လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

Type
၅

 

ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
 

 

ကျွန်ုပ်တို့လူသားအားလုံး အသက်ရှင်သန်ရန်အတွက် လေကို မဖြစ်မနေ စက္ကန့်နှင့်အမျှ ရှူနေကြရပါသည်။ လူသားများသာမက သက်ရှိသတ္တဝါများ၏ နှာခေါင်း မှတစ်ဆင့် ရှူရှိုက်လိုက်သော လေကို ခန္ဓာကိုယ်အတွင်းရှိ အဆုတ်က အသုံးချနိုင်သည်မှာ  လေထဲတွင်ပါဝင်သော အောက်ဆီဂျင်သာ ဖြစ်ပါသည် ။ ထို့ကြောင့် ရှူရှိုက်လိုက်သည့်လေတွင်  သန့်ရှင်းမှုမရှိဘဲ  ညစ်ညမ်းဓာတ်ငွေ့များ၊ ညစ်ညမ်းသည့် အမှုန်အမွှားများ ပါဝင်နေမည်ဆိုပါက အသက်ရှူလမ်းကြောင်းနှင့် ဆက်နွှယ်သည့် ရောဂါဘယများ ဖြစ်ပေါ်လာမည်မှာ ဧကန်မုချဖြစ်ပါသည်။ 

 


နေ့စဉ်နှင့်အမျှ    တိုးတက်လာသော   ကမ္ဘာ့ လူဦးရေနှင့်    အဆိုပါလူသားများ၏   တီထွင်ကြံဆ ဆောင်ရွက်ချက်များ၊  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များသည်    လေထုညစ်ညမ်းမှုကို   ဖြစ်ပေါ်စေပြီး သက်ရှိများနှင့်  ပတ်ဝန်းကျင်အပေါ်တွင်   ဆိုးကျိုး များစွာဖြစ်ပေါ်စေလျက်ရှိပါသည်။  ညစ်ညမ်းသည့် လေများ နေ့စဉ်ရှူရှိုက်နေရပါက လူသားနှင့် သက်ရှိ များ အရွယ်မတိုင်မီ အသက်သေဆုံးခြင်းများအထိ ဖြစ်ပေါ်နိုင်ပြီး  ကောက်ပဲသီးနှံများနှင့်  သစ်တော၊ သစ်ပင်များကိုလည်း        ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိလူသားများသာမက သက်ရှိ အားလုံး   ကျန်းမာစွာ  အသက်ရှင်သန်နေထိုင်ရန် သန့်ရှင်းသောလေကို         ရှူရှိုက်ခွင့်ရရှိရေးသည် လွန်စွာအရေးကြီးလှပြီး လေထုသန့်ရှင်းရေးအတွက် ဦးစားပေးအနေဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်နေပြီဖြစ်ပါသည်။

 


လေထုအကြောင်း 


စကြဝဠာအတွင်း သက်ရှိများရှင်သန်နေထိုင် နိုင်သည့် တစ်ခုတည်းသော ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ကို လေထု(Atmosphere)က ဝန်းရံထားပြီး အဆိုပါ လေထုသည် ကမ္ဘာ့မြေပြင်အထက် မိုင်ပေါင်း ၃၀၀ (၅၀၀ ကီလိုမီတာ) ခန့်အထိ တည်ရှိနေပါသည်။ ထိုကဲ့သို့ ကမ္ဘာ့လေထုကြီးတည်ရှိနေခြင်းကြောင့်  လည်း မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ် လာရခြင်းဖြစ်ပါသည်။  ကျွန်ုပ်တို့   လူသားများက ရှူရှိုက်နေကြသောလေသည်     ကမ္ဘာ့မြေမျက်နှာပြင် အထက် ငါးမိုင်မှ  ကိုးမိုင်အတွင်းရှိ  လေထုအတွင်းမှ လေများဖြစ်ပါသည်။        ကမ္ဘာ့လေထုအတွင်း၌  ဓာတ်ငွေ့မျိုးစုံပါဝင်နေပြီး        အဓိကပါဝင်သည့် ဓာတ်ငွေ့နှစ်မျိုးမှာ  နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊   အောက်ဆီဂျင်   ၂၁   ရာခိုင်နှုန်း  ပါဝင်၍ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ ဟီလီယန်၊ နီယွန်၊ အာဂွန် အစရှိသည့် အခြားဓာတ်ငွေ့များ၏ ပါဝင်မှု မှာ  ၁  ရာခိုင်နှုန်းခန့်သာရှိပါသည်။   လေထုထဲ၌ အဆိုပါဓာတ်ငွေ့များအပြင် ရေခိုးရေငွေ့နှင့် အမှုန် အမွှားမျိုးစုံလည်း ပါဝင်နေပါသည်။

