စာဖတ်တဲ့အလေ့အကျင့်ကို မွေးမြူပေးကြရအောင်

Type

 

ရေနံ့သာမောင်ကျော်ညွန့်

 

မိဘတွေမှာ    သားသမီးများရှိကြတယ်။    ဆရာ   ဆရာမတွေမှာ လည်း သားသမီးတွေရှိကြပါတယ်။ နိုင်ငံတော်မှာလည်း သားသမီး တွေရှိတာပါပဲ။ မိဘတွေမှာ ရှိနေတဲ့ သားသမီးများကတော့ ရင်မှာ လွယ်ဖွားမွေးဖွားခဲ့ရသူများပါ။ ဆရာ ဆရာမတွေဆီမှာ ရောက်လာတဲ့  မိဘတွေရဲ့  သားသမီးများကတော့  ဆရာ  ဆရာမတွေရဲ့  တပည့် သားသမီးများပါပဲ။    နိုင်ငံတော်အတွင်းမှာ    မှီတင်းနေထိုင်ကြတဲ့ မိဘတွေရဲ့  သားသမီးများကတော့  နိုင်ငံတော်ရဲ့  သားသမီးများပဲ ဖြစ်ပါတယ်။
မိဘတွေက    သားသမီးတွေကို   လိမ္မာယဉ်ကျေးပြီး    ထူးချွန် ထက်မြက်တဲ့ သားကောင်းသမီးမွန်တွေ ဖြစ်စေချင်ကြပါတယ်။ ဆရာ ဆရာမများကလည်း တပည့်သားသမီးများကို လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်တဲ့ တပည့်ကောင်း တပည့်မွန်တွေဖြစ်စေချင်ကြ တာပါပဲ။ နိုင်ငံတော်ကလည်း နိုင်ငံ့သားသမီးများကို လိမ္မာယဉ်ကျေး ပြီး ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်း နိုင်ငံ့သမီးမွန်တွေ ဖြစ်စေ ချင်တာပါပဲ။   ဒါကြောင့်   ယနေ့  လူငယ်မောင်မယ်များဖြစ်ကြတဲ့ သားသမီးတွေကို    လိမ္မာယဉ်ကျေးထူးချွန်ထက်မြက်ပြီး     ကမ္ဘာနဲ့ ယှဉ်ရင်ပေါင်တန်းနိုင်တဲ့ သားသမီးတွေဖြစ်အောင် မွေးမြူပြုစုပေးနေ ကြခြင်းပဲ ဖြစ်ပါတယ်။

 


သင်ယူမှုအခွင့်အလမ်းကို တိုးမြှင့်ဆောင်ရွက်ပေး


ကမ္ဘာနဲ့ယှဉ်ရင်ပေါင်တန်းနိုင်တဲ့ သားကောင်းသမီးမွန်တွေဖြစ်ဖို့ ပဓာနကျတဲ့  အချက်ကတော့   ယနေ့  ကျောင်းနေအရွယ်လူငယ်‌ မောင်မယ်များအားလုံး   အခြေခံပညာကို  သင်ယူပြီးမြောက်ဖို့ပါပဲ။ ကျောင်းနေအရွယ် လူငယ်မောင်မယ်များအားလုံး အခြေခံပညာကို သင်ယူပြီးမြောက်အောင်    သင်ယူဖို့အတွက်     ကျောင်းနေအရွယ် မောင်မယ်များအားလုံး ကျောင်းနေမြဲရေးနဲ့ အတန်းလိုက် အတန်း ကူးပြောင်းမှုနှုန်း    မြင့်မားရေးကလည်း    အရေးကြီးလှပါတယ်။ ဒါကြောင့်  နိုင်ငံတော်ကလည်း  ကျောင်းနေအရွယ်မောင်မယ်များ အားလုံး ကျောင်းနေမြဲရေးနဲ့ အတန်းလိုက်  အတန်းကူးပြောင်းမှုနှုန်း  မြင့်မားရေးအတွက်  ကျောင်းနေအရွယ်ကလေးများရဲ့   သင်ယူမှု အခွင့်အလမ်းကို အမြဲတစေ တိုးမြှင့်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ အခြေခံပညာသင် ကျောင်းသား ကျောင်းသူ များ သင်ယူရာမှာ လိုအပ်တဲ့ ကျောင်းသုံးစာအုပ်များနဲ့ စာရေးကိရိယာ များကို အခမဲ့ဖြန့်ဝေပေးနေသလို ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေး စတဲ့ ကြေးတွေကိုလည်း အခမဲ့ကင်းလွတ်ခွင့်ပေးထားပါတယ်။ အဲဒါတွေ အပြင် အခြေခံပညာသင် မူလတန်း ကျောင်းသား ကျောင်းသူတွေ အတွက် ကျောင်းဝတ်စုံတွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ အခြေခံ ပညာကျောင်းတွေကနေ     ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး      ငွေကြေး ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဒါကြောင့် အခြေခံပညာသင်ကျောင်းသား ကျောင်းသူများကလည်း ဘယ်လို ငွေကြေးကိုမှ ပေးဆောင်စရာမလိုတော့ပါဘူး။ ဒီတော့ မိဘများအနေနဲ့ သားသမီးများရဲ့ ပညာသင်စရိတ် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပါဘူး။

