
မြင့်စိုး(နတလ)
ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
ဒို့မြန်မာနိုင်ငံ တစ်ဝန်းလုံးက x x x
တိုင်းရင်းသားလူငယ်အချင်းချင်း x x x ရင်းနှီးချစ်ကြည်
နယ်စပ်ဒေသ x x x တိုင်းရင်းသားလူငယ်များ
ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသည် x x x
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို x x x ရည်ရွယ်သည်
တိုင်းရင်းသား ဒို့လူငယ်များ x x x
မျိုးချစ်စိတ် ရှင်သန်နိုးကြားသူများ x x x
ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲတည်ကြည် x x x
ဒို့မိခင်ကျောင်းက အမှာစကားနှင့်အညီ x x x
ရာသက်ပန်အတူမခွဲ x x x ဥမကွဲသိုက်မပျက်
အေးအတူ ပူအမျှ x x x ပူးပေါင်းနေထိုင် x x x
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်သည် x x x
နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများသို့ ရည်ညွှန်းစပ်ဆိုထား သော “ပြည်ထောင်စုအတွက် ထာဝစဉ်” တေးသီးချင်း၏ ပထမအပိုဒ် ဖြစ်ပါသည်။ တေးရေး ဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေ၏ လက်ရာ၊ လွန်ခဲ့သည့် ၁၇ နှစ်လောက်ကတည်းက ရေးစပ် သီကုံးပေးထားခြင်းဖြစ်၏။ ရာသက်ပန် အတူမခွဲ x x x ဥမကွဲ သိုက်မပျက် x x x အေးအတူပူအမျှ x x x ပူးပေါင်းနေထိုင်… တဲ့။
မည်မျှလှပ သေသပ်၍ ရသအလင်္ကာမြောက်လိုက်ပါသလဲ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ခိုင်မာရေးအတွက် အားဖြစ် လိုက်ပါသလဲ၊ လူငယ်သင်တန်းကျောင်းများသို့ ရောက်ဖူးသူတိုင်း၊ ထိုသီချင်းဆိုသံကို ကြားဖူးသူတိုင်း ကျွန်တော်ကဲ့သို့ပင် ကောက်ချက် ချမည်မှာ မလွဲပေ။
သီချင်းလေး၏ ရာဇဝင်
လွန်ခဲ့သော ငါးနှစ်က ကျွန်တော်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နတလဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေဆဲ အချိန်ကာလဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ တာဝန်ပေး ချက်အရ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်း ကျောင်းများအတွက် စပ်ဆိုထားသော အထက်ဖော်ပြပါ “ပြည်ထောင်စု အတွက် ထာဝစဉ်” သီချင်းကို သင့်တော်ရာအရုပ်များဖြင့် Editing လုပ်ပေးခွင့်ရခဲ့သည်။ ဤနေရာမှာ ကျွန်တော် တစ်ချက်စဉ်းစားမိသည် က မူလတေးသီချင်းတွင် ပါရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်သည် x x x ဆိုသည့် တေးစာသား။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးနှင့် ရွေးချယ်တင်မြှောက်ထားသော သမ္မတ လည်းရှိနေပြီ ဖြစ်သောကြောင့်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖြစ်သည် x x x လို့ ပြင်သင့်ကြောင်း တွေးမိခြင်း ဖြစ်၏။ ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာသား၊ ဆရာက လည်း ဟင်္သာတအမည်ယူထားသော်ငြား လေးမျက်နှာမြို့နယ် အိုင်သပြုဇာတိဖွား၊ ဘာမှ အားနာစရာမရှိ၊ ဆရာ့ဇနီး အစ်မတက္ကသိုလ် ချိုလတ် အပါအဝင် မိသားစုနှင့်လည်း ရင်းနှီးနေ၍ ဆရာရေ ဒီလိုလေး တော့ ပြင်ချင်ပါတယ်ခင်ဗျာဟု သွား၍ အပူကပ်ခဲ့ပါသည်။
