
နေပြည်တော် ဒီဇင်ဘာ ၁၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခု၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကုသရေးဌာနများ စတင် တည်ဆောက်သည်မှ ယခုလူနာများ လက်ခံကုသပေးနေသည်အထိ စီမံခန့်ခွဲ အုပ်ချုပ်မှု လုပ်ငန်းများအား ပီပြင်စွာဆောင်ရွက်ပေးနေသော တာဝန်ခံဆရာဝန် ကြီးများနှင့် တာဝန်ရှိသူများ၊ ကုသရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက် ပေးနေသည့် ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း။
ထိုသို့ ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးရန်အတွက် ဆေးရုံများတွင် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ တည်ထောင်ခြင်း လုပ်ငန်းများအား ပံ့ပိုးပေးသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၂-၁၂-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် (၁၉၇၁) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၄၁) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန်နိုင်ငံ (၁၄၀) ၏ လူဦးရေ တစ်သန်းလျှင် ကိုဗစ်-၁၉ ဖြစ်ပွားမှုမှာ (၂,၀၇၆ ဦး မှ ၉၀,၄၅၀ ဦး) ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၁၀၇,၂၁၅) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၆၈) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၆၇) နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ပေါင်းမှာ (၁၀၉,၁၀၄ ဦး မှ ၁၅,၄၀၄,၈၈၉ ဦး) ရှိပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ (၄၁) ဦး ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၂၉) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၁၂၈) နိုင်ငံ၏ လူဦးရေ တစ်သန်းလျှင် ကိုဗစ်-၁၉ လူနာ သေဆုံးမှုမှာ (၄၂ မှ ၁,၆၆၇) ဦးဖြစ်ပါကြောင်း၊ လူဦးရေ အချိုးအစားနှင့် မတွက် ချက်ဘဲ ကိန်းဂဏန်းအနည်း အများနှင့် ဆန်းစစ်ပါက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ (၂,၂၄၅) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၅၇) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၅၆) နိုင်ငံ၏ ကိုဗစ်-၁၉ လူနာ သေဆုံးမှုများမှာ (၂,၃၅၉ မှ ၂၉၀,၁၃၃) ဦး ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ လူနာများအနက် သေဆုံးမှုရာခိုင်နှုန်း (CFR) ရာခိုင်နှုန်းမှာ (၂ ဒသမ ၁) ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၇၂) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၇၁) နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ လူနာ များအနက် သေဆုံးမှုရာခိုင်နှုန်းမှာ (၂ ဒသမ ၂ မှ ၂၉ ဒသမ ၁) ထိ ရှိပါကြောင်း။
စည်းကမ်းများကို အလေးထားလိုက်နာပေးကြရန်
မိမိအနေဖြင့် ယနေ့အစည်းအဝေးမှတစ်ဆင့် ပြည်သူများထံ ပြောကြား လိုသည်မှာ “မိမိတို့နိုင်ငံ လူဦးရေနှင့်နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်ရှိသည့် နည်းပါးသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြုပညာရှင်များသည် ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရသည့် အချက်၊ ကိုဗစ်-၁၉ ကူးစက် မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့် အချက်နှင့် ထိုသို့ ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းများကို အလေးထားလိုက်နာပေးကြရန် ဆိုသည့် အချက်” တို့ ဖြစ်ပါကြောင်း။
ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထု အတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခု၏ လိုအပ်ချက်များကို ဝန်ကြီးဌာန၏ ဝယ်ယူ ဖြန့်ဖြူးရေးဌာနခွဲမှ ချက်ချင်းဖြည့်တင်းပေးလျက်ရှိပါကြောင်း၊ ထပ်မံလိုအပ် ချက်များရှိပါက ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲသို့ ချက်ချင်းဆက်သွယ်၍ တောင်းခံ နိုင်ပါကြောင်း၊ အမြန်ဆုံး ဆောင်ရွက်ပေးရန်ကိုလည်း မိမိတို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်မှုများဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီမှ ပြည်သူများ လူမှုစီးပွားရေးကိစ္စရပ် များ ဆောင်ရွက်နိုင်ရန် ဖြေလျှော့မှုများကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဖြေလျှော့မှုများ ပြုလုပ်ပေးပြီးပါကလည်း ပြည်သူများ အနေဖြင့် လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ခြင်းအပါအဝင် COVID-19 ကာကွယ်ရေး စည်းကမ်း များကို ဆက်လက် လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ လိုက်နာမှုအားနည်းကာ ရောဂါ ဖြစ်ပွားမှုနှုန်းများလာပါက မိမိတို့အနေဖြင့် လိုအပ်မည့် စည်းကမ်းအချို့ကို ပြန်လည်၍ ထပ်မံချမှတ်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများသို့ လာရောက်ရသည့် လူနာအရေအတွက် နည်းပါးသွားစေရန်နှင့် ကူးစက်မှု ကွင်းဆက်ကို အမြန်ဆုံးဖြတ်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်နေသည့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျ မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် အောင်မြင်စေရေး အတွက် ပြည်သူများမှ မိမိနှင့် မိမိ၏ မိသားစုအရေးကဲ့သို့ သဘောထားကာ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း။
ဆေးဝါးပြတ်လပ်မှုမရှိစေရေး
ကိုဗစ်-၁၉ ကုသရေးဌာနတစ်ခုမှ ဆောင်ရွက်နေသည့် ကောင်းမွန်သည့် လုပ်ငန်းပုံစံများနှင့် စိန်ခေါ်မှုများကို ကျော်လွှားသည့် ပုံစံများကိုလည်း အချင်းချင်းမျှဝေ၍ ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်ပြီး လုပ်ငန်းပမာဏလည်း နည်းပါးသွားစေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို ပုံမှန်ဆန်းစစ်သုံးသပ် မှုများ ပြုလုပ်၍ ပိုမိုကောင်းမွန်ထိရောက်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခု၏ သတင်းအချက်အလက် စနစ်များကို ယခုထက် လွယ်ကူကောင်းမွန်စေရေးကိုလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလို ပါကြောင်း၊ လူနာများလိုက်နာရမည့် စည်းကမ်းများနှင့် ဆေးရုံမှဆင်းသည့်အခါ ဆက်လက်လိုက်နာဆောင်ရွက်ရမည့် အချက်များအား လူနာဆောင်အသီးသီး တွင် နံရံကပ်ပိုစတာများနှင့် QR Code များ ကပ်ထားရမည်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ၊ HIV/ AIDS နှင့် တီဘီရောဂါရှိသူများအတွက် ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ယနေ့တွေ့ဆုံဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ၎င်းတို့ကို ကျော်လွှားဖြေရှင်းပုံများ၊ လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြု တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
အကြံပြုချက်များ ဆွေးနွေးတင်ပြ
ထို့နောက် ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီး၊ ဒဂုံဆိပ်ကမ်း - ၁၊ ဒဂုံ ဆိပ်ကမ်း - ၂၊ လှိုင်၊ လှိုင် - မြတ်လေး၊ သုဝဏ္ဏ၊ ဒဂုံတောင် - ၁၊ ဒဂုံတောင် - ၂၊ ရန်ကင်းပညာရေးကောလိပ်၊ အဘိဓမ္မာရတနာဃရသံဃာ့ဆေးရုံ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ မရမ်းကုန်း၊ သာကေတနှင့် ဗုဒ္ဓသာသနာ ဆေးရုံတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများဖြစ်သည့် ဒေါက်တာ ကိုကိုနိုင်၊ ဒေါက်တာ အေးအောင်၊ ဒေါက်တာ မိုးမိုးအေး၊ ဒေါက်တာ သီဟ မောင်မောင်တင်၊ ဒေါက်တာ ကောင်းမြတ်စိုး၊ ဒေါက်တာ ခင်မောင်၊ ဒေါက်တာ ကျော်ကျော်သိန်း၊ ဒေါက်တာ ချမ်းမြအုန်း၊ ဒေါက်တာ ရီရီအောင်၊ ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေး၊ ဒေါက်တာ အောင်မြင့်ထွန်းနှင့် ဒေါက်တာ အောင်ထွန်းမင်းတို့က ကုသရေးဌာနအလိုက် လူနာထားရှိနိုင်မှု၊ High depen-dency unit နှင့် Intensive Care Unit တို့တွင် လူနာထားရှိကုသနေမှု၊ ကိုဗစ်-၁၉ လူနာများအား လွှဲပြောင်းကုသပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ လူနာများအား လွှဲပြောင်းပေးရာတွင် လူနာ၏ ရောဂါအခြေအနေအရ လွှဲပြောင်းရခြင်းထက် လူနာမိသားစုများဝင်များ တစ်နေရာတည်းတွင် တက်ရောက်ကုသမှုခံယူနိုင်ရန် တောင်းဆိုမှုများကြောင့် လွှဲပြောင်းပေးနေရခြင်း၊ သတင်းအချက်အလက် စီမံခန့်ခွဲဆောင်ရွက်နေမှုပုံစံများ၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုဗစ်-၁၉ ကုသရေး ဌာနများတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များ၊ ပုဂ္ဂလိကအထွေထွေရောဂါကု