
နေပြည်တော် ဒီဇင်ဘာ ၁၆
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှ ကျော်နှင့် ဝန်ကြီးဌာန(၁၁)ခုမှ ကော်မတီဝင်များနှင့် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ကော်မတီ၏ အဓိကတာဝန်များအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို၊ နှစ်ရှည် စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည် ဖော်မှုများအား ကြီးကြပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ကြီးကြပ်မှုကော်မတီများနှင့် ပေါင်းစပ် ညှိနှိုင်းခြင်း၊ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ လိုအပ်သည့် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်စုံပါဝင်လျက် စုပေါင်းအားဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် အားလုံးပါဝင်ပြီး နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာ စေရန် ရည်မှန်း၍ အမယ်စုံ လယ်ယာ၊ သားငါးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငွေကြေးအရင်းအနှီးနှင့် သွင်းအားစု များ တိုးပွားရရှိစေရေး၊ နည်းပညာ ပြန့်ပွားရေးနှင့် ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ၊ ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ၊ ကျေးလက်ပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးကိစ္စရပ်များကို အထူးအလေး ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး နှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်း များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သော်လည်း ကော်မတီဝင်များအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေးအပိုင်းများတွင် အကြံဉာဏ်များ ပေးခြင်း၊ ရန်ပုံငွေလျာထားမှုနှင့် အကောင်အထည်ဖော်မှု အပိုင်းများတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်း လုပ်ငန်း နှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန် ဖြစ်ပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များမှာ ရပ်ရွာအခြေပြု၊ ပြည်သူဗဟိုပြု ဆောင်ရွက်ရသည့် အပြင် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက် ပေးရခြင်းဖြစ်သည့်အတွက် အလွန်ကျယ်ပြန့် နက်ရှိုင်း ပါကြောင်း၊ သို့ပါ၍ ကော်မတီဝင် သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ၏ အကြံဉာဏ်များနှင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများထိရောက် အောင်မြင်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း များတွင် ပါဝင်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးနှင့် ပြည်တွင်း ပြည်ပ အထောက်အပံ့ အကူအညီရရှိရေးကိစ္စရပ်များ၊ မြေယာ စီမံခန့်ခွဲမှုကိစ္စရပ်များ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်း များနှင့် စျေးကွက်ချိတ်ဆက်ရေး ကဏ္ဍများ၌ ကော်မတီဝင် သက်ဆိုင်ရာဌာနများနှင့် နှီးနွှယ်ချိတ်ဆက်ရသည့် အပိုင်း များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း များသည် ကဏ္ဍပေါင်းစုံ ချိတ်ဆက်ဆောင်ရွက်ရသည့် အတွက် အားလုံးပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်း များ၊ ကော်မတီဝင် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ရုံးများသို့လည်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်း စေရန် ထပ်ဆင့်လမ်းညွှန်မှာကြားပေးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ရန်ပုံငွေများ ပိုမိုခွဲဝေရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ရမည့် ကိစ္စရပ်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၏ ရည်ရွယ် ချက်များဖြစ်သည့် “ကျေးလက်ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်လူမှုစီးပွား ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်စေရေး နှင့် ဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန်ကာကွယ်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာ စေရေး၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အားပေး မြှင့်တင်ရေး၊ ကျေးလက်ပြည်သူများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု ကာကွယ်ရေး” တို့ကို ထိရောက်အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း မှုများ ပိုမိုခိုင်မာအားကောင်းလာစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဥပဒေ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က (၁.၆.၂၀၂၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/ ၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှီးနွှယ်ဆက်စပ်သည့် ဝန်ကြီးဌာန(၁၁)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်၍ စုစုပေါင်း ကော်မတီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
သတင်းစဉ်