
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား ကျင်းပ
=================================================
နေပြည်တော် ဒီဇင်ဘာ ၁၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပ သည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ဝန်ထမ်းများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များသည် သတ်မှတ်ထားသည့်အရေ အတွက်နှင့် အဝေးရောက်တက်ရောက်သူများသည် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ မင်္ဂလာရှိသောနေ့တွင် ထူးချွန်ဝန်ထမ်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ စွမ်းဆောင်ရည်ကောင်း မွန်သည့် မြို့နယ်များနှင့် ကုမ္ပဏီများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်း၊ ဝန်ထမ်း သား သမီးများအား ပညာရည်ချွန်ဆုချီးမြှင့် ခြင်း၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ တစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်းအထိမ်းအမှတ် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာပြခန်းဖွင့်လှစ်ခြင်းနှင့် ဝန်ထမ်းမိသားစုများ၏ ကလေးငယ် များအတွက် E & E Day Care Center ဖွင့်လှစ်ခြင်း အခမ်း အနားများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအစိုးရ လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်းခဲ့ချိန်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ထိုအချိန်တွင် နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အခြေခံကျသောအချက်သည် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေး ဆောင်ရွက်ရန် မူဝါဒချမှတ်ခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် အညီ နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများ၊ LNG သုံးစက်ရုံများ စသည်ဖြင့် အရင်းအမြစ်ပေါင်းစုံပါဝင်သော လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများကို Generation Mix ၌ ပါဝင်ထုတ်လုပ် နိုင်ရေး ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
နည်းလမ်းပေါင်းစုံ အသုံးပြု
ထို့ပြင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဝေးကွာနေသော ပြည်သူများနှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကို သာတူညီမျှဖြစ်စေရန်ရည်ရွယ်၍ နိုင်ငံတော်ဓာတ်အား စနစ်နှင့် ဝေးကွာသောဒေသများသို့ Decentralization စနစ်ဖြင့်လည်းကောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားပေးခြင်းဖြင့်လည်းကောင်း၊ အသေးစားရေအား လျှပ်စစ်စက်ရုံများ တည်ဆောက်ပြီး ဓာတ်အားပေးခြင်းဖြင့် လည်းကောင်း၊ ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ နှင့် ဓာတ်အားပေးခြင်းဖြင့်လည်းကောင်း စသည့်နည်းလမ်း ပေါင်းစုံတို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ရန်အတွက် ဝေးလံခေါင်သီသော ဒေသများဖြစ် သည့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်-မောင်တောဒေသသို့ လည်းကောင်း၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့် ကြာအင်း ဆိပ်ကြီးမြို့တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မော်လိုက်မြို့သို့လည်းကောင်း၊ ချင်းပြည်နယ်ရှိ မတူပီ မြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် မိုင်းပျဉ်းမြို့များသို့လည်းကောင်း နိုင်ငံတော်ဓာတ်အား စနစ်ကို အသီးသီးရောက်ရှိအောင် ဓာတ်အားဖြန့်ဖြူးပေး နိုင်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း။
ဆက်လက်၍လည်း တနင်္သာရီတိုင်းဒေသကြီးရှိ ရေးနှင့် ထားဝယ်မြို့တို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း မိုင် ၁၈၀ နှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဆက်လက်ပြီး အကောင်အထည်ဖော်တည်ဆောက်လျက်ရှိ ပါကြောင်း၊ ထားဝယ်ပြီးလျှင် မြိတ်သို့ ဆက်လက်ဓာတ်အား လိုင်း တည်ဆောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် တိုးတက် ထုတ်လုပ်လာသော လျှပ်စစ်ဓာတ်အားများကို သယ်ပို့ပေး နိုင်ရန်အတွက်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်း (Union Grid) အသစ်များဖြစ်သည့် Eastern Grid၊ Western Grid၊ Southern Grid၊ Northern Grid စသည်တို့ကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ် အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၌ ကွပ်ကဲမှု လွယ်ကူစေရန် ဇုန်(၄)ခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက် လျက်ရှိရာ Zone(A)အဖြစ် မန္တလေးဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(B)အဖြစ် နေပြည်တော် ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(C)အဖြစ် မကွေးဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(D)အဖြစ် ရန်ကုန်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း အသီးသီးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Generation အပိုင်းတွင်လည်း နိုင်ငံပိုင်စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပုဂ္ဂလိက IPP စနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ သဘာဝဓာတ်ငွေ့ပို့လွှတ်နိုင်ရန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအသစ်များကို သွယ်တန်းခြင်းနှင့် အစား ထိုးသွယ်တန်းခြင်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ပိုက်လိုင်းကွန်ရက်ကို တည်ဆောက်နေပါကြောင်း၊ အရင်းအနှီးကြီးမားသော လျှပ်စစ်အခြေခံအဆောက်အအုံ များ တည်ဆောက်ရန် လိုအပ်သော ရန်ပုံငွေအတွက် အထောက်အကူပြုစေရန် ဓာတ်အားခများကိုလည်း သင့်လျော်သည့်နှုန်းထားဖြင့် အခြေခံလူတန်းစားများ မထိခိုက်စေဘဲ ဓာတ်အားခနှုန်းထားသစ်များကို ပြင်ဆင် သတ်မှတ်ခဲ့ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် တစ်နိုင်ငံ လုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ရည်မှန်းချက် နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ စွမ်းအင် ကဏ္ဍတွင်လည်း လိုအပ်ချက်များကို ထုတ်လုပ်ဖြည့်ဆည်း ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ ၄ နှစ်တာကာလအတွင်း ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ရှာဖွေရာတွင် ကုန်းတွင်းပိုင်း ရှာဖွေတူးဖော်ခြင်းအဖြစ် အသစ်ရှာဖွေခြင်း ၁၈ တွင်း၊ ဖွံ့ဖြိုးရေးတွင်းတူးဖော်ခြင်း တွင်း ၁၀၀ ကိုဆောင်ရွက်နိုင်ခဲ့ပြီး ကမ်းလွန်ရှာဖွေတူးဖော် ခြင်းအဖြစ် ရှာဖွေရေးတွင်း ၁၆ တွင်း၊ အကဲဖြတ်တွင်း ၁၀ တွင်းနှင့် ဖွံ့ဖြိုးရေးတွင်း ၈၆ တွင်းတို့ကိုလည်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ ရည် (LPG)၊ မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့(CNG)၊ ဓာတ်မြေသြဇာတို့ကိုလည်း အသီးသီးထုတ်လုပ်နိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ မဟာဗျူဟာအရန်ဆီကို ထိန်းညှိထားရှိသည့်အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ စက်သုံးဆီစျေးနှုန်းများကိုလည်း ထိန်းညှိဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပိုက်လိုင်းများ အသစ်သွယ်တန်း နိုင်ခဲ့ပါကြောင်း၊ LPG လုပ်ငန်းလိုင်စင် ၂၇၄၁ ခု၊ စက်သုံးဆီ အရောင်းဆိုင်လိုင်စင် ၁၀၅၅ ခု၊ သိုလှောင်ကန်စခန်းလိုင်စင် ရှစ်ခု၊ ရေယာဉ်များအား စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ၁၇ ခုနှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချ ခွင့်လိုင်စင် ၁၁ ခုတို့ကိုလည်း စိစစ်ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေး၊ ကုန်စည် စီးဆင်းမှု ပိုမိုတိုးတက်လာစေရေးတို့အတွက် နိုင်ငံတစ်၀န်း လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကို ချမှတ်ထား သည့်မူဝါဒနှင့် စံချိန်စံညွှန်းများနှင့်အညီ တိုးချဲ့ခွင့်ပြုပေး နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုးချဲ့ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
သဘာ၀ဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်း လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကမ်းလွန် လုပ်ကွက် A-6 ကို တူးဖော်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်(LPG)အား Cooking Gas အဖြစ် အသုံး ပြုနိုင်ခြင်းဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ကျစေခြင်း၊ ထင်း၊ မီးသွေးအစား အသုံးပြုနိုင်သဖြင့် သစ်တောပြုန်းတီးမှု (Deforestation)ကို လျှော့ချနိုင်ခြင်း တို့ကြောင့် မြို့နေလူထုသာမက ကျေးရွာလူထုအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးသွားနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၇ သိန်းတွင် အသုံးပြုလျက်ရှိပြီး မကြာမီ အိမ်ထောင်စုပေါင်း ၁ သန်းအထိ တိုးချဲ့ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ မိမိနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ရောင်းချရာမှ နိုင်ငံတော်၀င်ငွေ တိုးတက် ရရှိစေနိုင်သည့်အတွက် နိုင်ငံတော်၏ သယံဇာတများကို ကြိုးပမ်းရှာဖွေဖော်ထုတ်လျက်ရှိပြီး