 


လေထုညစ်ညမ်းမှု


ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာအနက် လေထုညစ်ညမ်းမှုပြဿနာသည်     တစ်နေ့တခြား ပိုမိုများပြားလာသည်ကို  တွေ့ရှိရပါသည်။  လေထု ညစ်ညမ်းမှုကို   ရိုးရှင်းစွာ   အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လေထုအတွင်း  မလိုလားအပ်သည့် ဓာတုပစ္စည်းနှင့် အခြားအရာများ ရောနှောပါဝင်နေမှုကြောင့် လေ အရည်အသွေးကျဆင်းခြင်းကို      ခေါ်ဆိုပါသည်။ လေထုအတွင်းသို့   ဓာတုပစ္စည်းများ  (Chemicals)၊ အလွန်သေးငယ်သော   အမှုန်အမွှားများ  (Parti-culate Matters , PM) နှင့် ဇီဝပစ္စည်းများ(Biological Materials) ရောက်ရှိနေခြင်းကြောင့်  သက်ရှိများ ရောဂါဘယဖြစ်စေခြင်း၊  သေဆုံးခြင်းနှင့်  သီးနှံကဲ့သို့ သော ဇီဝရုပ်များ(Living Organisms)ကို   ပျက်စီး စေခြင်း၊    သဘာဝပတ်ဝန်းကျင်ကို   ထိခိုက်ပျက်စီး စေခြင်းပင်    ဖြစ်ပါသည်။   လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အရာများသည် အစိုင်အခဲအဖြစ်သော် လည်းကောင်း၊  အရည်အဖြစ်သော်လည်းကောင်း၊ အငွေ့အဖြစ်သော်လည်းကောင်း တည်ရှိနိုင်ပါသည်။

 


လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ


လေထုညစ်ညမ်းမှုသည် သဘာဝဘေးအန္တရာယ် များဖြစ်သည့် တောမီးလောင်ကျွမ်းခြင်း၊ မီးတောင် ပေါက်ကွဲခြင်းစသည့် သဘာဝဖြစ်စဉ်များကြောင့်သော်လည်းကောင်း၊ လူသားတို့၏ လုပ်ဆောင်မှုများ ဖြစ်သည့် စက်ရုံအလုပ်ရုံများ၊ မော်တော်ယာဉ်များ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ         တိုးတက်များပြားလာမှုကြောင့် ထွက်ပေါ်လာသည့်  အခိုးအငွေ့နှင့် အမှုန်အမွှားများ ကြောင့်သော်လည်းကောင်း    ဖြစ်ပေါ်ရပါသည်။ ကမ္ဘာ့လေထုထဲတွင် လေထုညစ်ညမ်းမှုကို   ဖြစ်စေ သည့်အရာ   ပစ္စည်းများမှာ  အမျိုးပေါင်း ၁၀၀ ခန့် ရှိနိုင်ပါသည်။ ၎င်းတို့အနက်မှ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်    အဓိကအရာများမှာ   ဆာလ် ဖာအောက်ဆိုက်များ(SOx)၊  နိုက်ထရိုဂျင်အောက် ဆိုက်များ(NOx)၊   ကာဗွန်မိုနော့ဆိုက်(CO)၊  အလွန် သေးငယ်သည့်   အမှုန်အမွှားများ(PM10 နှင့် PM2.5)၊ အငွေ့ပျံလွယ်သည့်  သြဂဲနစ်ဒြပ်ပေါင်းများ (VOCs)၊ ရေဒီယိုသတ္တိကြွညစ်ညမ်းပစ္စည်းများ၊ ခဲ၊ ပြဒါးကဲ့သို့ သောအဆိပ်သင့်စေသည့်  သတ္တုများ၊ အမိုးနီးယား (NH3)နှင့် စွန့်ပစ်ပစ္စည်းများ၊ မိလ္လာနှင့်အညစ်အကြေး များ၊    စက်မှုလုပ်ငန်းများမှ    ထွက်ရှိသော အနံ့ဆိုး များ    စသည်တို့ဖြစ်ကြပါသည်။   ထို့ပြင် ဆင့်ပွား ညစ်ညမ်းမှုများဖြစ်သည့်  မီးခိုးမြူများ (Smog) နှင့်  မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့ (Ground Level Ozone)တို့သည်လည်း လေထုညစ်ညမ်းမှု အဓိကဖြစ်ပေါ်စေ သည့် အရာများပင်ဖြစ်ပါသည်။ အဆိုပါ ညစ်ညမ်းစေ သည့် ပစ္စည်း(Pollutants)များ သည်   စက်မှုလုပ်ငန်း အမျိုးမျိုး၊   ကျောက်မီးသွေး၊ ရေနံနှင့် ရုပ်ကြွင်း လောင်စာများ လောင်ကျွမ်းသည့်အခါ (သို့မဟုတ်)   အပြည့်အဝမလောင်ကျွမ်းခြင်း၊ မော်တော်ယာဉ်များ ၏ အိတ်ဇောပိုက်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ များ၊  တောမီးလောင်ကျွမ်းခြင်းများ စသည်တို့ ကြောင့်  ထွက်ရှိလာပြီး   အန္တရာယ်ကြီးမားသည့် ကမ္ဘာ့ လေထုညစ်ညမ်းမှုများကို     စတင်ဖြစ်ပေါ်လာစေ ပါသည်။

