နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

===============================================================

 

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

=====================

 

ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနား အခါသမယကို Virtual Format မှ တစ်ဆင့် တက်ရောက်ကြတဲ့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များ၊ UNODC နှင့် UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့အသိုက် အဝန်းအတွင်း ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများနည်းတူ မိမိတို့ မြန်မာနိုင်ငံကလည်း ၂၀၁၇ ခုနှစ်ကစတင်ပြီး ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါကြောင့် အရင်နှစ်တွေလို လူပုဂ္ဂိုလ် များ တက်ရောက်တဲ့ အခမ်းအနားမျိုးမကျင်းပနိုင်ဘဲ Virtual Format နဲ့သာကျင်းပရခြင်း ဖြစ်ပါတယ်။

မိမိတို့အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီး(၃)ရပ်စလုံးမှာ တာဝန်ယူမှု၊ ပွင့်လင်း မြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ မျှတမှု၊ တရားဥပဒေ စိုးမိုးမှုတို့ ပိုမိုမြင့်မားလာစေရေးကို မျှော်မှန်းပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြ စွာနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကောင်းမွန် စွာဆောင်ရွက်နိုင်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှုအဖွဲ့က ပြုလုပ်တဲ့ Global Corruption Barometer ASIA 2020 စစ်တမ်းမှာ အာရှ(၁၇)နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့်(၁)နေရာတွင် အမြင့်ဆုံး အသိ အမှတ်ပြုခြင်းခံရပါတယ်။

အဂတိလိုက်စားမှုရဲ့ အကျိုးဆက်များဟာ ကြီးမား ကျယ်ပြန့်ပြီး ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်ပန်းတိုင်(SDGs)များကို ယိုယွင်း ပျက်စီးစေခြင်း၊ ဆင်းရဲနွမ်းပါးမှုနဲ့ မညီမျှမှုကို ဖြစ်ပေါ်စေ ခြင်း၊ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ရဲ့ လုပ်ငန်းစွမ်းဆောင် ရည်များ ကျဆင်းလာစေခြင်း၊ အခြေခံအဆောက်အအုံများ ဆုံးရှုံးခြင်းတို့အပြင် မှန်ကန်မျှတမှုမရှိတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးစနစ်များ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးကွဲများ ပျက်စီးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လက်နက် ကိုင်ပဋိပက္ခများကိုလည်း ဖြစ်ပေါ်လာနိုင်စေပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုဟာ ကမ္ဘာပေါ်ရှိ အုပ်ချုပ်သူ အစိုးရများအတွက် ထိထိရောက်ရောက် ဖြေရှင်းဆောင် ရွက်ဖို့ လိုအပ်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံက ထိခိုက်စေနိုင်တဲ့ အဂတိလိုက်စားမှုတွေ လျော့နည်းပပျောက်စေရေးအတွက် မိမိတို့နိုင်ငံမှာ စုံစမ်း စစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို ဘက်လိုက်မှုမရှိဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်နေသလို အသိပညာပေးခြင်းနဲ့ တားဆီးကာကွယ်ခြင်း အစီအစဉ်အနေနဲ့လည်း ပြည်ထောင်စုဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေမှာ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွင်း ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့မြင်ရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့လည်း ကော်မရှင်ရဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက် ပြည့်စုံရေးအတွက် နိုင်ငံတကာအဆင့်အတန်းမီ ကော်မရှင်ရုံးသစ် (နေပြည် တော်)ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်တွေ မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ယခုနှစ်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှာ ကော်မရှင်ရုံးခွဲများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။

