
နေပြည်တော် ဒီဇင်ဘာ ၁၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “ Healthy and Happy Life in the New Normal Era ” ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ (ကရင်) ဆပ်ကော်မတီ ခေါင်းဆောင် ဒေါက်တာသီသီဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ) ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နည်းဗျူဟာများ ချမှတ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ သည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ကမ္ဘာပေါ်တွင် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍအပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိ သူများက ကြိုတင်မျှော်မှန်းတွက်ဆပြီး ကိုဗစ်-၁၉ ခေတ်ကာလနှင့် သင့်လျော် သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း။
ယခုအချိန်၌ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် အစပြုရန်လိုအပ်နေပြီး ထိုကဲ့သို့ မလုပ်ဆောင်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ယခင် ကတည်းက လူထုလှုပ်ရှားမှု အားကစားဆောင်ရွက်မှုများကို အထူးတက်ကြွစွာ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို တွေ့ရှိပြီး ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖြစ်ပွားလာပြီးနောက် အားကစား လှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှုများကို အရှိန်အဟုန် မပျက် မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားကြံဆ ဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိခြင်းသည် နိုင်ငံအတွက် အလွန်ကောင်းမွန်ပါကြောင်း။
အထူးပံ့ပိုးပေးမည်
အားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကို ဖြစ်စေခြင်း၊ လျင်မြန်ဖျတ်လတ်မှု ဖြစ်စေသည်သာမက စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ စိတ် ကျန်းမာမှုကိုဖြစ်စေခြင်း၊ မှန်ကန်စွာစဉ်းစားဆုံးဖြတ်နိုင်ခြင်း၊ သွေးတိုး၊ နှလုံး ရောဂါ စသည့်မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုကာကွယ်ပေးခြင်း၊ အသက် ကြီးလာပါကလည်း ကျန်းမာစွာနေထိုင်နိုင်ပြီး ဘဝနေထိုင်မှုအရည်အသွေးများ ကို မြင့်မားစေခြင်း၊ အမျိုးသမီးများတွင် အရိုးပွရောဂါဖြစ်ပွားမှုမှစ၍ အခြား နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာ ရှိသည့်အတွက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ လုပ်ဆောင်နေသည့် လုပ်ငန်းများအား မိမိတို့ဝန်ကြီးဌာနမှ အထူးပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။
ထို့ပြင် အားကစားလုပ်ခြင်းဖြင့်ဇီဝကမ္မဗေဒ မှန်ကန်ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်းရှိ မြောက်မြားစွာသော ဟော်မုန်းဓာတ်များနှင့် အင်ဇိုင်း အမျိုးမျိုးတို့ကို ညီညွတ်မျှတစွာ ထိန်းညှိပေးပြီး ကိုယ်ခံစွမ်းအားကို တိုးတက် ကောင်းမွန်စေကာ ကိုဗစ်-၁၉ အပါအဝင် အခြားရောဂါများကို ခုခံနိုင်စွမ်းလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ဒိုပါမင်း (dopamine) ကဲ့သို့သော ဟော်မုန်းများ များပြားလာသဖြင့် စိတ်ဖိစီးမှု ကိုလည်း လျှော့ချနိုင်ပါကြောင်း။
အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာလှပခြင်းသာမက စိတ်လက် ပေါ့ပါးလန်းဆန်းခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိပါကြောင်း၊ အားကစားကို စိတ်ပါဝင်စားလုပ်ဆောင်ခြင်း အားဖြင့် ဂိမ်းအလွန်အကျွံစွဲလမ်းခြင်းများ၊ အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးသုံးစွဲမှုများလည်း လျော့နည်းပပျောက်လာမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြု၍ ပညာရှင်များ ဆွေးနွေးပွဲပြုလုပ်ခြင်း သည် အလွန်ကောင်းမွန်အကျိုးရှိပါကြောင်းနှင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နောင်ပြုလုပ်မည့်ဆွေးနွေးပွဲများတွင် လူငယ်များ၊ အားကစား သမားများ၊ နည်းပြများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာ ဒေသအရပ်ရပ်ရှိ သာမန်ပြည်သူများကိုလည်း ဖိတ်ခေါ်ဆွေးနွေးရန် တိုက်တွန်းလို ပါကြောင်း၊ သို့မှသာ နယ်ပယ်စုံမှပြည်သူများ၏ အမြင်ရှုထောင့်များကို သိရှိနိုင် မည်ဖြစ်ပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး အတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်သွားရန်လို