 


လူသားတို့အပေါ် ကျန်းမာရေးဆိုင်ရာ
ဆိုးကျိုးသက်ရောက်မှုများ


လေထုညစ်ညမ်းမှုကို  ဖြစ်ပေါ်စေသည့်   အဓိက အရာပစ္စည်းများဖြစ်ကြသည့် ဆာလ်ဖာဒိုင်အောက် ဆိုက်ဓာတ်ငွေ့(SO2)များသည် စူးရှ၍ မနှစ်မြို့ဖွယ် အနံ့ရှိပြီး ရှူရှိက်မိပါက  နှာခေါင်းနှင့်  လည်ချောင်း ကိုယားယံစေခြင်း၊   ချောင်းဆိုးခြင်း၊   အသက်ရှူရ ခက်ခဲခြင်း၊ ရင်ဘတ်တစ်ဝိုက် တင်းကျပ်သည့် ဝေဒနာ ခံစားရခြင်း  စသည့်ရောဂါများကို   ဖြစ်ပေါ်စေနိုင် ပါသည်။   နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်   ဓာတ်ငွေ့ (NO2)များကို   အချိန်ကြာမြင့်စွာ   ရှူရှိုက်မိပါက ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်၏ လုပ်ငန်းစဉ်များ ကို ယုတ်လျော့စေခြင်း၊ ပန်းနာရင်ကျပ်ရောဂါအခံရှိ သူများ ပိုမို ထိခိုက်ခံစားလွယ်ခြင်း ၊ အရေပြားယားယံ ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်ပါသည်။ ကာဗွန်မို နော့ဆိုက်ဓာတ်ငွေ့(CO)များသည်  ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် အချိန်ကြာမြင့်စွာ ရှူရှိုက်မိပါက အသက်သေဆုံး ခြင်းအထိပင်  ဖြစ်စေနိုင်ပါသည်။   အလွန်သေးငယ် သော အမှုန်အမွှားများ(PM2.5 နှင့် PM10) တို့သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်း အထိ  ရောက်ရှိနိုင်ပြီး   နှလုံးရောဂါနှင့်   အဆုတ် ကင်ဆာရောဂါများအထိ          ဖြစ်ပွားနိုင်ပါသည်။ မြေပြင်ရှိ    အိုဇုန်းဓာတ်ငွေ့များ  (Ground Level Ozone)ဓာတ်ငွေ့များသည် အဆုတ်ကို ထိခိုက်စေ နိုင်ပြီး ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ ဖြစ်ပွားလွယ်ခြင်း နှင့်  အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
UNEP ၏ အဆိုအရ ကမ္ဘာပေါ်ရှိ လူသားအားလုံး ၏ ၉၂   ရာခိုင်နှုန်းခန့်သည်  သန့်ရှင်းသောလေကို မရှူကြရကြောင်း၊ ညစ်ညမ်းသောလေကို ရှူရှိုက်နေ ကြရသဖြင့်   အကြမ်းဖျင်းအားဖြင့်  နှစ်စဉ်လူဦးရေ ခုနစ်သန်းခန့်သည်  အရွယ်မတိုင်မီ  သေဆုံးနေရ ကြောင်း၊  ၎င်းတို့အနက်  အသက်ငါးနှစ်အောက် ကလေးငယ်များ   သေဆုံးမှုသည်   ပိုမိုများပြား ကြောင်း သိရှိရပါသည်။ အရွယ်မတိုင်မီ  သေဆုံးမှု များသည် နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာ ရှည်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း  စသည်ရောဂါများ ဖြစ်ပွားမှုကြောင့် သေဆုံးရခြင်းများ   ဖြစ်ပါသည်။    အသက်ငါးနှစ် အောက်ကလေး ၁၀ ယောက်တွင် တစ်ယောက်သည် လေထုညစ်ညမ်းမှုကြောင့်        ဖြစ်ပွားတတ်သည့် နမိုးနီးယားနှင့်  အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ  ရောဂါများ ကြောင့်  သေဆုံးကြရသဖြင့် လေထုညစ်ညမ်းမှုသည်    ကလေးငယ်များအတွက် အလွန်အန္တရာယ်များ လှပါသည်။