 


လွယ်လင့်တကူသင်ယူနိုင်တဲ့ အခွင့်အလမ်းများရရှိ


ယနေ့ကာလမှာ     အခြေခံပညာ    မူလတန်းကျောင်းတွေကို  တစ်ရွာတစ်ကျောင်းနီးပါး ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။ ဖွင့်လှစ် ပေးထားတဲ့ အခြေခံပညာမူလတန်းကျောင်းအချို့ကို မူလတန်းလွန် ကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းအဆင့်အထိ တိုးမြှင့်ဖွင့်လှစ်ပေးပြန်ပါတယ်။ မိမိရပ်ရွာ ဒေသမှာရှိတဲ့ မူလတန်း ကျောင်းမှာပဲ   အလယ်တန်းပညာကို  အလွယ်တကူ   သင်ယူလို့ရတဲ့ အခွင့်အလမ်းရရှိနေပါပြီ။   ဒါ့ပြင်ဖွင့်လှစ်ပြီးသား     အလယ်တန်း ကျောင်းအချို့ကို     အထက်တန်းကျောင်းခွဲအဆင့်၊   အထက်တန်း ကျောင်းခွဲတွေကို အထက်တန်းကျောင်းအဆင့်အထိ တိုးမြှင့်ဖွင့်လှစ် ပေးနေတာကလည်း   နှစ်စဉ်ပါပဲ။  ဒီတော့  အထက်တန်းပညာကို ဝေးဝေးလံလံသွားရောက်ပြီး    သင်ယူစရာ  မလိုတော့ပါဘူး။   မိမိနဲ့  မလှမ်းမကမ်း   လက်တစ်ကမ်းမှာရှိနေတဲ့  အထက်တန်းကျောင်းခွဲ တွေ၊ အထက်တန်းကျောင်းတွေမှာပဲ အထက်တန်းပညာကို လွယ်လင့်  တကူသင်ယူနိုင်တဲ့ အခွင့်အလမ်းများ ရရှိနေပါပြီ။

 


ကျောင်းနေအရွယ် လူငယ်မောင်မယ်တွေအားလုံး ကျောင်းနေ ပျော်ဖို့ကလည်း အရေးကြီးလှပါတယ်။ ကျောင်းနေပျော်မှ ကျောင်းနေ မြဲမှာပါပဲ။    ဒါကြောင့်    ကျောင်းနဲ့ဝန်းကျင်    သန့်ရှင်းသာယာလှပ နေအောင် စီမံဆောင်ရွက်ပေးနေသလို ကျောင်းဥပဓိရုပ်ကောင်းမွန် နေအောင်လည်း    စီမံဆောင်ရွက်နေပါတယ်။    အခြေခံပညာသင် ကျောင်းသား  ကျောင်းသူတွေကလည်း တစ်နှစ်ထက်နှစ် တိုးတက် များပြားလာပါတယ်။ ဒီတော့ တိုးတက်များပြားလာတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ဝင်ဆံ့အင်အားနဲ့ ညီမျှအောင် ကျောင်းဆောင်သစ် တွေကို  တိုးချဲ့ဆောက်လုပ်ပေးနေသလို  အခြေခံပညာသင်  ဆရာ ဆရာမများကိုလည်း ဖြည့်ဆည်းခန့်အပ်ပေးနေပါတယ်။

 


