အခက်အခဲများကြားမှ ရှေ့ဆက်ဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး မီးလင်းရေးလုပ်ငန်းများ

Type
5

 

မြင့်လွင်ပါကြီး
 

ဒီနေ့ တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့် မနက်စောစော လမ်းလျှောက် ဖို့ ထွက်ခဲ့ပါတယ်။  အခြေအနေအရပ်ရပ်ကြောင့်   အိမ်တွင်းမှာပဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေခဲ့တာ ကြာပါပြီ။ အိမ်က စထွက် တယ်ဆိုရင်ပဲ ကောင်းကင်ကို မော့ကြည့်လိုက်တော့  မိုးသားက နိမ့်နိမ့်၊ အုံ့အုံ့ဆိုင်းဆိုင်း၊ ပြင်ပလေ အေးအေးလေးက မျက်နှာကို လာဟပ်တာကြောင့် စိတ်ကြည်လင်လန်းဆန်းလာလို့ လမ်းလျှောက် တာကို ဖြည်းဖြည်းမှန်မှန်ကနေ မြန်မြန်သွက်သွက် လျှောက်လိုက်၊ ပုံမှန်ပြေးလိုက်လုပ်ရင်း    ကျုံးမြောက်ဘက်ကို   ရောက်လာခဲ့ ပါတယ်။

 

ကျုံးမြောက်ဘက်ပတ်လမ်းက ဒီနှစ် ဧပြီလ သင်္ကြန်ကာလ မတိုင်မီ လေးတင် ပြီးစီးခဲ့တာမို့ အသစ်စက်စက်၊ သေသေသပ်သပ်၊ ကျုံးရေပြင် ကို ဖြတ်တိုက်လာတဲ့ လေနုအေးကို အဆုတ်ထဲရောက်အောင် တစ်ဝ ရှူသွင်းရင်း လမ်းဆက်လျှောက်ခဲ့ပါတယ်။ ကျုံးအရှေ့ဘက် အားကစား ပစ္စည်းတွေထားရှိရာ နေရာကိုအရောက် “ဟား လျှပ်စစ်ကြီးလာပြီဟေ့” ဆိုတဲ့ အသံကြောင့် လှမ်းကြည့်မိလိုက်တော့ ကျွန်တော့်ရဲ့ ငယ် သူငယ်ချင်းတွေဖြစ်တဲ့ ကိုကိုအောင်၊ ရဲလွင်နဲ့ စိုးညွန့်တို့သုံးဦးသား ခြေလွှဲသူကလွှဲ၊ အိပ်ထ မတင်လုပ်သူကလုပ်၊ ခါးလှည့်သူကလှည့်နဲ့ ပြုံးစေ့စေ့မေးငေါ့ပြီး ကျွန်တော့်ကိုကြည့်နေပါတယ်။ 

 


သူတို့ ဘာပြောချင်တယ်ဆိုတာကို  ကျွန်တော်အတပ်သိလိုက် ပါတယ်။ အမြဲတမ်း လမ်းလျှောက်တတ်တဲ့ ကျွန်တော်က  အခုမှ ပေါ်လာတာမို့  ဘယ်လိုလဲဆိုတဲ့  သဘောပါ။   လျှပ်စစ်ပေကိုး။ ကျွန်တော်လည်း သူတို့နဲ့အတူ လွတ်နေတဲ့ ခြေလွှဲနေရာမှာ ဝင်ကစား နေရင်း  ခဏအကြာမှာ   “ကဲ - မတွေ့ရတာကြာပြီ။  တစ်နေရာ သွားထိုင်ရအောင်” ဆိုတော့ ကိုကိုအောင်က “လာပါသူငယ်ချင်းရေ လ္ဘက်ရည်ဆိုင်ကို သွားကြပါစို့လေ” ဆိုပြီး ကျုံးအရှေ့ဘက်လက်ဖက် ရည်ဆိုင်ကို   စကားတပြောပြောနဲ့   လျှောက်လှမ်းသွားကြပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ တစ်ယောက်တစ်မျိုး ကိုယ်စားချင် တာ လှမ်းမှာပြီး ရေနွေးကြမ်းခွက်ကို မော့ချမယ်အလုပ် ကိုကိုအောင် က စကားစလာပါတော့တယ်။

 


ကိုကိုအောင်    ။    ။    ဘယ်လိုလဲ သူငယ်ချင်း ၊ နယ်တွေဆင်းနေတာ ပုံတွေတွေ့နေမိတယ်၊ အခြေအနေလေး  လုပ်
ပါဦး။ 