 


သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ


ညစ်ညမ်းသောလေထုတွင်   ပါဝင်သည့်  အမှုန် အမွှားများ၊ မြေပြင်အိုဇုန်းများသည်  အပင်များ၏ အရွက်များအပေါ်  ဖုံးအုပ်ခြင်းကြောင့် အပင်များ အနေဖြင့် အလင်းမှီစုအစာချက်လုပ်ခြင်း (Photo-synthesis)  လုပ်ငန်းများတွင်  အဓိကလိုအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှု လျော့နည်းလာရပါ သည်။  ထိုအခါ   အပင်များကြီးထွားမှုကို   အဟန့် အတားဖြစ်စေပြီး    အထူးသဖြင့်   ပျိုးပင်များ၏ ရှင်သန်ကြီးထွားမှုကို ယုတ်လျော့လာစေကာ ပိုးမွှား ရောဂါနှင့် မှိုရောဂါများ ကျရောက်လာကြရပါသည်။ ထို့ကြောင့် သီးနှံအထွက်နှုန်းကျဆင်းမှု၊ သစ်တော ထွက်ပစ္စည်းများ  အထွက်နှုန်းကျဆင်းမှုတို့ ဖြစ်ပေါ် လာရပါသည်။ ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်သည့် ပြေပြင်အနီးရှိ အိုဇုန်းဓာတ်ငွေ့များ တဖြည်းဖြည်း တိုးမြင့်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အဓိကသီးနှံများ   အထွက်နှုန်းသည်   ၂၆   ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်ကြောင်း WHO နှင့် ပတ်ဝန်း ကျင်ဆိုင်ရာသိပ္ပံပညာရှင်များ၏    ထုတ်ပြန်ချက်များ အရ သိရှိရပါသည်။

 


ရုပ်ကြွင်းလောင်စာများသုံးစွဲသော       စက်ရုံ၊ အလုပ်ရုံနှင့်  မော်တော်ယာဉ်များက ထုတ်လွှတ် လိုက်သည့်   ညစ်ညမ်းပစ္စည်းများတွင်   ပါဝင်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်(SO2)နှင့် နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်(NO2)များသည်     လေထုအတွင်းသို့ ရောက်ရှိသွားပြီး   တိမ်တိုက်များ၏  ရေမော်လီကျူး များ(H2O)နှင့်  ပေါင်းစပ်မိသည့်အခါ  ဆာလ်ဖျူရစ် အက်စစ်(H2SO4)နှင့်  နိုက်ထရစ်အက်စစ် (HNO3)များအဖြစ် ပြောင်းလဲသွားပါသည်။ အဆိုပါတိမ်တိုက် များမှ  မိုးရွာချသည့်အခါ  မိုးရေထဲ၌  အက်စစ်ဓာတ် များပါလာသည့်အတွက်   အက်စစ်မိုး  (Acid Rain) ဟု ခေါ်ဆိုပြီး အဆိုပါ  အက်စစ်မိုးရေသည် pH 5 ဝန်းကျင်၌သာ   ရှိပါသည်။    အက်စစ်မိုးကြောင့် ရေနေသတ္တဝါများနှင့် အပင်ကြီး၊  အပင်ငယ်အားလုံး ကို ထိခိုက်သေကျေပျက်စီးနိုင်ပါသည်။ pH 5 အဆင့် ရှိသည့်  မိုးရေသည်  ငါးဥများ  မပေါက်ပွားနိုင်ကြ တော့ဘဲ pH 5.5 ထက်နည်းပါက ငါးမျိုးစိတ်အချို့ သေကျေပျက်စီးဆုံးရှုံးကြရပါသည်။  အက်စစ်မိုး ရွာသွန်းခံရသည့်ဒေသရှိ   သစ်ပင်များသည်  မှိုနှင့် ပိုးမွှားရောဂါများ ပိုမိုဖြစ်ပေါ်ပြီး သစ်ရွက်များ အညို ရောင်ပြောင်းသွားခြင်း၊    သစ်ရွက်သစ်ကိုင်းများ  ခြောက်သွေ့သွားခြင်း၊ အချို့သစ်တော၊ သစ်ပင်များ သေဆုံးကုန်ရခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။