အခြေခံပညာကျောင်းတွေအတွက်     လိုအပ်တဲ့    စာရေးခုံနဲ့ ထိုင်ခုံများ၊ ပရိဘောဂပစ္စည်းများ၊ သိပ္ပံခန်းသုံးပစ္စည်းများ၊ သင်ကြား သင်ယူမှုအထောက်အကူပစ္စည်းများ၊       အားကစားသုံးပစ္စည်းများ၊ ကျောင်းစာကြည့်တိုက်နဲ့   စာအုပ်စာစောင်များ  စတာတွေကိုလည်း ဖြည့်ဆည်းပေးနေတာပါပဲ။ ဒါတွေက  ကျောင်းနေအရွယ်   လူငယ်  မောင်မယ်တွေအားလုံး  အခြေခံပညာကို  လွယ်လင့်တကူ  သင်ယူ ပြီးမြောက်အောင်  စီမံဆောင်ရွက်ပေးနေတာဖြစ်သလို  ကျောင်းနေ အရွယ်    လူငယ်မောင်မယ်များရဲ့   မိဘများအနေနဲ့   သားသမီးတွေ အတွက်  ပညာသင်ယူစရိတ်   ဝန်ထုပ်ဝန်ပိုးမဖြစ်စေရအောင်  စီမံ ဆောင်ရွက်ပေးနေတာတွေပါပဲ။

 


အကြောင်းအမျိုးမျိုးကြောင့်        အခြေခံပညာ       သင်ယူခွင့် လက်လွတ်ဆုံးရှုံးရတဲ့ ကျောင်းအနေအရွယ်များနဲ့ ကျောင်းနေအရွယ် လွန်များ    ကျန်ရှိနေနိုင်ပါတယ်။   အဲဒီလို    ကျန်နေရတဲ့သူတွေကို လည်း နိုင်ငံတော်က လက်ပိုက်ကြည့်မနေပါဘူး။ လျစ်လျူရှုမထား ပါဘူး။ သူတို့တစ်တွေရဲ့ အခြေခံပညာသင်ယူမှု အခွင့်အလမ်းမဆုံးရှုံး ရအောင်    နိုင်ငံတော်အစိုးရက   ပညာရေးဝန်ကြီးဌာနအောက်မှာ “ကျောင်းပြင်ပနဲ့ တစ်သက်တာ ပညာရေးဦးစီးဌာန” ဖွဲ့စည်းပေးပြီး  စီမံဆောင်ရွက်နေပါတယ်။

 


စာဖတ်ရှိန်မြင့်မားအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ


ကျောင်းပြင်ပနဲ့   တစ်သက်တာပညာရေးဦးစီးဌာနရဲ့   အဓိက လုပ်ငန်းစဉ်ကတော့     တစ်မျိုးသားလုံး     ပညာရည်မြင့်မားစေရေး အတွက် စာမတတ်သူလုံးဝ ပပျောက်ရေးနဲ့ စာဖတ်ရှိန်မြင့်မားရေးပါပဲ။  အခြေခံပညာ    မသင်ယူရသေးတဲ့   ကျောင်းအနေအရွယ်     လူငယ် မောင်မယ်များ၊ အခြေခံပညာကို ဆုံးခန်းတိုင်မသင်ယူဘဲ ကျောင်း ထွက်ကြရတဲ့သူများအတွက် အခြေခံပညာကို တန်းညှိအစီအစဉ်နဲ့ သင်ကြားလေ့ကျင့်ပေးနေသလို   ကျောင်းနေအရွယ်လွန်များကိုတော့ စာမတတ်သူပပျောက်ရေး    စီမံချက်နဲ့   အရေး၊   အဖတ်အတွက် တက်မြောက်အောင်  သင်ကြားလေ့ကျင့်ပေးပြီး  စာဖတ်ရှိန်မြင့်မား အောင်  စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 