လက်ရှိရှာဖွေတွေ့ရှိပြီး သော သဘာဝဓာတ်ငွေ့သိုက်များအပြင် နောက်ထပ်အလား အလာကောင်းသော ဘူမိအနေအထားများကို ဆက်လက် စမ်းသပ်ရှာဖွေသွားမည်လည်းဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျ ဆုံးသည် လျှပ်စစ်မီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးလျှပ်စစ် ဓာတ်အားရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်သူများသို့ အကောင်းဆုံးဝန်ဆောင်မှုပေး နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ထမ်းများကလည်း လိုအပ်ပါက ၂၄ နာရီလုံး ကြိုးစား ပမ်းစားဆောင်ရွက်ပေးခဲ့ကြသဖြင့် ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ မြို့နယ်အလိုက် ဝန်ဆောင်မှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချရန် စွမ်းဆောင်ရည်ဂုဏ်ပြု ဆုများလည်းပါဝင်သည့်အပြင် လုံခြုံရေးကိစ္စများကို ဆောင် ရွက်ပေးခဲ့သော ရေနံမြေ ရဲတပ်ဖွဲ့ကိုလည်း အသိအမှတ် ပြုချီးမြှင့်ခဲ့ပါကြောင်း၊ တီထွင်ဆန်းသစ်မှုကို ချီးမြှင့်အားပေး ခြင်းအနေဖြင့် အသေးစား ရေနံချက်လုပ်ခြင်း(Mini Refinery)လုပ်ငန်းကိုလည်းကောင်း၊ Electrification Ratio အများဆုံးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ဝန်ထမ်း များကိုလည်းကောင်း၊ သတ်မှတ်စီမံကိန်းအတိုင်း ကျေးရွာ များ လျှပ်စစ်ရရှိရေးအတွက် ပြီးစီးအောင် ဆောင်ရွက်ခဲ့သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP)မှ ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခြင်းလည်း ပါဝင်ပါကြောင်း။
အောင်မြင်မှုများရရှိခဲ့ကြခြင်းဖြစ်
တစ်ဖက်တွင်လည်း မိမိတို့ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများသည်လည်း လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီး အောင် ဆောင်ရွက်နိုင်ခဲ့ကြသည့်အပြင် မိမိတို့ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် အရည်အသွေးများအတိုင်း ပြည့်မီစွာသတ်မှတ်ချိန်အရောက် ဟန်ချက်ညီညီ ဆောင် ရွက်ပေးနိုင်ခဲ့ကြသည့်အတွက် အောင်မြင်မှုများရရှိခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ သို့အတွက် ကုမ္ပဏီအကြီးအကဲများကို ဂုဏ်ပြုပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ် အား ရာနှုန်းပြည့်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်နေသော စီမံကိန်းများအပေါ် မိမိတို့ ဝန်ထမ်းများ နှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများက ဟန်ချက် ညီညီကျရာကဏ္ဍမှနေ၍ တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်သလို ပြည်သူများကလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ထူးချွန်ဝန်ထမ်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ စွမ်းဆောင်ရည်ကောင်းမွန်သည့် မြို့နယ်များ နှင့် ကုမ္ပဏီများအား ဂုဏ်ပြုဆုတံဆိပ်များကို သတ်မှတ် ထားသည့် အရေအတွက်အား လက်ရောက်ပေး အပ်ချီးမြှင့်ခဲ့ ပြီး အဝေးရောက်တက်ရောက်သူများအား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ အား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင် ထောက်ပံ့ ကြေး ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ (၆)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ၃၇ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၅၅ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၂၁ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၀၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၇၅ ဦးအတွက် (၁၅၀ ဒသမ ၁၈) သန်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် မူကြိုကျောင်းသား ကျောင်းသူ ၁၅၇၁ ဦး၊ မူလတန်း ကျောင်းသား ကျောင်းသူ ၈၁၂၈ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၆၀၁၁ဦး၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၃၄၆၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၉၁၇၄ ဦးအတွက် ပညာသင်ယူရန်ကျောင်းသုံး ပစ္စည်းများထောက်ပံ့ခြင်းအတွက် (၁၄၃ ဒသမ ၄၆)သန်း အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရကျောင်းသား မောင်ဘုန်း မြတ်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့် မြောက်သည့် အထိမ်းအမှတ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာပြခန်းဖွင့်ပွဲအခမ်းအနားနှင့် ဝန်ထမ်းမိသားစုများ၏ ကလေးငယ်များအတွက် E & E Day Care Center ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်