 


မီးခိုးမြူငွေ့ညစ်ညမ်းမှုများသည်လည်း  လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လေထု ထဲတွင်    အလွန်သေးငယ်သော   အမှုန်အမွှားများ Particulate Matter(PM2.5 နှင့် PM10)၊ Carbon dioxide(CO2)၊ Carbon Monoxide (CO)၊ Nitrogen dioxide (NO2)၊ Sulphur dioxide(SO2)၊ Ground Level Ozone(O3)၊      ရေငွေ့များနှင့်     အခြားအဆိပ် ဓာတ်ငွေ့များ  ရောနှောပါဝင်နေသည့် ဖြစ်စဉ်တစ်ခု ပင်ဖြစ်ပါသည်။   ယခုအခါ   မီးခိုးမြူငွေ့ညစ်ညမ်းမှု သည် အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများပါ ရင်ဆိုင်ကြုံတွေ့နေရသည့်   ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်    ဖြစ်နေပါသည်။    သဘာဝ အလျောက် တောမီးလောင်ကျွမ်းခြင်းနှင့် မီးတောင် ပေါက်ကွဲခြင်းတို့မှထွက်ရှိသော    အခိုးအငွေ့များ၊ စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်နှင့် ဒီဇယ်၊ ဓာတ်ဆီ အင်ဂျင်များမှထွက်ရှိသော အခိုးအငွေ့များ၊ အမှိုက်ပုံ ကြီးများ မီးလောင်ခြင်းနှင့် စွန့်ပစ်အမှိုက်များ မီးရှို့ ခြင်းတို့မှထွက်ရှိသော အခိုးအငွေ့များ၊  ရွှေ့ပြောင်း တောင်ယာအတွက် တောခုတ်မီးရှို့ခြင်း၊ ရိုးပြတ်များ၊ ကောက်ရိုးများကို    မီးရှို့ခြင်း၊   ရွက်နုထွက်စေရန် မီးရှို့ခြင်း၊  မြေသြဇာအတွက်  စပါးခွံများကို  မီးရှို့ ခြင်း စသည်တို့မှထွက်ရှိသည့် အခိုးအငွေ့များကြောင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပါသည်။ ညစ်ညမ်းမှုဖြစ်ပေါ်နေသော ပတ်ဝန်းကျင်တွင် အပင် နှင့်  တိရစ္ဆာန်များ အသက်ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲခြင်း၊   မီးခိုးမြူငွေ့များ   အုံ့ဆိုင်းနေပါက မြင်ကွင်းမရှင်းလင်းသည့်အတွက်   ယာဉ်မတော် တဆ  ထိခိုက်မှုများဖြစ်နိုင်ခြင်းနှင့် လေယာဉ်များ ဆင်းသက်ရန် ခက်ခဲခြင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ် ချိန်တွင်   နေအိမ်အတွင်း၌သာ  နေထိုင်ကြရပြီး ကျောင်းများ၊ စျေးများ၊ ဟိုတယ်များ ပိတ်ထားရ သဖြင့် ပညာရေး၊ စီးပွားရေး ထိခိုက်ရခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊       တောမီးရှို့ခြင်းတို့ကြောင့်  တောရိုင်းတိရစ္ဆာန်များ၏           နေရင်းဒေသများ ပျောက်ဆုံးလာပြီး    ဇီဝမျိုးစုံမျိုးကွဲများ   ရှားပါး လာကာ သဘာဝဂေဟစနစ်ကို ထိခိုက်လာစေခြင်း နှင့် စားနပ်ရိက္ခာများရှားပါးလာခြင်း စသည့်ပြဿနာ အမျိုးမျိုး    ကြုံတွေ့လာကြရပါသည်။   ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်    မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ     အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို  ၂၀၀၃   ခုနှစ်   မတ် ၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး    အဖွဲ့ဝင်နိုင်ငံ အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသဘောတူညီချက်အရ   ကျွန်ုပ်တို့   နိုင်ငံသူ  နိုင်ငံသားများသည်   တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့်    လောင်ကျွမ်းသည့် အခြားမီးတို့ကြောင့် ဖြစ်ပေါ်လာသော နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု    ပြဿနာများကို စောင့်ကြပ်ကြည့်ရှုရန်နှင့်    ထိန်းချုပ်လျှော့ချရန် တာဝန်ရှိပါသည်။