နိုင်ငံတော်ကနေ   ကျောင်းနေအရွယ်   လူငယ်မောင်မယ်များ အားလုံး အခြေခံပညာသင်ယူပြီးမြောက်ရေး၊ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းနေအရွယ်များ  အခြေခံပညာ  သင်ယူခွင့်မရရှိတဲ့သူ တွေကို ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေးဦးစီးဌာနက တစ်ဆင့်  တန်းညှိပညာရေးအစီအစဉ်နဲ့ အခြေခံပညာသင်ယူပြီးမြောက်ရေး၊ စာမတတ်သူ လုံးဝပပျောက်ရေး၊ စာဖတ်ရှိန်မြင့်မားရေးတွေကို စီမံ ဆောင်ရွက်ပေးနေပါတယ်။    ဒီလိုစဉ်ဆက်မပြတ်   စီမံဆောင်ရွက် ပေးနေတာကြောင့်   ကျောင်းနေအရွယ်    လူငယ်မောင်မယ်များရဲ့ အခြေခံပညာ   သင်ယူပြီးမြောက်မှုနှုန်း   တိုးတက်မြင့်မားလာသလို သက်ကြီးစာမတတ်သူဦးရေ လျော့ပါး၊ ကျဆင်း၊ ပပျောက်သွားမှာ ဖြစ်ပြီး တစ်မျိုးသားလုံးရဲ့ စာတတ်မြောက်မှုနှုန်း တိုးတက်မြင့်မား လာမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ စာတတ်မြောက်ပြီးတဲ့ သူများကို  စာဖတ်တဲ့သူများဖြစ်လာအောင်  အားပေးအားမြှောက် ပြုပေးကြဖို့ပါပဲ။

 


“အလိမ္မာ စာမှာရှိ”  လို့ဆိုတဲ့  မြန်မာ့ဆိုးရိုးစကား အတိုင်းပါပဲ။ စာထဲမှာ အလိမ္မာတွေရှိနေပါတယ်။ “အလိမ္မာ” ဆိုတာက “ကျွမ်းကျင် တတ်မြောက်ခြင်း၊  ယဉ်ကျေးစွာပြုမူဆက်ဆံတတ်ခြင်း” ပဲ ဖြစ် ပါတယ်။  ဒီတော့  စာထဲမှာရှိနေတာတွေက  အတတ်ပညာတွေနဲ့  အသိပညာတွေပါပဲ။ စာထဲမှာရှိနေတဲ့ အတတ်ပညာတွေက အသက် မွေးဝမ်းကျောင်းပြုရာမှာ အသုံးဝင်ပါတယ်။ စာထဲမှာရှိနေတဲ့ အသိ ပညာတွေက     လူမှုဆက်ဆံရေးနယ်ပယ်မှာ      အသုံးဝင်ပါတယ်။ စာထဲမှာရှိနေတဲ့ အတတ်ပညာနဲ့ အသိပညာတွေက ဘဝအတွက်  အင်မတန်မှ  တန်ဖိုးရှိပါတယ်။  ဘဝအတွက် တန်ဖိုးရှိတဲ့ စာထဲက  အတတ်ပညာနဲ့ အသိပညာတွေကို ရအောင်ယူကြရမှာ ဖြစ်ပါတယ်။ ယူမှလည်း ရမှာပါ။ မယူရင်တော့ မရပါဘူး။ ယူဖို့ကတော့ စာဖတ်ဖို့ ပါပဲ။ စာဖတ်ရင် ယူလို့ရမယ်။ စာမဖတ်ရင်တော့ ယူလို့မရနိုင်ပါဘူး။

 


ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာ ကိုယ်တိုင်ခွဲခြားနိုင်


စာဖတ်မှ  စာထဲမှာရှိနေတဲ့  အတတ်ပညာတွေနဲ့  အသိပညာ တွေကို ရမှာဆိုတော့ စာဖတ်ရမှာပေါ့။ ဖတ်တာကလည်း တစ်ခါတစ်ရံ  ဖတ်တာမျိုး   မဟုတ်ပါဘူး။   အမြဲတမ်းဖတ်ရမှာပါ။     အမြဲတမ်း ဖတ်ရမှာဆိုတော့ အမြဲတမ်းဖတ်ချင်နေဖို့ လိုပါတယ်။ အမြဲတမ်း ဖတ်ချင်နေဖို့ကတော့ စာဖတ်တဲ့အလေ့ကို မွေ့လျော်နေဖို့ပါပဲ။ စာဖတ် တဲ့အလေ့ကို   မွေ့လျော်နေဖို့အတွက်     စာဖတ်တဲ့   အလေ့အကျင့် မွေးမြူပေးကြရမှာ ဖြစ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်ရအောင်  စာဖတ်ရှိန်   မြင့်ပေးနေရမှာပါပဲ။  စာဖတ်လို့ရလာတဲ့  အကျိုးဆက် တွေက အများကြီးပါပဲ။ စာဖတ်ရင်းက မသိသေးတာတွေကို သိလာ တယ်။ ဒီတော့ အသိနိုးလာတယ်။ အသိတိုးလာတယ်။ အသိနိုး၊ အသိ တိုးလာတော့    ကောင်းတာနဲ့   မကောင်းတာ၊    မှန်တာနဲ့   မှားတာ၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာ၊ လိမ္မာတာနဲ့ မိုက်မဲတာကို ကိုယ်တိုင် ခွဲခြားနိုင်တာပေါ့။