ကျွန်တော်    ။    ။    မီတာခ(ဓာတ်အားခ) ကောက်ခံရတာကို ပြော တာလား။   လူအမျိုးမျိုး   စိတ်အထွေထွေပေါ့ 
သူငယ်ချင်း။ ကိုယ်သုံးပြီးတာ ကိုယ်ပေးရမယ်ဆိုတဲ့ စိတ်ရှိသူရယ်၊ သုံးပြီး မပေးဘူး၊ ဘာဖြစ်လဲဆိုသူရယ်၊ ပေးဖို့ အခက်အခဲရှိသူရယ်၊ အခြေအနေကြည့်နေတဲ့သူရယ်၊ ပြောပြရှင်းပြမှ ပေးသူရယ်ဆိုပြီး တွေ့ရတယ်ကွ။   လုပ်ထုံးလုပ်နည်းတွေက   ရှိပြီးသားပါလေ။ ဓာတ်အားခကြွေး မသွင်းရင် မီးဖြတ်မယ်၊ သုံးလဆက်တိုက်ဆိုရင် မီတာဖြုတ်သိမ်းမယ်၊ သူ့စာရင်းကို ကတ်ပိတ်သိမ်းမယ်ပေါ့။ ဒါနဲ့မှ မလုံလောက်သေးရင် လျှပ်စစ်ဥပဒေအရ ရဲစခန်းမှာ အမှုဖွင့်၊ တရားစွဲ ရမှာပေါ့။  ဓာတ်အားခဆိုတာ   ပြည်သူ့ဘဏ္ဍာငွေ   မဟုတ်လား သူငယ်ချင်း။

 


ကိုရဲလွင်    ။    ။    အလုပ်တွေရော လုပ်နိုင်ရဲ့လား။ ဒီလိုကွာ မင်း အရင်က ပြောခဲ့၊ ရေးခဲ့တဲ့ ကျေးရွာမီးလင်းရေး 
တွေ၊ လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့တာတွေကိုပေါ့။


ကျွန်တော်    ။    ။    အခြေအနေပေးသလောက် ကြိုးစားလုပ်နေကြ ပါတယ် သူငယ်ချင်း။ အခက်အခဲရှိပေမယ့် မီးမရ 
သေးတဲ့ ပြည်သူတွေက မီးလိုချင်ကြတယ် မဟုတ်လား။ ကိုယ်ချင်းစာ စိတ်   ရှိရမယ်လေ။   ဘတ်ဂျက်ရန်ပုံငွေရှိသလောက်   လုပ်နေ ပါတယ်။

 


ကိုစိုးညွန့်    ။    ။    မီးမရှိလို့ မဖြစ်ဘူးဆိုတာ လူတိုင်းသိကြတယ်။ လုပ်ငန်းခွင် အခက်အခဲကိုတော့ သိချင်မှသိလိမ့် 
မယ်။ ဘာတွေလုပ်နိုင်လဲ ပြောပါဦး သူငယ်ချင်း။


ကျွန်တော်    ။    ။    ကဲ - မင်းတို့ သိချင်သပဆိုရင်လည်း ပြောပြရမှာ ပေါ့ကွာ။ ငါ့ဖုန်းထဲမှာ Data (အချက်အလက်)
တွေရှိတယ်။ ဖုန်းကြည့်ရင်းဖြည်းဖြည်းပြောပါ့မယ်။ ပြောရင်းစားရင်း၊ နားထောင်ရင်းပေါ့။ ဒီလိုရှိတယ်ကွ။ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြည်သူတွေမီးလင်းဖို့ အလေးထားရှာပါတယ်။ ကျေးရွာတွေ မီးလင်းဖို့အတွက် ရန်ပုံငွေခွဲဝေ သုံးစွဲပေးတယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊  တိုင်းဒေသကြီးဘတ်ဂျက်  ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ၊ မတူဘူးနော်၊ သေချာ နားထောင်ဦး။ နောက်ပြီး တိုင်းဒေသကြီးဘတ်ဂျက် ငွေလုံးငွေရင်း ရန်ပုံငွေဆိုတာလည်း ရှိသေး တယ်။

 


