သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့

Type

 

 မေတ္တာမိုးနှင်း(ပဲခူး)

 

ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးနှင့် သက်မဲ့ဖြစ်သော သဘာဝပတ်ဝန်းကျင်တို့သည်    အပြန်အလှန်   အမှီသဟဲပြု၍ နေထိုင်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အပြန်အလှန်ဆက်နွှယ်နေထိုင်ကြခြင်းကြောင့် ဂေဟအဖွဲ့အစည်း(Ecosystem)ဟု သိပ္ပံပညာရှင်များက ခေါ်ဆိုကြ ၏။ တစ်ဦးနှင့်တစ်ဦး  အပြန်အလှန်ဆက်နွှယ်ရာတွင်  တစ်ဦးဘက်မှ ချို့ယွင်းဖောက်ဖျက်ခဲ့လျှင် တခြားတစ်ဦးဘက်၌လည်း ချို့ယွင်းပျက်စီးမည်ဖြစ်သည်။

 


ထိုအခါ ဂေဟအဖွဲ့အစည်းသည်   ယိုယွင်း ပျက်စီးလာနိုင်သလို ဆိုးကျိုးများကိုလည်း    ဂေဟ အဖွဲ့အစည်းတစ်ခုလုံး   ခံစားကြရမည်    ဖြစ်သည်။ ကမ္ဘာ​ကြီးကို မြေထု၊ လေထု၊ ရေထု ဟူသော အလွှာ ကြီးများဖြင့် ဖွဲ့စည်းလွှမ်းခြုံထားပေသည်။ မြေထု၊ ရေထု၊ လေထုတို့သည် လူအပါအဝင်   သတ္တဝါတို့ အတွက်   သဘာဝ၏    အခမဲ့လက်ဆောင်များပင် ဖြစ်သည်။ ထိုအခမဲ့ လက်ဆောင်များထဲမှ လေထု ညစ်ညမ်းမှုသည် လူအပါအဝင်သတ္တဝါအားလုံးတို့အတွက်အကြီးမားဆုံးသော အန္တရာယ်ပင်ဖြစ်ပေ သည်။

 


ကမ္ဘာ့လေထု


လူသားတို့နေထိုင်သော     ကမ္ဘာမြေကြီးကို လေထုမှ လွှမ်းခြုံထားလေသည်။ လူသားအပါအဝင် သတ္တဝါတို့သည် လေကိုရှူရှိုက်၍ အသက်ရှင်နေထိုင် ကြရသည်။ လေထုရှိနေသောကြောင့်လည်း လေဖိ အား၏ ဖန်တီးမှုနှင့်အတူ ကမ္ဘာမြေပေါ်ရပ်တည်နိုင် ပြီး ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေသည်။ နေ့စဉ်  ရှူရှိုက်နေသော လေထုထဲတွင် အောက်ဆီ ဂျင်  ၂၁ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့တစ်ရာခိုင်နှုန်း    ပါဝင်ပေသည်။ ထို့အပြင်   စိုစွတ်သော     လေထုဖြစ်သောကြောင့် ရေခိုးရေငွေ့နှင့် အမှုန်များ    ပါဝင်သည်မှာလည်း မငြင်းနိုင်သော   အမှန်တရားဖြစ်သည်။    နေ့စဉ် ရှူရှိုက်နေရသောလေသည် ကမ္ဘာမြေမျက်နှာပြင် အထက် ကိုးမိုင်ဝန်းကျင် အကွာအဝေးရှိ လေထုပင် ဖြစ်သည်။

 