 


ခွဲခြားနိုင်တော့   ကောင်းတာနဲ့  မကောင်းတာကို   သိတယ်။ မကောင်းတာတွေကို  မလုပ်ဘူး။ ကောင်းတာတွေကို လုပ်တယ်။ စုပေါင်းဆောင်ရွက်တဲ့အခါမှာ   ရေသာခိုမနေဘူး။    အများနဲ့အတူ  တက်ညီလက်ညီ ဆောင်ရွက်တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး။ ထောက်ထားငဲ့ညှာ ကိုယ်ချင်းစာတယ်။ ရိုင်းပင်းကူညီတယ်။ အနိုင် မကျင့်ဘူး။  ရန်မလိုဘူး။  ချစ်ချစ်ခင်ခင်  ကြင်ကြင်နာနာနေတယ်။ မမှန်တာတွေကို မပြောဘူး။ မလိမ်ဘူး။ မညာဘူး။ ဟုတ်တိုင်းမှန်ရာကို  ပြောတယ်။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။ ချိုချိုသာသာပြောတယ်။ ရိုင်းရိုင်းစိုင်းစိုင်းမနေဘူး။ ယဉ်ယဉ်ကျေးကျေးနေတယ်။ မိုက်မဲတဲ့ အကျင့်စရိုက်ကို    မကြိုက်ဘူး။    လိမ္မာတဲ့    အကျင့်စရိုက်ကိုပဲ ကြိုက်တယ်။ ဒီတော့အားလုံးက ထူးချွန်ထက်မြက်တဲ့ ယဉ်ကျေး လိမ္မာရတနာလေးတွေ ဖြစ်လာတာပေါ့။    

 


ဖတ်ရင်းမှာပဲ  မှတ်သားစရာတွေကို  တွေ့ရပြန်ရော။ တွေ့တဲ့ မှတ်သားစရာတွေကို မှတ်သားထားတယ်။ ဒီတော့ဗဟုသုတ ကြွယ်ဝ လာတယ်။ ဖတ်နေရင်းက စဉ်းစားစရာတွေပေါ်လာပြန်ရော။ ဒီတော့ စူးစမ်းပြန်တယ်။ စဉ်းစားပြန်တယ်။ စူးစမ်းစဉ်းစားတော့ အတွေး အမြင်တွေက ကျယ်ပြန့်လာတယ်။ ဆင်ခြင်တုံတရားရှိလာတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးလာတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးတော့ ဉာဏ်ရည်ထက် လာတယ်။  ဉာဏ်ရည်ထက်တဲ့သူက  ကြုံတွေ့ရတဲ့အခက်အခဲကို မတုန်လှုပ်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းကျော်လွှားနိုင်ပါတယ်။

 


ဗဟုသုတကြွယ်ဝတဲ့သူ၊ ဉာဏ်ရည်ထက်တဲ့သူက ထင်ရာမစိုင်း ပါဘူး။ လက်လွတ်စပယ်မလုပ်ကိုင်ပါဘူး။ မပြောဆိုပါဘူး။ ချိန်ဆပြီး တော့မှ    လုပ်ကိုင်တယ်။    ပြောဆိုတယ်။    ဒီတော့လုပ်ရာကိုင်ရာ၊ ပြောရာ ဆိုရာမှာ အမှားကင်းတာပေါ့။ ဒါ့ပြင် မိမိကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာတယ်။   ပျော့ညံ့တဲ့စိတ်တွေ  ပျောက်ကွယ်သွားတယ်။  ရဲရင့် ကြံ့ခိုင်တဲ့စိတ်တွေ ရှင်သန်လာတယ်။ စိတ်ဓာတ်ခွန်အားရှိလာ တယ်။ ကိုယ့်ကိုယ်ကိုယ်   မတိမ်းစောင်းအောင်   ထိန်းကျောင်းနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေး  မြင့်လာတယ်။ ဒီတော့  ထူးချွန်ထက်မြက်တဲ့ လူကောင်းလူတော်၊ လူရည်မွန် လူရည်ချွန်တွေ ဖြစ်လာတာပေါ့။