ကိုကိုအောင်    ။    ။    ငွေဘယ်လောက်များလဲ သူငယ်ချင်း။


ကျွန်တော်    ။    ။    ပြောမယ်လေ ပြောမယ်။ ခုနှစ်အလိုက်ပြောပြ မယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ သုံးစွဲခဲ့တာ 
က တိုင်းဒေသကြီးအစိုးရအဖွဲ့  ဒေသရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း နှစ်ထောင့်သုံးရာကျော် (ကျပ် ၂၃၂၂၉၀၁၀၀)၊ ငွေလုံးငွေရင်း ဘတ်ဂျက် ကနေ ငွေကျပ် ၁၁ ဘီလီယံကျော်  (ကျပ် ၁၁၂၀၃၅၂၄၃၄၃)   ရှိတယ်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာလည်း   ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကနေ ငွေကျပ်သန်း  ခုနစ်ရာကျော် (ကျပ် ၇၃၄၃၅၉၄၆၀) နဲ့ ငွေလုံး ငွေရင်း ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ခြောက်ရာကျော် (ကျပ် ၆၅၉၃၉၂၅၀၂) ရှိတယ်။ စုစုပေါင်းဆိုရင်တော့ ငွေကျပ် ၁၄ ဘီလီယံကျော်၊ ၁၅ ဘီလီယံ နီးပါးပေါ့။

 


ကိုရဲလွင်    ။    ။    ဟ -  အများသားကွ။   ရွာတွေ   ဘယ်လောက် မီးလင်းသွားလဲ ပြောပြပါဦး။ ဝမ်းသာရအောင်လို့ပါ။


ကျွန်တော်    ။    ။    ပြောပါ့မယ်သူငယ်ချင်း၊ နားထောင်သူက ဝမ်းသာ တယ်ဆိုတော့ ပြောသူကလည်း အားရှိ၊ မီးလင်း 
တဲ့ ပြည်သူတွေနေရာကို တွေးကြည့်ရင်လည်း ပီတိပေါ့ကွာ။ တိုင်း ဒေသကြီးအစိုးရရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ခရိုင်  ရှစ်ခု၊ မြို့နယ် ၁၆ မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ ၁၄၀ ကို ဓာတ်အားစနစ် ကနေ မီးလင်းပေးနိုင်ခဲ့တယ်။ ဒါ့အပြင် အိမ်သုံးဆိုလာစနစ်နဲ့ မီးလင်း တဲ့ကျေးရွာက ၁၃ ရွာရှိတယ်။

 


ကိုစိုးညွန့်    ။    ။    မီးသုံးစွဲသူ ဘယ်လောက်တောင်ရှိလဲ သူငယ်ချင်း။


ကျွန်တော်    ။    ။    ဆက်ပြောပါ့မယ်။ မလောပါနဲ့ကွာ။ ရေနွေးကြမ်း လေး သောက်ပါရစေဦး။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ 
ရေးနှစ်အတွင်းမှာ မီးလင်းခဲ့တာ အိမ်ခြေ ၁၄၉၉ အိမ်၊ အိမ်ထောင်စု အနေနဲ့ဆိုရင် ၂၇၆၅၈  ရှိတယ်။ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်အတွင်းမှာ ဆိုရင်လည်း အိမ်ခြေ ၁၉၅၄၊ အိမ်ထောင်စု  ၂၀၂၅ စု  မီးလင်းနိုင် ခဲ့တယ်။ စုစုပေါင်း မီးလင်းသွားတာကိုကြည့်မယ်ဆိုရင် ကျေးရွာ ၁၅၉ ရွာ၊ အိမ်ခြေ ၃၀၂၁၂၊ အိမ်ထောင်စု ၃၀၉၁၁ တောင်ရှိပါတယ် သူငယ်ချင်း။ 

 


ကိုကိုအောင်    ။    ။    နားထောင်ရတာတော့   ပီတိဖြစ်တယ်ကွာ။ မီးလင်းဖို့     ဓာတ်အားလိုင်းတွေ၊      ခွဲရုံတွေ 
ဘယ်လောက်တည်ဆောက်ခဲ့တယ်ဆိုတာလဲ ပြောပါဦး။


ကျွန်တော်    ။    ။    ပြောပြပေးရမှာပေါ့ကွာ။    ဒီရွာတွေ   မီးလင်းဖို့         အတွက် တည်ဆောက်ခဲ့ရတာက  ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ လေးရုံ၊ ၃၃/၀.၄ ထရန်စဖော်မာ ၁၃ လုံး၊ ၁၁/၀.၄ ထရန်စဖော်မာ  ၁၃၆ လုံး၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၄၅ လုံးနဲ့ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂၉ လုံးရှိတယ်။ ဓာတ်အားလိုင်းတွေ အနေ နဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၅၃ ဒသမ ၅၉၈ မိုင်၊ ၁၁ ကေဗွီ   ဓာတ်အားလိုင်းက  ၂၆၂   ဒသမ ၇၉၉  မိုင်နဲ့ ပေ  ၆၂၀၊ ၄၀၀ ဗို့   ဓာတ်အားလိုင်း  ၃  ဒသမ  ၀၆၆ မိုင် ရှိပါ တယ်။ 