ယနေ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အဂတိလိုက် စားမှုဟာ နိုင်ငံတစ်နိုင်ငံတည်းမှာသာ သီးခြားဖြစ်ပေါ်နေ တဲ့ ကိစ္စရပ်တစ်ခု မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းများ အားလုံးနဲ့ စီးပွားရေးစနစ်များကို ထိခိုက်စေတဲ့ နိုင်ငံဖြတ် ကျော် အမှုအခင်းမျိုးတွေလည်း ရှိနေပါတယ်။ ဒါကို ကာကွယ်တားဆီးဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ နိုင်ငံအချင်း ချင်း၊ ဒေသတွင်း အဖွဲ့အစည်းများအချင်းချင်း သဘော တူညီချက်များ တိုးမြှင့်ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပါ တယ်။ အထူးသဖြင့် နိုင်ငံတကာ အဂတိလိုက်စားမှုတိုက် ဖျက်ရေး အကယ်ဒမီ(IACA)ကို ၂၀၁၉ ခုနှစ်မှာ (၇၉) ခုမြောက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာရေးမှာ ရှိနေဆဲဖြစ်တဲ့ အဂတိလိုက်စားမှုတွေ လျော့ပါးသွားအောင် အဂတိလိုက်စားမှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးတိုက်ဖျက် ရမှာ ဖြစ်သလို၊ နောင်အနာဂတ်မှာ ပပျောက်သွားအောင်ပါ လိုအပ်တဲ့ ပြင်ဆင်၊ စီမံ၊ ဆောင်ရွက်မှုတွေကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အထူးအားဖြင့် အဂတိလိုက်စားမှုတွေဟာ ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အဂတိကို လက်ယပ်ခေါ်နေတဲ့ ရေခံမြေခံတွေ မှန်သမျှ ဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ ကိုင်တွယ်အသုံးပြုရာမှာ အသုံးပြုသူများကသာ လိုသလို ဆွဲယူအသုံးချနိုင်တဲ့၊ အလွန်ရှုပ်ထွေးပြီး လူအများ နားလည်ရခက်ခဲနေတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အများ ပြည်သူ လွယ်ကူရှင်းလင်းစွာ သိနားလည်တဲ့ ဖော်ပြချက် တွေနဲ့ ပြုပြင်ဖို့တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာမှာ ထည့်သွင်းဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုကို နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြစွာ တိုက်ဖျက်ခြင်းအပြင် အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ယဉ်ကျေးမှုအလေ့အထကို ပြည်သူတွေ လက်ခံကျင့်သုံး လာတာနဲ့အမျှ အများပြည်သူဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ် များနဲ့ ပြည်သူ့ဘဏ္ဍာများကို နည်းလမ်းတကျ စီမံခန့်ခွဲ နိုင်ခြင်း၊ မျှတခြင်း၊ တာဝန်ယူခြင်း၊ ဥပဒေရှေ့မှောက်မှာ တန်းတူရည်တူရှိမှုနဲ့ ဖြောင့်မတ်တည်ကြည်မှုကို ထိန်းသိမ်း စောင့်ရှောက်လာနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများရရှိလာ မှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အားလုံးပါဝင် ပြီး စနစ်တကျနဲ့ ရေရှည်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာ ဗျူဟာရေးဆွဲချမှတ်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့က တာဝန်ရှိပုဂ္ဂိုလ် များ၊ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဦးဆောင် ကော်မတီနဲ့ အထောက်အကူပြု လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံးသော အတား အဆီးများအနက် တစ်ခုကိုဖယ်ရှားခြင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂကချမှတ်ထားတဲ့ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးပါမှုကို ပန်းတိုင် (၁၆)မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၂၀၁၈-၂၀၃၀၊ မဏ္ဍိုင်(၁) ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဲ့ မဟာဗျူဟာ-၁-၄ မှာလည်း ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ အဖွဲ့အစည်းများရဲ့ စွမ်းဆောင်မှုနှင့် အဆင့် တိုင်းမှာ ဆုံးဖြတ်ချက်များ ထိရောက်စွာ ချမှတ်နိုင်မှုတို့ တိုးတက်ဖြစ်ပေါ် လာစေရေးဆိုပြီး ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အဂတိကင်းစင်စွာနဲ့ စွမ်းဆောင်ရည်မြင့်မားမှန်ကန်စွာ နိုင်ငံအကျိုးသယ်ပိုးတဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်လာ အောင် ရည်မှန်းဆောင်ရွက်လျက် ရှိပါတယ်။

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက် စားမှု တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်က ကမ္ဘာ့ကပ်ရောဂါ ကာလအချိန်အခါနဲ့ကိုက်ညီစွာ “ဖြောင့်မတ်တည်ကြည်မှု ဖြင့် ပြန်လည်ထူထောင်ကြပါစို့” “Recover with Integrity” ဖြစ်တဲ့အတွက် ဆောင်ပုဒ်နဲ့အညီ COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံမှာ တွေ့ကြုံနေရတဲ့ စီးပွား ရေး၊ လူမှုရေး အခက်အခဲများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာမှာ ဖြောင့်မတ်တည်ကြည်မှု၊ အဂတိကင်းစင် မှုဖြင့် ဆောင်ရွက်ကြဖို့နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့က တာဝန်ရှိသူများနဲ့ ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို တက်ညီလက်ညီဖြင့် ဆက်လက် တိုးမြှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်း အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။