လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

Type
1

 

စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာတင်အောင်ဝင်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ ဖြစ်ပေါ်လာပုံ


၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့သည် တတိယအကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (The Third International  Day  of  Clean  Air  for  Blue  Skies)  ဖြစ်သည်။ လေထုအရည်အသွေး    ကောင်းမွန်စေရေးအတွက်    လူသားများ၏  အသိအမြင်နှင့် နားလည်သဘောပေါက်မှုတို့အား မြှင့်တင်ပေးနိုင်ရန်  နှင့်  ဖြေရှင်းဆောင်ရွက်မှုများ တိုးတက်လာစေနိုင်ရန် ရည်ရွယ်ပြီး စက်တင်ဘာလ  ၇  ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ  သန့်ရှင်းသော လေထုနေ့      (International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ်ရန်  ၂၀၁၉  ခုနှစ်တွင်  ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

 


၂၀၂၂  ခုနှစ်  အပြည်ပြည်ဆိုင်ရာ  သန့်ရှင်းသော လေထုနေ့၏ ဆောင်ပုဒ်မှာ  “လေထုသန့်ရှင်းဖို့  အားလုံးပူးပေါင်းဆောင်ရွက်စို့ (The Air We Share)” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်၏ ရည်ရွယ် ချက်မှာ    လေထုညစ်ညမ်းမှုသည်    နယ်စပ်ဖြတ်ကျော်ရောက်ရှိပြီး ညစ်ညမ်းမှုဖြစ်စေနိုင်သော သဘောသဘာဝရှိသည့်အတွက် ကျွန်ုပ်တို့ လူသားတိုင်း၊ နိုင်ငံတိုင်းတွင် တာဝန်ရှိနေမှုနှင့်အညီ ကျွန်ုပ်တို့ လူသား အားလုံး၊ နိုင်ငံအားလုံး ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

 


လေထုညစ်ညမ်းမှုအန္တရာယ်


ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှု များအရ  လေထုညစ်ညမ်းမှုသည်  ကမ္ဘာတစ်ဝန်းရှိ  လူသားများ၏  ကျန်းမာရေးအပေါ်  ထိခိုက်စေလျက်ရှိသော ပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီဖြစ်သည်။ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ  ခုနစ်သန်းခန့်သည် အရွယ်မတိုင်မီ သေဆုံးနေကြရသည်။  ၂၀၁၉ ခုနှစ်တွင် လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့လူဦးရေ၏  ၉၉  ရာခိုင်နှုန်းသည်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော  လေထုအရည်အသွေး   လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိသော   လေထုအရည်အသွေးရှိသည့်   နေရာများတွင် နေထိုင်နေကြရသည်။

 


 ပြင်ပလေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကြောင့် ၂၀၁၉ ခုနှစ်တွင်  လူဦးရေ လေးသန်းခန့်သည် သေဆုံးခဲ့ရပြီး အရှေ့အာရှဒေသနှင့်  ဥရောပအလယ်ပိုင်းဒေသများတွင် သေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသေဆုံးခဲ့မှုများ၏ ၁၅ ရာခိုင်နှုန်း သည်   ပြင်ပလေထုညစ်ညမ်းမှုနှင့်  ဆက်စပ်လျက်ရှိသည်။   လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော အဓိကညစ်ညမ်းစေသည့်အရာများမှာ ရာသီဥတုအပေါ် သက်ရောက်မှုများရှိပြီး မှန်လုံအိမ်ဓာတ်ငွေ့များ၏ အဓိကရင်းမြစ်များဖြစ်ခြင်းကြောင့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့သည် ဆက်စပ်လျက်ရှိသည်။  လေထုအရည်အသွေးကောင်းမွန်စေရေးအတွက် နိုင်ငံများ၏ ဆောင်ရွက်ချက်များသည် တဖြည်းဖြည်း    တိုးတက်လာသော်လည်း    သန့်ရှင်းသောလေထု ဖြစ်စေရန်   ဆောင်ရွက်တိုးတက်မှုများ  ရရှိရေးအတွက်   အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့် လုပ်ဆောင်နိုင်မှုပိုင်းဆိုင်ရာ ကွာဟ ချက်များသည် နှောင့်နှေးမှုများဖြစ်စေကြောင်း လေ့လာသိရှိရပါသည်။

 


လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများ၌ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး လာမှု၊ မော်တော်ယာဉ်  အသုံးပြုမှုများပြားလာမှု၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ    တိုးမြှင့်လာမှု၊   ရုပ်ကြွင်းလောင်စာများ     အသုံးပြုမှု များပြားလာမှုတို့နှင့်အတူ ရာသီဥတုပြောင်းလဲလာပြီး အပူချိန်တိုးမြှင့် လာမှုကြောင့်  ဖြစ်ပေါ်လာသည့်  တောမီးလောင်ကျွမ်းမှုများသည် လည်း လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပေါ်စေကြောင်း လေ့လာတွေ့ရှိ ရသည်။

