
နေပြည်တော် ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်း အမှတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ =
အစည်းအဝေးသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်စိုး၊ ပါမောက္ခဌာနမှူး များ၊ ဆရာ ဆရာမများ၊ အရာထမ်း အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်းအမှတ်သည် နောင်နှစ်ပေါင်း များစွာ တည်တံ့ခိုင်မြဲ၍ အရည်အချင်း ပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ် များ ဆက်လက်မွေးထုတ်ပေးနိုင်ပါ စေဟု ဆုမွန်ကောင်းတောင်းပါ ကြောင်း၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်ပေးခြင်းများကို ၂၀၀၅ ခုနှစ် မှ ယနေ့အချိန်အထိ B.Tech ဘွဲ့ရ ၁၂၃၃၀၊ BE/ B.Arch ဘွဲ့ရ ၁၁၅၄၅ ဦး၊ ME/ M.Arch ဘွဲ့ရ ၆၁၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်၍ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မဟာဘွဲ့ရများ ယခုထက် ပိုမိုပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
သိပ္ပံနှင့် နည်းပညာအခန်းကဏ္ဍ ဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်ရန် အတွက် ပြည်တွင်း၊ ပြည်ပ သုတေသန ပညာရှင်များဖြင့် International Paper များ ဖတ်ကြားခွင့်ရရှိနိုင်ရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံ တကာ စာတမ်းဖတ်ပွဲ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယ အကြိမ် ကျင်းပနိုင်ခဲ့သည်ကို သိရပါ ကြောင်း၊ အဆိုပါ စာတမ်းများအပေါ် အခြေခံ၍ တိုင်းကျိုးပြည်ပြုလုပ်ငန်း များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သုတေသနစာတမ်း ဖတ်ပွဲများကို နည်းပညာတက္ကသိုလ် များ၊ ကွန်ပျူတာတက္ကသိုလ်များတွင် ကျင်းပနေသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း။
မွေးထုတ်လိုက်သည့် အင်ဂျင်နီယာ နှင့် ဗိသုကာပညာရှင်များအတွက် အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်း စဉ်များကို ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က ၂၀၁၅ ခုနှစ် မှစတင်၍ Quality Management System စတင်ထူထောင်ကာ ၂၀၁၈ ခုနှစ်တွင် AUN-QA Associate Member တက္ကသိုလ်တစ်ခုဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အရည်အသွေး အာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေခြင်းအတွက် အထူးပင် ဝမ်းသာဂုဏ်ယူပါကြောင်း။
နည်းပညာတက္ကသိုလ်များအနေ ဖြင့် မွေးထုတ်ပေးလိုက်သည့် ဘွဲ့ရ ကျောင်းသူ ကျောင်းသားများ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင် စေရေးအတွက် လုပ်ငန်းခွင်နှင့် ပိုမိုပြီး နီးစပ်စွာဆောင်ရွက်နိုင်ရေး School Industry Partnership လုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်အနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအတွက် Internship Programme လုပ်ငန်းစဉ် ဆောင်ရွက်နေပြီး ရှစ်ပတ်ဆက်တိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် ကောင်းမွန်ပါကြောင်း၊ Internship Programme သည် ကျောင်းသား ကျောင်းသူများအတွက် သင်ကြားမှု၊ သင်ယူမှုကို အထောက်အကူပြုစေပြီး စက်ရုံ အလုပ်ရုံများမှ တန်ဖိုးရှိသော အတွေ့အကြုံများ၊ ပညာရပ်များရရှိနိုင် မည်ဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံ များတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင် မည့်အပြင် ကျောင်းသား ကျောင်းသူ များ Internship ဆင်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ စက်ရုံ/အလုပ်ရုံများ၊ ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းသည် အလွန် ကောင်းမွန်ပါကြောင်း၊ အထူးသဖြင့် အင်ဂျင်နီယာ/ ဗိသုကာကျောင်းသား ကျောင်းသူများ Internship ဆင်းနိုင် ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်တို့မှ လုပ်ငန်းရှင်များနှင့်ချိတ်ဆက် ပြီး ကူညီဆောင်ရွက်ပေးနေခြင်းကို လည်း အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ ဆက်လက်ကူညီ ဆောင်ရွက် ပေးရန်လည်း မေတ္တာရပ်ခံပါကြောင်း။
ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား ကျောင်းသူဟောင်းများ အခန်းကဏ္ဍသည် အင်မတန်အရေးပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ ဟောင်းများအနေဖြင့် ပြင်ပလုပ်ငန်း ခွင်များကို ရောက်ရှိသည့်အခါ သင်ကြားပို့ချပေးလိုက်သည့် သင်ခန်း စာနှင့် လုပ်ငန်းခွင်ဆောင်ရွက်ချိန်တွင် လိုအပ်ချက်များ၊ လုပ်ငန်းခွင်တွင် သုံးစွဲနေသော ခေတ်မီစက်ကိရိယာ များ၊ နည်းပညာများ၊ Stakeholder များ၏ လိုအပ်ချက်များကို မိမိတို့ သက်ဆိုင်ရာတက္ကသိုလ်တွင် ပြန်လည် အကြံပြုဆွေးနွေးခြင်း၊ ကျောင်းသား ကျောင်းသူများအား Seminar ပေးခြင်း၊ ပြင်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းစသည် လုပ်ငန်း စဉ်များသည် အင်မတန် ကောင်းမွန်ပါ ကြောင်း၊ ကျောင်းသားဟောင်းများကို လည်း ကျေးဇူးတင်ပါကြောင်း။
ပညာရေးတွင် အရေးအကြီးဆုံး တန်ဖိုးအရှိဆုံးသည် သင်ယူခြင်း (Learning) ဖြစ်ပါကြောင်း၊ သင်ယူ ခြင်းသည်သာ အနန္တရတနာသိုက်ဖြစ် ပါကြောင်း၊ နည်းပညာတက္ကသိုလ် အနေဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည် ရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်၍ ဒေသ၏အကျိုး၊ နိုင်ငံ၏ အကျိုးကို စုပေါင်းအင်အားဖြင့် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် တက္ကသိုလ် အဖြစ် နှစ်ပေါင်းရာထောင်ချီ ကမ္ဘာ တည်သရွေ့ တည်တံ့ပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်က ဂုဏ်ပြုအမှာစကား ပြောကြား၍ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၏ ဆောင်ရွက်မှု များပါဝင်သည့် (၁၅)နှစ်ပြည့် အထိမ်း အမှတ် မှတ်တမ်းတင် Video Clip ကို ပြသသည်။
ယင်းနောက် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားကြောင်း သိရသည်။ သတင်းစဉ်