 


လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု 


လေထုညစ်ညမ်းမှုနှင့်   ရာသီဥတုပြောင်းလဲမှု တို့သည်  တိုက်ရိုက်ဆက်နွှယ်နေပါသည်။ လေထု ညစ်ညမ်းမှုသည်   သက်ရှိနှင့်   လူသားတို့အတွက် အန္တရာယ်ရှိရုံသာမက    ရာသီဥတုပြောင်းလဲမှုကို လည်း ဖြစ်ပေါ်စေပါသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းမှ ထုတ်လွှတ်လိုက်သည့်  လေထု ညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊ နိုက်ထရပ်အောက်ဆိုက်၊ မီသိန်းနှင့် အခြားမှန်လုံ အိမ်ဓာတ်ငွေ့များသည်  တစ်နှစ်ထက် တစ်နှစ်   ပိုမို များပြားလာပြီး အကျိုးဆက်အဖြစ် ကမ္ဘာ့အပူချိန် မြင့်တက်လာကာ ကမ္ဘာတစ်ဝန်းလုံးတွင်  ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်စဉ်များ   ဖြစ်ပေါ်လျက် ရှိပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများအားလုံး သည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို ဟန့်တား နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လေထုညစ်ညမ်းမှုဖြစ်စေသည့်အရာများ ကို    လျှော့ချနိုင်ရေးသည်  အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။  

 


လေထုညစ်ညမ်းမှု လျှော့ချရေး


ယခုအချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချရေးနှင့် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရေးအတွက်  အရေးတကြီးကြိုးပမ်းဆောင် ရွက်ကြရန်  လိုအပ်နေပြီဖြစ်ကာ လူသားအားလုံး၏ လုပ်ဆောင်ချက်များကို  ဆင်ခြင်သုံးသပ်သင့်သောအချိန်အခါသို့  ရောက်ရှိနေပြီဖြစ်ပါသည်။ လေထု ညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အဓိကဦးစား ပေးဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်မှာ   ရုပ်ကြွင်း လောင်စာများသုံးစွဲနေမှုအစား  ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy)များနှင့် အစိမ်းရောင်နည်း ပညာ(Green Technology)များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုရေးပင်ဖြစ်သည်။    ပြန်ပြည့်မြဲစွမ်းအင် ဆိုသည်မှာ စဉ်ဆက်မပြတ်ရရှိနိုင်သော စွမ်းအင်များ ဖြစ်ပြီး  ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကာ လေထု ညစ်ညမ်းစေသည့်ပစ္စည်းများနှင့်     မှန်လုံအိမ်ဓာတ် ငွေ့များ တိုက်ရိုက်ထုတ်လွှတ်မှုမရှိသော စွမ်းအင် များ ဖြစ်ပါသည်။ ဥပမာ ရေအားစွမ်းအင်၊ နေရောင် ခြည်စွမ်းအင်၊ လေအားစွမ်းအင်နှင့် ဘူမိအပူစွမ်းအင် များဖြစ်ကြပြီး   အဆိုပါစွမ်းအင်များသည်  လေထု ညစ်ညမ်းစေသည့်အရာများနှင့် မှန်လုံအိမ်ဓာတ်ငွေ့ များ လေထုအတွင်း တိုက်ရိုက်ထုတ်လွှတ်မှု မရှိကြပါ။ အစိမ်းရောင်နည်းပညာဆိုသည်မှာ    ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့်    နည်းပညာများ ဖြစ်ပါသည်။ ဓာတ်ဆီ၊ ဒီဇယ်သုံးစွဲသော မော်တော် ယာဉ်များအစား လျှပ်စစ်ယာဉ်များ တီထွင်အသုံးပြု သည့် နည်းပညာများ၊ လေသန့်စင်သည့် နည်းပညာ များ၊  သုံးစွဲပြီးသော စက္ကူများ၊ ပလတ်စတစ်များ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ထုတ်လုပ်သည့် နည်း ပညာများ စသည်တို့သည် အစိမ်းရောင်နည်းပညာ များပင် ဖြစ်ပါသည်။