 


အဆိုပါလေ့လာဆန်းစစ်တွေ့ရှိမှုများအရ ပတ်ဝန်းကျင်ဆိုင်ရာ  စိန်ခေါ်မှုများနှင့်    ပြဿနာများတွင်    လေထုညစ်ညမ်းမှုပြဿနာ သည်  ဦးစားပေးအနေဖြင့်  ကမ္ဘာပေါ်တွင်  အစဉ်တစိုက်  ရေရှည် ဖြေရှင်းဆောင်ရွက်သွားရမည့် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီ ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့အတွက်ကြောင့် ၂၀၁၉  ခုနှစ်   မတ်လတွင်   ကျင်းပခဲ့သည့်   စတုတ္ထအကြိမ်မြောက်   ကမ္ဘာ့ ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံက လေထုညစ်ညမ်းမှုပြဿနာကို အလျင်အမြန်   အရေးယူဖြေရှင်းဆောင်ရွက်ရန်  ဆွေးနွေးဆုံးဖြတ် ခဲ့ကြခြင်းဖြစ်သည်။

 


လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး လေ့လာကြည့်မည်ဆိုပါက အိမ်တွင်း  လေထုညစ်ညမ်းမှုနှင့်   ပြင်ပလေထုညစ်ညမ်းမှုဆိုပြီး နှစ်ပိုင်းခွဲခြားကာ   လေ့လာကြည့်နိုင်ပါသည်။  အိမ်တွင်း   လေထု ညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်းမှာ လူနေအိမ်များတွင် နေ့စဉ်ထမင်းဟင်း ချက်ပြုတ်ခြင်းနှင့်   အပူစွမ်းအင်နှင့်   အလင်းစွမ်းအင်များ    ရရှိရေး အတွက် ထင်း၊ မီးသွေး စသည့်လောင်စာများကို အသုံးပြုခြင်းတို့မှ ထွက်ရှိလာသော အခိုးအငွေ့များကြောင့် ဖြစ်ပါသည်။ 

 


ပြင်ပလေထုညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်းမှာ စက်မှုကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စသည့်  ကဏ္ဍအသီးသီးမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့ များ၊   စွန့်ပစ်ပစ္စည်းများကို   လဟာပြင်တွင်   မီးရှို့ဖျက်ဆီးခြင်းမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသော အမှုန်အမွှားများ၊ မီးတောင် ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်သည့် မီးလောင် ခြင်းတို့မှ  ထွက်ရှိလာသော  မီးခိုးမြူငွေ့များကြောင့်  ဖြစ်ပါသည်။ အဆိုပါအကြောင်းအရင်းများအရ လေထုညစ်ညမ်းမှုသည် လူတစ်ဦး တစ်ယောက်တည်း၊ လုပ်ငန်းတစ်ခုတည်း၊ ဌာန/အဖွဲ့အစည်းတစ်ခု တည်း၊  ကဏ္ဍတစ်ခုတည်း၊  နိုင်ငံတစ်ခုတည်းနှင့်  သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုမဟုတ်ဘဲ  ကျွန်ုပ်တို့  လူသားအားလုံး၊  သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးနှင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနှင့် သက်ဆိုင်နေ ကြောင်း လေ့လာတွေ့ရှိနိုင်သည်။
လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် 
လက်ရှိဆောင်ရွက်နေမှု
မြန်မာနိုင်ငံအနေဖြင့်လည်း   ကမ္ဘာ့နိုင်ငံများနည်းတူ   ရေရှည် စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက်   လေထုညစ်ညမ်းမှု အပါအဝင် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကို ကာကွယ်နိုင်ရေး  နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကဏ္ဍ အသီးသီးတွင်    ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက်    ဦးတည်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့်       အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ     အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ 

 


၂၀၁၉ ခုနှစ်တွင် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်တို့ကိုလည်းကောင်း၊   ၂၀၂၀  ပြည့်နှစ်တွင်   မြန်မာနိုင်ငံ အမျိုးသားအဆင့်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု  မဟာဗျူဟာနှင့်  ပင်မ  လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကိုလည်းကောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေး အပါအဝင် ရာသီဥတုပြောင်းလဲလာမှုအပေါ် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အိုဇုန်းလွှာကာကွယ် ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ    ကွန်ဗင်းရှင်း၊    ပဲရစ်သဘောတူညီချက်၊    ဘာဆယ် ကွန်ဗင်းရှင်း၊  စတော့ဟုမ်းကွန်ဗင်းရှင်းနှင့်  နယ်စပ်ဖြတ်ကျော်မီးခိုး မြူငွေ့ဆိုင်ရာ  အာဆီယံသဘောတူညီချက်များတွင်  အဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။


(ဆက်လက်ဖော်ပြပါမည်)