နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ (ယာပုံ)

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပ သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေပြင်အခြေအနေများကို ညှိနှိုင်းသုံးသပ်ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ တွင်ရှိသည့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများနှင့်လည်း ဗီဒီယို ကွန်ဖရင့်ဖြင့် တစ်ပြိုင်တည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

ထူးခြားသည့် ဝိသေသလက္ခဏာများရှိ

နယ်စပ်ဒေသများသည် ထူးခြားသည့်ဝိသေသ လက္ခဏာများရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရာသီဥတုဆိုးရွားမှုနှင့် တချို့နေရာများမှာ လုံခြုံရေးအခြေ အနေ ထူးခြားသည့်ဒေသများဖြစ်သဖြင့် လုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့်အညီ အချိန်မီ ပြီးစီးရေး အတွက် တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင် မျှော်တွေးပြီး ဆောင်ရွက်ကြရခြင်းဖြစ်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကို လွှတ်တော်ကအတည်ပြုပြီး ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ရလျှင်ရချင်း၊ နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ထားသည့် (၁/၂၀၁၇) ပါ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောက်တိုဘာလ ဒုတိယပတ်တွင် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီများ နှင့် အောက်တိုဘာလ တတိယပတ်တွင် စာချုပ်ချုပ်ဆို လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါမှာ နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး တင်ဒါစည်းမျဉ်း စည်းကမ်း နှင့်အညီ အောင်မြင်ထားပြီးဖြစ်သည့် ကုမ္ပဏီများက စတင်ဆောင်ရွက်နေပြီဖြစ်ပြီး အချို့သော လုပ်ငန်း များမှာ ၂၅ ရာခိုင်နှုန်း / ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း။

 

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များ၊ လွှတ်တော်ကတိကဝတ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်များ၊ ဒေသခံလူထု ၏ တောင်းဆိုမှုများ၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို စီမံကိန်းတွင် လျာထားခဲ့ပြီး ဘဏ္ဍာငွေ ခွင့်ပြုဝင်ဆံ့မှုအရ ဦးစားပေးအလိုက် အဆင့်ဆင့် ကြပ်မတ်စစ်ဆေးရွေးချယ် ခွင့်ပြုခဲ့သည့်လုပ်ငန်းများ ဖြစ်ကြောင်း။

တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေ

ယင်းသို့ စီမံကိန်းလျာထားသည့်အခါတွင် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ နှစ် ၃၀ စီမံကိန်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို စီမံကိန်းများအပြင် Myanmar Sustainable Development Plan (MSDP) ၏ မဏ္ဍိုင်ကြီး (၃)ခု၊ ရည်မှန်းချက် (၅)ခုတို့၏ အစိတ် အပိုင်းများအဖြစ် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်အခါတွင် COVID-19 ကို ကြာရှည်ရင်ဆိုင်ခဲ့ရသည့်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan - CERP)၏ ပန်းတိုင် (၇) ခု၊ မဟာဗျူဟာ ၁၀ ခုတို့နှင့်လည်း ချိတ်ဆက်မိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပြည်မနှင့် ပြည်နယ် အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေပြီး ပြည်မနှင့် ပြည်နယ်များ အကြားအလပ်မရှိ ဟန်ချက်ညီညီ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသများတွင် ရှိသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဖွံ့ဖြိုးမှုရေရှည်တည်တံ့စေရေးအတွက် ဦးတည် ချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများကို နှစ်စဉ်ရေးဆွဲ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေ အကန့်အသတ်ရှိသည့်အတွက် ခွဲဝေရရှိသည့် ရန်ပုံငွေ နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများကို ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိအောင် ထိန်းသိမ်း ကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း။

 

လုပ်ငန်း ၅၄၈ ခု

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စုစုပေါင်းလုပ်ငန်း ၅၄၈ ခုကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၆၅ ဒသမ ၂၅၈ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသည့်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်မှုအပိုင်းနှင့် ကြီးကြပ်မှု အပိုင်းတွင် အခက်အခဲများလည်းရှိနိုင်ပြီး တချို့လုပ်ငန်း ခွင်များမှာ နှောင့်နှေးကြန့်ကြာနေမှုများ ရှိကောင်းရှိနိုင် သဖြင့် အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေ လိုကြောင်း။

နိဂုံးချုပ်အားဖြင့် နယ်စပ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက် လာပြီး မိမိတို့ပြည်သူအများ မျှော်မှန်းထားသည့် စစ်မှန် သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ရှိစေရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားသည်။

ရှင်းလင်းတင်ပြ

 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာလုပ်ငန်းဌာန၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးတည်ဆောက်ရေးလုပ်ငန်း များအား ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ များကို ဒေသအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်‌ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်