 


လေထုညစ်ညမ်းမှု   လျှော့ချနိုင်ရေးအတွက် ဒုတိယလုပ်ငန်းစဉ်မှာ သစ်တောသစ်ပင်များ တိုးမြှင့် စိုက်ပျိုးခြင်းဖြစ်သည်။ သစ်တောသစ်ပင်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို စုပ်ယူပြီး   နေရောင်ခြည်စွမ်းအင်ဖြင့် အစာ ချက်လုပ်ကာ ကျွန်ုပ်တို့လူသားများ အသက်ရှင်ရေး အတွက် အဓိကလိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့ ကို ထုတ်လွှတ်ပေးပါသည်။ ကာဗွန်ဒိုင်‌အောက်ဆိုက် ဓာတ်ငွေ့သည်             မှန်လုံအိမ်ဓာတ်ငွေ့များအနက် အဓိကကျသည့် ဓာတ်ငွေ့တစ်မျိုးဖြစ်ရာ  သစ်တော သစ်ပင်များ   ပြုစုစိုက်ပျိုးထိန်းသိမ်းခြင်းသည် လေထုကို   သန့်ရှင်းစေရုံသာမက    မှန်လုံအိမ် အာနိသင်ကို   လျှော့ချပြီးသားဖြစ်ကာ   ကမ္ဘာကြီး ပူနွေးလာမှုနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန် မှုကို   ဟန့်တားတိုက်ဖျက်နိုင်မည်   ဖြစ်ပါသည်။ ကျွန်ုပ်တို့   မြန်မာနိုင်ငံအနေဖြင့်  သဘာဝအတိုင်း တည်ရှိနေသော   သစ်တောကြီးများကို   ထာဝစဉ် တည်တံ့စေရန်    ထိန်းသိမ်းစောင့်ရှောက်ကြရမည့် အပြင် သစ်တောစိုက်ခင်းများ  တည်ထောင်ခြင်းနှင့် လမ်းဘေးဝဲယာနှင့် အများပိုင်နေရာများ၊ စာသင် ကျောင်းများ၊ ရုံးများ၌ သစ်ပင်များကို အင်တိုက် အားတိုက်  နှစ်စဉ်စိုက်ပျိုးကြရပါမည်။ 
လေထုညစ်ညမ်းမှုလျှော့ချရေးအတွက်  အစိုးရ အဖွဲ့အစည်းများ၊   နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ   အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ   ကျွန်ုပ်တို့     နိုင်ငံသူ      နိုင်ငံသား        တစ်ယောက်ချင်းစီအနေဖြင့်လည်း တစ်နိုင်တစ်ပိုင်   ကိုယ်စီကိုယ်ငှ   တာဝန်သိသိဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါ သည်။ ကျွန်ုပ်တို့လူသားများ၏ ပယောဂများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လူသားများ ၏     လုပ်ရပ်ဖြင့်ပင်    ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်ပါသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် စွမ်းအင်များကို   ချွေတာသုံးစွဲခြင်း၊  ရုပ်ကြွင်း လောင်စာသုံးစွဲမှုများကို   တတ်နိုင်သမျှ   လျှော့ချ သုံးစွဲခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ ရယူသုံးစွဲခြင်း၊ အမှိုက်များ စည်းကမ်းမဲ့မီးရှို့ခြင်းကို ရှောင်ကြဉ်ခြင်း၊ Reduce, Reuse, Recycle ဟူသည့် 3R စနစ်ကို လိုက်နာကျင့်သုံးခြင်းနှင့် သစ်ပင်များ ပြုစုစိုက်ပျိုး ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