 


ကိုစိုးညွန့်    ။    ။    ဘယ်နေရာတွေ မီးလင်းခဲ့တယ်ဆိုတာ ပြောပြ နိုင်မလား သူငယ်ချင်း။ ဒီလိုကွာ   လက်ရှိလူမှု 
မီဒီယာတွေမှာ မျိုးစုံပြောနေတဲ့သတင်း၊ အတင်းအဖျင်းတွေနဲ့ ချိန်ထိုး ကြည့်ချင်လို့ပါ။


ကျွန်တော်    ။    ။    တစ်ရွာစီ   ပြောနေရင်တော့    မင်းညနေစာပါ ကျွေးနေရလိမ့်မယ်။ ရမည်းသင်းမြို့နယ်အတွင်း 
မှာ ၃၈ ရွာ၊ သာစည်မြို့နယ်အတွင်းမှာ ၁၃ ရွာ၊ မလှိုင်မြို့နယ်အတွင်း မှာ ၁၀ ရွာ၊ ဝမ်းတွင်းမြို့နယ်အတွင်းမှာ နှစ်ရွာ၊ မိတ္ထီလာမြို့နယ်အတွင်း မှာ ၂၁ ရွာ၊ ပျော်ဘွယ်မြို့နယ်အတွင်းမှာ ၁၉ ရွာ၊ အမရပူရမြို့နယ် အတွင်းမှာ ၁၀ ရွာ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ ၁၆ ရွာ၊ ညောင်ဦးမြို့နယ်အတွင်းမှာ ၁၀ ရွာ၊ သပိတ်ကျင်းမြို့နယ်အတွင်းမှာ နှစ်ရွာ၊ တကောင်းမြို့နယ်အတွင်းမှာ နှစ်ရွာ၊ မိုးကုတ်မြို့နယ်အတွင်းမှာ ၁၆ ရွာ စုစုပေါင်း ၁၅၉ ရွာ ရှိတယ်သူငယ်ချင်း။

 


ကိုရဲလွင်    ။    ။    တည်ငြိမ်တဲ့နေရာတွေမှာ   မီးလင်းတယ်လို့ ပြောရမှာပေါ့ သူငယ်ချင်း။


ကျွန်တော်    ။    ။    သိပ်ဟုတ်တာပေါ့ သူငယ်ချင်း။ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဟာ   စားဝတ်နေရေးလို့   ဆိုပေမယ့် 
လျှပ်စစ်ဟာလည်း မရှိမဖြစ်လိုအပ်ချက်ပဲ မဟုတ်လား။
ကိုရဲလွင်    ။    ။    ရွာတွေ မီးလင်း၊ ဓာတ်အားလိုင်းမိုင်တွေ ပိုရှည် လာတော့ ထိန်းသိမ်းဖို့ ဝန်ထမ်းတွေ အလုပ်များ 
မှာပေါ့နော်။ 
ကျွန်တော်    ။    ။    ဒါကတော့ စာဖွဲ့ပြီး မပြောလိုပါဘူး သူငယ်ချင်း ရယ်။ လျှပ်စစ်ဝန်ထမ်းရဲ့ တာဝန်က မီးလင်းပေး 
ဖို့၊ ပြည်သူမီးရဖို့ပဲ မဟုတ်လား။
ကိုစိုးညွန့်    ။    ။    အပြောကတော့    ရွှေမန်းပဲ   သူငယ်ချင်း။ ကောင်းကွာ။ 
ကိုကိုအောင်    ။    ။    အရင်လို မီးလင်းရေးဖွင့်ပွဲအခမ်းအနားတွေ မမြင်ရတော့ ပြည်သူသိအောင် မင်းစာရေးလိုက် 
ရင် ပိုလို့တောင်ကောင်းမယ်ထင်တယ်။
ကျွန်တော်    ။    ။    ဟား… ဟား… ဟား… မန္တလေးမှာနေမှတော့ ရွှေမန်းသားပဲ   ပေါ့ကွာ။    လုပ်ငန်းအကောင် 
အထည်ဖော်ဖို့ဆိုတာကလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လမ်းညွှန် မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံငွေခွဲဝေပေးမှု၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ အနီးကပ်ကြီးကြပ်ပေးမှု၊ ကုမ္ပဏီ တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ရတာပါ။ ကဲ အချိန်လည်း အတော်ကုန်သွားပြီ။ တောင်းဆိုနေရင်လည်း ဆောင်းပါးတစ်စောင် တော့ ရေးလိုက်ပါဦးမယ်ကွာ။        ။