် တိုင်းပြည် အကျိုးကို သွေဖည်ကျောခိုင်းရာရောက်သည့် အမှားမျိုးကို လုံးဝရှောင်ကြဉ်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသာယာဝပြောရေးကို အထောက် အကူပြုရေးအတွက် တာဝန်သိသိ သစ္စာရှိရှိ အလုပ် အကျွေးပြုရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့် အတူ အမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်စွာ ထွန်းကားနေရေးတို့ကို ရှေးရှုတင်ဆက်သွားကြပါ စို့ဟု အလေးထားလေးစားစွာဖြင့် ရေးသားတင်ပြ ရင်း အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင် အားလုံး လူနေမှုဘဝ တစ်လျှောက်လုံး ကာသိက သုခ၊ စေတသီကသုခ နှစ်ဖြာနှစ်ဝ ပြည့်စုံပါစေ ကြောင်း ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။ ။
အကိုးအထောက် -
၁။ မဟာဂီတ ဦးပြုံးချို (ပညာ့အလင်းပြ ပုံနှိပ်တိုက် ၁၉၆၃ ခုနှစ်)
၂။ ဂီတမှာအသံ အလင်္ကာမှာကာရန် မြန်မာဆန်တဲ့ တေးရေးဟန် (မောင်မောင်စန်း ရန်ကုန်တက္ကသိုလ် ၁၆-၉-၁၉၇၈ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာ)
၃။ မြန်မာ့ဇာတ်သဘင် တခေတ် ပြောင်းလဲ ရေး (လမ်းစဉ်ပါတီဌာနချုပ် စာပေဗိမာန် ပုံနှိပ်တိုက် ၁၉၈၁ ခုနှစ်)
- Log in to post comments