 


အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့


တိုးတက်လာသော  ခေတ်ရေစီးကြောင်းအတိုင်း လူသားတို့၏ တီထွင်ကြံဆဆောင်ရွက်ချက်များမှ လေထုညစ်ညမ်းမှုများ      ဖြစ်ပေါ်စေလျက်ရှိရာ လေထုညစ်ညမ်းမှုသည်   ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများနှင့်လည်း    ချိတ်ဆက်နေသဖြင့် လေထုညစ်ညမ်းမှုကို     လျှော့ချနိုင်မည်ဆိုပါက သက်ရှိများနှင့်   ပတ်ဝန်းကျင်အပေါ်တွင်    များစွာ အကျိုးဖြစ်ထွန်းလာစေမည်ဖြစ်ပါသည်။ ဤအချက် ကို တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ ထွေထွေညီလာခံ၏   ဆုံးဖြတ်ချက်  ၇၄/၂၁၂  အရ လေထုညစ်ညမ်းမှုကို  ဖြစ်ပေါ်စေသည့်  အကြောင်း အရင်းများ၊  အကျိုးသက်ရောက်မှုများနှင့်   လေထု အရည်အသွေးကို တိုးတက်လာစေမည့်ဖြေရှင်းနည်း များကို    ပိုမိုသိရှိနားလည်စေရန်အတွက်   နှစ်စဉ် စက်တင်ဘာ   ၇  ရက်ကို    အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (Internal Day of Clean Air for Blue Skies)အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ လေထုညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ   ဆောင်ရွက်ချက်များကို     ပိုမို မြှင့်တင်နိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံအပါအဝင်   ကမ္ဘာ့နိုင်ငံများအားလုံး၌ အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်သွားကြ မည်ဖြစ်ပါသည်။ ယခုလာမည့် ၂၀၂၂ ခုနှစ် စက်တင်  ဘာ ၇ ရက်တွင်  ကျရောက်မည့်   တတိယအကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ၏ ဆောင်ပုဒ်မှာ “The Air We Share ” (လေထု သန့်ရှင်းဖို့     အားလုံးပူးပေါင်းဆောင်ရွက်စို့)   ဟူ၍ ဖြစ်ပါသည်။

 


နိဂုံး


အချုပ်အားဖြင့်ဆိုသော်   လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်း အလိုက်ဖြစ်စေ၊ မြို့တစ်မြို့ချင်း၊ နိုင်ငံတစ်နိုင်ငံချင်း အလိုက်ဖြစ်စေ    အထူးဦးစားပေး၍    ကြိုးပမ်း ဆောင်ရွက်ကြမှသာ ကျွန်ုပ်တို့လူသားများ ကျန်းမာ အသက်ရှည်စွာ     နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့    မြန်မာနိုင်ငံအနေဖြင့်လည်း  စက်မှု လုပ်ငန်းများအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို   အရှိန်အဟုန်မြှင့်   ဆောင်ရွက်လျက်ရှိရာ လေထုညစ်ညမ်းမှုပြဿနာများ     ဆိုးရွားစွာ မဖြစ်ပေါ်စေရေးအတွက်         လေထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အထူးအလေးထား ကြိုတင်ဆောင်ရွက်သွားကြရမည်   ဖြစ်ပါသည်။ ထို့ကြောင့်      လေထုသန့်ရှင်းဖို့    အားလုံးပူးပေါင်း ဆောင်ရွက်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ လူသား နှင့်သက်ရှိအားလုံးအတွက် အလွန်အရေးကြီးသော လေထုကောင်းမွန်သန့်ရှင်းရေးကို အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ    သာမက   ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်  လက်တွဲညီညာ စွာဖြင့်  ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ဟု အလေး အနက်  တိုက်တွန်းတင်ပြရင်း ၂၀၂၂ ခုနှစ်  စက်တင် ဘာ ၇ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ကို       ဂုဏ်ပြုကြိုဆိုအပ် ပါသည်။      ။


ကိုးကား
(၁)     Environmental Conservation Department - ECD facebook page 
(၂)     ဝင်းချစ်    (အမျိုးသားစာပေဆုရ) ၏   ရေ အကြောင်း      လေအကြောင်း    တစေ့တစောင်း ဆောင်းပါး
(၃)     အင်တာနက်