လေထုညစ်ညမ်းမှုဖြစ်ပေါ်လာရသော
အကြောင်းရင်း


လေထုညစ်ညမ်းမှုသည်    များသောအားဖြင့် လူသားများ ဖန်တီးခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လူသားတို့သည် သဘာဝသယံဇာတများ ကို အလွန်အကျွံသုံးစွဲခြင်း၊ ခေတ်မီနည်းပညာများ အား စနစ်တကျ အသုံးမပြုခြင်း၊ စွန့်ပစ်ပစ္စည်းများ ကို စနစ်တကျ မစွန့်ပစ်ခြင်းတို့ကြောင့်ဖြစ်သည်။လေထုညစ်ညမ်းမှုသည်    ဖြစ်ပေါ်ရာနေရာတစ်ခု တည်းတွင်  ရပ်တန့်နေသည်မဟုတ်။ ကမ္ဘာ့ပတ်ဝန်း ကျင်တစ်ခုလုံးသို့ အလွယ်တကူ ပျံ့နှံ့ရောက်ရှိသွား နိုင်သော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် စက်ရုံ၊ အလုပ်ရုံများ၊ မော်တော် ယာဉ်များမှ   ထွက်ရှိသော    အခိုးအငွေ့များသည် လေထုထဲသို့ ပျံ့နှံ့သွားခြင်းကြောင့်ဖြစ်သည်။

 


လေထုညစ်ညမ်းမှုဖြစ်စေသော  အခြားအချက် တစ်ခုမှာ(Welding) ဂဟေဆော်ခြင်း၊    (Stone crushing) ကျောက်မိုင်းခွဲခြင်း၊   (Gem grinding)ကျောက်မျက်ရတနာများ   ခွဲခြင်းသွေးခြင်းတို့မှ ထွက်ပေါ်လာသော ညှော်နံ့များ၊    အမှုန့်များကြောင့် ဖြစ်သည်။ ထိုအနံ့များ၊   အမှုန့်များသည်   လေထုထဲ သို့   ပျံ့နှံ့ရောက်ရှိသွားပြီး    လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ကျောက်ဂွမ်းမှုန့်၊ ဂျုံမှုန့်၊ ဝါဂွမ်း နှင့် ချည်မျှင် စက်ရုံတို့မှ ထွက်ရှိသော   အမှုန့်များ ကြောင့်လည်း    လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပါ သည်။

 


ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လေထုညစ်ညမ်းမှုပိုမိုများပြားလာသည်။ ခေတ်မီခြင်း နှင့် လေထုညစ်ညမ်းမှုသည်     တိုက်ရိုက်အချိုးကျ သည်မဟုတ်။   သို့သော်လည်း      လုပ်ငန်းခွင်၏ တည်နေရာ၊ စွန့်ပစ်ပစ္စည်း စနစ်တကျ မစွန့်ပစ်ခြင်း၊ ကျန်းမာရေး   ပညာပေးအချက်အလက်များကို မလိုက်နာခြင်းတို့အပေါ်တွင်       မူတည်ပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ     ခေတ်မီစက် ကိရိယာများကို အသုံးပြုခြင်း၊   စက်ရုံ၊  အလုပ်ရုံ ပေါများသော အရပ်ဒေသများတွက်လူဦးရေ ထူထပ် လာခြင်း၊ ခေတ်မီပိုးသတ်ဆေးများကို အသုံးပြုခြင်း တို့ကြောင့် ဖြစ်သည်။

 


လေထုညစ်ညမ်းမှုများခန္ဓာကိုယ်အတွင်းသို့
ဝင်ရောက်ခြင်း


လေထုညစ်ညမ်းမှုသည်   သက်ရှိတို့၏  ခန္ဓာ ကိုယ် အတွင်းသို့ နည်းလမ်းနှစ်သွယ်ဖြင့် ဝင်ရောက် လာနိုင်ပေသည်။ လေထုညစ်ညမ်းမှုများသည် အပင် နှင့် သတ္တဝါတို့၏ တစ်သျှူးများထဲသို့    တိုက်ရိုက် ဝင်ရောက်ခြင်း (သို့မဟုတ်) သစ်ပင်တို့၏ သစ်ရွက် လေရှူပေါက်များ၊   သတ္တဝါတို့၏    အဆုတ်များသို့ ဝင်ရောက်ခြင်း     (သို့မဟုတ်)    ခန္ဓာကိုယ်ပေါ်ရှိ ချွေး ပေါက်များမှတစ်ဆင့်    ဝင်ရောက်ခြင်းဖြစ်သည်။ ဒုတိယတစ်နည်းမှာ   လေထုညစ်ညမ်းမှုများသည် ရေ (သို့မဟုတ်)  မြေဆီလွှာထဲတွင်    ကပ်တင်အနည် ကျပြီး အပင်များမှ ပျော်ရည်အဖြစ် စုပ်ယူ၍ လူနှင့် သတ္တဝါတို့မှ     အပင်များကို        စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာနိုင်ပေသည်။