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး “Exercise is Medicine” အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် Fitness dance များကို ကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်ကိုတွေ့ရပြီး ယခုကဲ့သို့သော ကိုဗစ်-၁၉ ခေတ်ကာလ၌ တစ်ဦး ချင်းကစား၍ရသော အားကစားနည်းများကိုအားပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများအကြားတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခြင်းကို မဖြစ် မနေ လုပ်ဆောင်ရမည်ဟူသောအမူအကျင့်၊ အလေ့အထတစ်ခုဖြစ်လာသည် အထိ ပြောင်းလဲဖြစ်ပေါ်လာစေရန် မိမိတို့အားလုံး အလေးထား၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အိမ်ထောင်စုတစ်စုချင်းအနေဖြင့် လည်း နေအိမ်၌ပင်ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ်ပြုလုပ်ရန် မိသားစုဝင်အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်း များကို ပြုလုပ်ပေးစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အားကစားပြုလုပ်ခြင်း၏ ရရှိနိုင်သောရေတိုနှင့် ရေရှည်အကျိုးကျေးဇူးအမျိုးမျိုးကို ရေးသားထားသောစာအုပ်ကို အပြီးသတ် တည်းဖြတ်လျက်ရှိပြီး မကြာမီထုတ်ဝေကာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ အားကစားလုပ်ခြင်းသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက် သာမကတစ်နိုင်ငံလုံး၏ ကျန်းမာရေးကောင်းမွန်တိုးတက်ရေးကို လုပ်ဆောင် နေခြင်းဖြစ်သဖြင့် မြန်မာအမျိုးသမီးအားကစား အဖွဲ့ချုပ်၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှိသည်များကို ဆက်လက်ပူးပေါင်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်
ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်မှ ယနေ့အထိ နှစ်ပေါင်း(၃၀)တိုင် ရပ်တည်လာနိုင်ခဲ့ပြီး ဥက္ကဋ္ဌများ၊ အမှုဆောင်များ ပြောင်းလဲသည့်တိုင် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသမီးများ၊ မိခင်များ၊ အမျိုး သမီး အားကစားသမားများ၏ အကျိုးဖြစ်ထွန်းစေသော ကိုယ်ခန္ဓာနှင့်စိတ်ဓာတ် များ ကျန်းမာသန်စွမ်းစေသော မြှင့်တင်ဆောင်ရွက် လှုပ်ရှားမှုများကို ယခင်က ထက် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလ တွင်လည်း ယခင်ကာလများမှ ဖြစ်ပွားခဲ့သောရောဂါဗေဒများ ဖြတ်ကျော်ခဲ့ပြီး သည့် အတွေ့အကြုံကောင်းများကို အသုံးချပြီး New Normal Life ကို ကျင့်သုံး နေထိုင်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ နေထိုင်ရာတွင် လူတိုင်းသည် ကျန်းမာကြံ့ခိုင် ပြီး စိတ်ဓာတ်အာဟာရ မျှတဖွံ့ဖြိုးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့သော အခြေအနေတွင် ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အဓိကလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရမည့်အချက်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (EIM) သည် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုး သမီးအားကစားအဖွဲ့ချုပ်ကသာ ဆောင်ရွက်နေသည်မဟုတ်ဘဲ UN ၊ WHO၊ IOC ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းကြီးများမှပါ ကျယ်ကျယ်ပြန့်ပြန့်တွင်ကျယ်စွာ ကမ္ဘာအနှံ့၌ ဆောင်ရွက်နေပါကြောင်း၊ မြန်မာ နိုင်ငံအတိုင်းအတာဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲကို ကျင်းပခဲ့ သည်မှာ ယခုဆိုလျှင် အဆင့်(၄)သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထိုလှုပ်လှုပ် ရှားရှား လူထုအားကစားပြိုင်ပွဲသည်လည်း ပြိုင်ပွဲအသွင်မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြည်သူများ ပါဝင်လာမှုကို အဓိကထားဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအားကစားကို မဖြစ်မနေလုပ်ဆောင် ရမည့် အလေ့အကျင့် ဝါသနာအစွဲတစ်ခုကဲ့သို့ ဖြစ်လာစေရန် လိုအပ်ပါကြောင်း၊ ထိုမှသာ New Normal Life Era တွင် အပြုအမူ၊ နေထိုင်မှုပုံစံ၊ ခံယူချက်များ ပြောင်းလဲပြီး ကျန်းမာသန်စွမ်းကာ စိတ်ဓာတ်ခိုင်မာသောနေထိုင်မှုမျိုး နေထိုင် လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ COVID-19 ကာလမတိုင်မီ အဖွဲ့၏ဆောင်ရွက်နိုင်မှုများ၊ လတ်တလော ဆောင်ရွက် ချက်များနှင့် ရှေ့ဆောင်ရွက်လုပ်ဆောင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဌာန ဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစားဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများကို ဆွေးနွေးသည်။
ကဏ္ဍအလိုက် ဆွေးနွေး
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ) ဒေါက်တာ ရဲတင့်လွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ (ကရင်) ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာသီသီဝင်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က သုံးသပ်ပြောကြားရာတွင် ယခုကာလတွင် အားကစားလှုပ်ရှားမှု အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာ၌ ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီး ဌာနများနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ အွန်လိုင်းပြိုင်ပွဲများ ပြုလုပ်ရာတွင် အသက်အရွယ်ပေါင်းစုံ ပါဝင်နိုင်ရန် သက်ဆိုင်ရာအသက်အရွယ် အလိုက် ပြိုင်ပွဲများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာသန်စွမ်းသော ကလေးသူငယ်များဖြစ်ပေါ်လာစေရေးအတွက် အားကစား လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မသန်စွမ်းကလေးသူငယ်များအတွက်ပါ ထည့်သွင်းစဉ်းစား ကျင်းပပေးရန် လိုအပ်ကြောင်း ပြောကြားပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်