ဆရာဝန်များ၊ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများက လာရောက်ကူညီနေမှု၊ အလှူရှင်များလှူဒါန်းထားသည့် လူနာများအတွက် တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းများနည်းပါးလာမှု၊ စေတနာ့ဝန်ထမ်း အရေအတွက် နည်းပါးလာမှု၊ ကုသရေးဌာနများ၏ အဆောက်အဦ၊ ရေ၊ လျှပ်စစ်မီးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရန် အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင်များ လိုအပ်နေမှု၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် အောက်ဆီဂျင်ပေး ကုသနိုင်သော လူနာခန်းများ တိုးချဲ့ဆောက်လုပ်နေသည့် ကိစ္စရပ်များနှင့် အဆိုပါ လူနာဆောင်များအတွက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ၊ ကုသရေး ဌာနများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံခြားသား ကိုဗစ်-၁၉ လူနာများ၏ တောင်းဆိုမှုများ၊ ကိုဗစ်-၁၉ ကုသရေးဌာနတွင် တက်ရောက်နေသည့် ကိုဗစ်-၁၉ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ သဘောထားစစ်တမ်း ကောက်ယူခဲ့မှု ကနဦးတွေ့ရှိချက်များ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ဆေးရုံ (သို့မဟုတ်) ကုသရေးဌာနတွင် ရက်အတိုင်းအတာ တစ်ခုထားရှိပြီးနောက် ၎င်းတို့၏ ရောဂါအခြေအနေ အသက်အရွယ်၊ ရောဂါ အခံရှိ၊ မရှိ အခြေအနေ၊ နေအိမ်အခြေအနေ၊ အတူနေမိသားစုအရေအတွက် အနည်းအများ၊ သီးခြားအခန်းတွင် ခွဲကာနေထိုင်နိုင်မှု အခြေအနေ စသည့် အချက်များပေါ်မူတည်၍ နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန်နှင့် ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြု ချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က ကိုဗစ်-၁၉ ကုသရေးဌာနအလိုက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများအား တတ်နိုင်သမျှ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် အင်တာနက်အခြေပြု COVID-19 database management system application ကို ကိုဗစ်-၁၉ ကုသရေးဌာနများ၊ ဓာတ်ခွဲစစ်ဆေးရာနေရာများနှင့် အသွားအလာ ကန့်သတ်ရာ နေရာများတွင် အသုံးပြုသွားစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးတို့က အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှ အစွမ်းကုန်ကြိုးစားကာ စိတ်ရှည် သည်းခံမှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆရာဝန်များ၊ သူနာပြု များ၊ ကုသရေးအထောက်အကူပြုပညာ ရှင်များ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် ကိုဗစ်-၁၉ ကုသရေးဌာနများ၏ ဘက်စုံအခြေအနေစစ်တမ်းကို စနစ်တကျ အမြန်ဆုံး ကောက်ယူနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများတွင် တက်ရောက်နေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာများမှ ရောဂါလက္ခဏာနှင့် ရောဂါအခံတို့လည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား ကိုဗစ်-၁၉ ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ် တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွား နိုင်ရန်နှင့် ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေ အနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြုခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးပြီး ကနဦး ရှေ့ပြေးစမ်းသပ်မှု (pilot) ပုံစံဖြင့် စတင်ဆောင်ရွက် သွားစေလိုပါကြောင်း။
အမြန်ဆုံးပံ့ပိုးပေးသွားမည်
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလူနာနှင့် လူနာမိသားစုများ၏ စည်းကမ်းလိုက်နာမှု အခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပြီး လူနာ၏ ရောဂါအခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် မြို့နယ်ဆရာဝန်မှ ဦးစီးတာဝန်ယူဆောင်ရွက် စေလိုပါကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်သဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်ချရန် လိုအပ်ပါကြောင်း၊ ဆုံးဖြတ်ချက်နောက်ကျပါက များစွာသော နောက်ဆက်တွဲ ဆိုးကျိုးများ ရနိုင်ပါကြောင်း၊ ထပ်မံလိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်