 


လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ


လေထုညစ်ညမ်းမှုကြောင့်     ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်။  မော်တော်ယဉ်များမှ ထုတ်လွှတ် လိုက်သော အငွေ့များနှင့် ဆေးလိပ်မီးခိုးငွေ့များတွင် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့များ    ပါဝင်သည်။ လူသားများ အသက်ရှူလိုက်သည့်အခါ လေထဲမှ သွေး၏ အောက်ဆီဂျင်သယ်ပို့မှုနှင့်အတူ ပါဝင်လာ ပြီး အောက်ဆီဂျင်စွမ်းရည်ကို ထိခိုက်စေနိုင်ပါသည်။ ဦးနှောက်နှင့်   နှလုံးသို့   အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းပြီး မူးဝေခြင်း၊ သတိလစ်မေ့မြောခြင်းများ ဖြစ်ပေါ်စေသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကာဗွန်မိုနောက်ဆိုက်ကို    ရှူရှိုက်ပါက   သန္ဓေသား ကြီးထွားမှုကို   ထိခိုက်စေနိုင်ပါသည်။

 


လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊   ရေနံချက် စက်ရုံများ၊ သံရည်ကျိုလုပ်ငန်းများ၊ စက္ကူပျော့ဖတ် စက်ရုံများ၊ ဆာလဖာပါရှိသော ကျောက်မီးသွေးနှင့် လောင်စာဆီများ လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာ သော   ဆာလဖာဒိုင်အောက်ဆိုက်သည်   အဆုတ် ရောဂါကိုဖြစ်စေပြီး နှလုံးကိုလည်း ထိခိုက်စေသည်။ ဆာလဖာဒိုင်အောက်ဆိုက်သည်       လေထုထဲရှိ နိုက်ထရိုဂျင်အောက်ဆိုက်နှင့်    ဓာတ်ပြုသည့်အခါ အက်စစ်မိုးအဖြစ် ရွာကျပြီး    သစ်တောသစ်ပင်၊ အသီးအနှံများကို ပျက်စီးစေသည်။  သက်မဲ့ပစ္စည်း များဖြစ်သော ကျောက်တိုင်များ၊ သတ္တုပစ္စည်းများ၊ တိုက်တာအဆောက်အအုံများကိုလည်း    ထိခိုက် ပျက်စီးစေပါသည်။

 


မော်တော်ယာဉ်များ၊ ဘွိုင်လာများမှ ထုတ်လွှတ် လိုက်သော နိုက်ထရိုဂျင်အောက်ဆိုက်ကို   ရှူရှိုက် မိပါက တုပ်ကွေး၊ အဆုတ်အအေးမိခြင်း၊  ရင်ကျပ် ခြင်းများကို ဖြစ်ပေါ်စေသည်။ လေထုထဲသို့ အများ ဆုံး   ထုတ်လွှတ်နေသော  ဓာတ်ငွေ့မှာ   ကာဗွန်ဒိုင် အောက်ဆိုက်ပင်ဖြစ်သည်။  ကာဗွန်ဒိုင်အောက်ဆိုက် သည် အပင်များ နေရောင်ခြည်ဖြင့် အစာချက်လုပ်ရာ တွင် ကုန်ကြမ်းဖြစ်ပြီး လူသားတို့အတွက် အောက် ဆီဂျင်ကို ပြန်ထုတ်ပေးသည်။     အရာဝတ္တုများ မီးလောင်ခြင်း၊ သက်ရှိများ အသက်ရှူထုတ်ခြင်း တို့တွင်   လေထုထဲသို့    ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ကြသည်။ လေထုထဲတွင်   ကာဗွန်ဒိုင် အောက်ဆိုက်  များပြားလာသည့်အခါ    ကမ္ဘာကြီးကို ပူနွေးစေပါသည်။    ကာဗွန်ဒိုင်အောက်ဆိုက်သည် လေထုထဲတွင် တစ်ရာခိုင်နှုန်းထက်     ပိုများပါက လူတချို့ကို  မူးဝေစေသည်။ ခုနစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ရှိပါက ခေါင်းကိုက်ခြင်း၊ အကြား အမြင်      အာရုံကို    ထိခိုက်စေပြီး      မိနစ်ပိုင်းမှ တစ်နာရီကြာသည်အထိ  မေ့မြောသွားနိုင်ပါသည်။