 


စာဖတ်ရှိန်မြင့်မားအောင် ဆောင်ရွက်ပေး


ကျောင်းနေအရွယ်တွေ ကျောင်းနေတယ်ဆိုတာက ပညာသင်ယူ ဖို့ပါပဲ။ ပညာကို သင်ယူနေကြရတာပါ။ သင်ယူတယ်ဆိုတာက တစ်စုံ တစ်ဦးဆီမှာ ရှိနေတဲ့ ပညာတွေ၊ တစ်စုံတစ်ရာဆီမှာ ရှိနေတဲ့ ပညာ တွေကို   ရပိုင်လာအောင်   လေ့လာဆည်းပူးနေတာပဲ   ဖြစ်ပါတယ်။ စာဖတ်တာက   စာထဲမှာရှိနေတဲ့   အသိပညာတွေနဲ့  အတတ်ပညာ တွေကို လေ့လာဆည်းပူးနေတာပါ။  ဒီတော့ စာဖတ်တာကလည်း သင်ယူနေတာပါပဲ။   စာဖတ်တာက    သင်ယူမှုနည်းအမျိုးမျိုးထဲက သင်ယူနည်းတစ်မျိုးပဲ   ဖြစ်ပါတယ်။    ၂၀၂၂     ခုနှစ်  စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ရဲ့ "Transforming Literacy Learning Places."  ၊  “သင်ယူမှုဝန်းကျင် များ  ချဲ့ထွင်သင်ယူကြပါစို့” ဆောင်ပုဒ်နဲ့အညီပါပဲ။  စာဖတ်တဲ့အလေ့ အကျင့်ကို အလေ့အထဖြစ်တဲ့အထိ မွေးမြူပေးပြီး  စာဖတ်ရှိန်မြင့်မား အောင် ဆောင်ရွက်ပေးနေခြင်းကလည်း  သင်ယူမှုဝန်းကျင်  ချဲ့ထွင် ပေးနေတာပဲ ဖြစ်ပါတယ်။

 


နည်းပညာတွေကလည်း နေ့စဉ်နဲ့အမျှ တိုးတက်ဖွံ့ဖြိုးနေ


မျက်မှောက်ကာလမှာရော အနာဂတ်ကာလမှာပါ လွှမ်းမိုးနေ မှာကတော့ နည်းပညာတွေပါပဲ။ နည်းပညာတွေကလည်း နေ့စဉ်နဲ့ အမျှ တိုးတက်ဖွံ့ဖြိုးနေပါတယ်။ မနေ့က နည်းပညာတွေထက် ယနေ့ နည်းပညာတွေက   သာလွန်နေသလို   ယနေ့နည်းပညာတွေထက်  မနက်ဖြန်တိုင်းရဲ့ နည်းပညာတွေက သာလွန်တိုးတက်ဖွံ့ဖြိုးနေမှာပဲ  ဖြစ်ပါတယ်။  အမြဲတစေ  တိုးတက်ဖွံ့ဖြိုးနေတဲ့  နည်းပညာတွေကို အမီလိုက်နိုင်ဖို့ကတော့ အစဉ်လေ့လာသင်ယူနေတဲ့ လူမှုအဖွဲ့အစည်း ကြီး ဖြစ်တည်နေဖို့ပါပဲ။
အစဉ်လေ့လာသင်ယူနေတဲ့ လူမှုအဖွဲ့အစည်းကြီး ဖြစ်တည်နေဖို့ ကတော့ အစဉ်လေ့လာသင်ယူနေသူတွေဖြစ်ဖို့ လိုပါတယ်။ အစဉ် လေ့လာသင်ယူနေသူတွေဖြစ်ဖို့အတွက် အစဉ်လေ့လာသင်ယူလိုစိတ် ထက်သန်နေဖို့ လိုပါတယ်။ အစဉ်လေ့လာသင်ယူလိုစိတ် ထက်သန် နေပြီး အစဉ်လေ့လာသင်ယူနေတဲ့ လူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာဖို့ အတွက်    စာဖတ်တဲ့    အလေ့အကျင့်ကို   အလေ့အထဖြစ်တဲ့အထိ မွေးမြူပေးကြရင်း စာဖတ်ရှိန်မြင့်မားအောင် စွမ်းဆောင်ကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။