 


သတ္တုတွင်းလုပ်ငန်း၊ ဆေးမှုတ်လုပ်ငန်း၊ ဓာတ် သတ္တုလုပ်ငန်းများမှ ထွက်လာသော ခဲ၊ ခရိုမီနီယမ်၊ ကြေး၊ မင်ဂနိ၊ မာကြူရီ စသည့်အမှုန်အမွှားများနှင့် အခိုးအငွေ့များကြောင့်   အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများနှင့်     နာတာရှည်ရောဂါများ၊ ရင်ကျပ်ရောဂါများကို   ဖြစ်စေနိုင်ပြီးခဲနှင့် မင်ဂနိတို့ သည် အာရုံကြောကို   ထိခိုက်ပြီး    ခရီမီယမ်သည် ကျောက်ကပ်ကို  ပျက်စီးစေပါသည်။   လေထုထဲရှိ ခရမ်းလွန်ရောင်ခြည်သည် ခေါင်းမူးခြင်း၊ ချမ်းခြင်း၊ ချောင်းဆိုးခြင်းတို့မှတစ်ဆင့် အဆုတ်ကင်ဆာကို လည်း ဖြစ်စေနိုင်ပါသည်။

 


လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ရန်နည်းလမ်းများ


လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် မော်တော်ယဉ်များတွင် အန္တရာယ်ရှိသော လောင်စာ ဆီကို အစားထိုးလောင်စာများဖြင့် အသုံးပြုရမည်။ မော်တော်ယာဉ်မီးခိုးငွေ့တွင် ပါဝင်သော ကာဗွန်ဒိုင် အောက်ဆိုက်သည် လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်စေ သောကြောင့် ဓာတ်ဆီ၊ ဒီဇယ်များကို အသုံးပြုမည့် အစား CNG(compound natural gas)ကို   အသုံး ပြုသင့်သည်။ CNG သည်  ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ထက် ၂ ဒသမ ၅ ကီလိုဂရမ်နီးပါး လျော့နည်းသောကြောင့် ဖြစ်သည်။                             

 


မိမိတို့၏     နေအိမ်အဆောက်အအုံများတွင် ဓာတုစွမ်းအင်သုံးစွဲမှုကို လျှော့ချကြရမည်။ သာမန် လုပ်ငန်းရပ်များတွင် စက်စွမ်းအားကို အသုံးမပြုဘဲ လူစွမ်းအားဖြင့်သာ      တတ်နိုင်သလောက် ဆောင်ရွက်ကြရမည်။ သို့မှသာ  လေထုညစ်ညမ်းမှုကို လျော့ကျစေရုံသာမက   ခြိုးခြံချွေတာမှုလည်း ထိရောက်ပေလိမ့်မည်။ မော်တော်ယာဉ်သုံးစွဲမှုကို လည်း လျှော့ချကြရမည်။ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ရုံသာမက ကျန်းမာရေးနှင့်လည်း  ပို၍ သင့်တော်ပေလိမ့်မည်။

 


လေထုညစ်ညမ်းမှုကို   တိုက်ဖျက်ရန်   အဓိက အချက်မှာ     သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ သစ်ပင်ပန်းမန်များသည်  လေထုထဲရှိ   အန္တရာယ် ဖြစ်စေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို များစွာ စုပ်ယူနိုင်သောကြောင့်ဖြစ်သည်။ လူသားတို့အတွက် လိုအပ်သော အောက်ဆီဂျင်ကိုလည်း သစ်ပင်များမှ များစွာထုတ်လုပ်ပေးသည်။ မိမိအိမ်ခြံဝင်းအတွင်း တတ်နိုင်သမျှ အစိမ်းရောင်ရသော သစ်ပင်များကို စိုက်ပျိုးကြရမည်။ မိမိပတ်ဝန်းကျင် သာယာလှပ ရုံသာမက လေကောင်းလေသန့်ရရှိ၍ လေထုညစ် ညမ်းမှုကိုလည်း တိုက်ဖျက်ရာရောက်ပေသည်။

 


လေထုညစ်ညမ်းမှုတိုက်ဖျက်ရာတွင် ရေသည် လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သန့်စင် သောရေတွင် အောက်ဆီဂျင်ပါဝင်မှု အားကောင်း ပါသည်။ မြစ်ချောင်း၊ အင်းအိုင်များကို ရေမခန်းခြောက် ရန် ပြုပြင်ထိန်းသိမ်းကြရမည်။ မိမိ၏ အိမ်အတွင်း အပြင်၌ နွေရာသီ၊ ဆောင်းရာသီတို့တွင်    တစ်နေ့ နှစ်ကြိမ်မျှ ရေဖျန်းပက်ခြင်းအားဖြင့်လည်း   လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်ပေသည်။

 


လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်စို့


      လေထုညစ်ညမ်းမှုကို  တိုက်ဖျက်ရန်အတွက် အဓိကကျသော အချက်မှာ အစိုးရ၊ အစိုးရမဟုတ် သော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပြည်သူများ အပြန် အလှန်လေးစားမှုရှိကြရမည်။ အစိုးရနှင့်   ပုဂ္ဂလိက အဖွဲ့အစည်းများသည်   လေထုညစ်ညမ်းမှုအချက် အလက်များကို  အတိအကျသိရှိရန်     စနစ်တကျ လုပ်ဆောင်ပြီး ပြည်သူလူထုထံ    သတင်းအချက် အလက်ပေးကြရမည်။ ပြည်သူလူထုကလည်း မိမိ တို့၏ အသက်အန္တရာယ်ဖြစ်စေသော   လေထုညစ် ညမ်းမှုကို လေ့လာကြရမည်။ သတိပေး ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရမည်။ လေထု ညစ်ညမ်းမှုသည် မိမိသာမက မိမိ၏ မျိုးဆက်၊   မိမိ နိုင်ငံတော်၏ အနာဂတ်အရေးကိုပါ ထိခိုက်စေနိုင် သည်ကို သတိပြုကြရမည်။ မိမိတို့ အတတ်နိုင်ဆုံး၊ အလိုက်နာနိုင်ဆုံးသော နည်းလမ်းများဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချမှုပြုကြရမည်။

 


     ၂၀၁၉ ခုနှစ်တွင်   ကျင်းပပြုလုပ်ခဲ့သည့်    (၇၄) ကြိမ်မြောက်     ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေ သည့် အကြောင်းရင်းများ၊ အကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို ထိရောက်စွာဖြေရှင်းနိုင်သည့် အရည်အသွေးများကို   သိရှိနားလည်ရန်အတွက် စက်တင်ဘာ ၇ ရက်ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်း သောလေထုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ  ၇ ရက်တွင်    ကျရောက်သော တတိယအကြိမ်မြောက်       အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော      လေထုနေ့ဆောင်ပုဒ်ဖြစ်သော  ‘‘လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟူသည့်   တိုက်တွန်းချက်နှင့်အညီ    သန့်စင်သော လေရှူရှိုက်ဖို့ ပြည်သူတစ်ရပ်လုံးအနေဖြင့်   လေထု ညစ်ညမ်းမှုကို      ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့ဟု  ရေးသားလိုက်ရပေသည်။    ။