မူလတေးသံရှင်များကတော့ မည်သူတွေလဲ မမေးမိခဲ့ပါ။ သီချင်း အသစ်ကိုမူ ဆရာက လူငယ်တေးသံရှင်များဖြစ်သည့် ဝိုင်းလမင်း အောင်၊ မင်းခန့်ဘုန်း၊ စွမ်းထက်၊ မေသက်ထားဆွေ၊ ခင်လပြည့်ဝန်း တို့နှင့် အသစ်ပြန်လည် သွင်းပေးခဲ့သည်။ အသံ နည်းနည်းမာအောင် ဟုဆိုကာ တေးသံရှင် ယုဇန၊ မို့မို့ဇော်ဝင်းတို့ကိုပါ အားဖြည့်သီဆိုစေ ခဲ့ပါသည်။ ရခဲ့ပါပြီ ပြည်ထောင်စုအတွက် ထာဝစဉ်သီချင်းအသစ်၊ သင့်တော်ရာအရုပ်များနှင့် Edit လုပ်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၄ ကျောင်း (ယခု ၄၅ ကျောင်း ရှိနေပေပြီ) တို့မှ ပေးပို့လာသော VCD အချပ်ပေါင်း များစွာကို အိမ်သို့ယူ၍ ကြည့်ရပါတော့သည်။ ၁၀ စက္ကန့်စာ အားရှိ သော အရုပ်ကောင်းကောင်းလေးရဖို့ အတွက် ၁ နာရီခန့် ကြာမြင့်သည့် VCD ကို မပျင်းမရိ ထိုင်ကြည့်ခဲ့ရဖူးသည်။ သီချင်းကြာမြင့်ချိန်က ငါးမိနစ်မျှသာ။ စုစုပေါင်းအရုပ် ၁၄၅ ကတ်ဖြင့် ကျွန်တော်ရန်ကုန်က ဆိုင်တစ်ဆိုင်မှာ Editing လုပ်ပေးခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ကဏ္ဍ ၃ ရပ်ရှိပါသည်။ ၎င်းတို့မှာ အဆင့်မြင့် ပညာရပ်များ သင်ကြား ပေးခြင်း၊ အခြေခံပညာရပ်များ သင်ကြားပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ ဖြစ်ပါသည်။ အဆင့်မြင့် ပညာသင်ကြားခြင်းကဏ္ဍ၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်း ၁၃၁ ဦး၊ မဟာဒဿနပညာရေးဘွဲ့ တစ်နှစ်သင်တန်း ၃၅ ဦး၊ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း ၄၄၈၁ ဦးတို့ကို မွေးထုတ်ပေးနေသည့်အပြင် ရှေးယခင်ကာလ နိုင်ငံတော်၏ လိုအပ်ချက်အရ ဆရာအတတ်ပညာ ဒီပလိုမာ တစ်နှစ်သင်တန်း ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ် တစ်နှစ်သင်တန်း ၉၅၆ ဦး၊ မူလတန်းဆရာအတတ် သုံးနှစ်သင်တန်း ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာအတတ် တစ်နှစ်သင်တန်း ၄၆၁ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်းနှင့် ရန်ကုန်) များမှလည်း ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့ ၂၀၆၃ ဦး၊ A.G.T.I ဒီပလိုမာ ၁၃၉၆ ဦး၊ B.Tech ၂၇၄ ဦး စုစုပေါင်း ဘွဲ့ရကျောင်းသားကျောင်းသူ ၄၆၉၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ အဆင့်မီသူများက မဟာဝိဇ္ဇာဘွဲ့ ၁၄၉ ဦး၊ မဟာသိပ္ပံဘွဲ့ ၃၂၇ ဦး၊ မဟာသုတေသနဘွဲ့ ၈၂ ဦး၊ ပါရဂူဘွဲ့ ၃၃ ဦး၊ အင်ဂျင်နီယာဘွဲ့ ၈၁၂ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ ၃၇ ဦး တက်ရောက်အောင်မြင်ခဲ့ကြသည်။ အသက်မွေးဝမ်းကျောင်းပညာရပ် များ လေ့ကျင့်သင်ကြားပေးနိုင်ရန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာသင်တန်းကျောင်း ကိုးကျောင်းကို ဖွင့်လှစ်ထား ပြီး လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ အိမ်ပုံစံများ ရေးဆွဲခြင်း၊ အခြေခံစက်ပြင်၊ အခြေခံယာဉ်ပြင်၊ အခြေခံလေအေးပေးစက်ပြင်၊ အခြေခံ လျှပ်စစ်ဂဟေဆက်သင်တန်းများကို သင်ကြားပေးလျက်ရှိ သည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများကိုလည်း ၄၆ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံအိမ်တွင်းမှု၊ အဆင့်မြင့်စက်ချုပ်၊ သိုးမွှေးစက်ဆွဲ၊ အခြေခံရက်ကန်း၊ ကနုကမာ ကျောက်စီ၊ ကြိမ်နှင့်ဝါး လက်မှုပညာ၊ ဟင်းလျာချက်ပြုတ်နည်း၊ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများ သင်ကြားပေးနေသည့် အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။
ကျွန်တော်နှင့် မြစ်ကြီးနား လူငယ်သင်တန်းကျောင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခွင့်ရသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော် များများရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မကြာမီကမှ ကျွန်တော်တို့ဆီ ပြန်လည်သွတ်သွင်းဖွဲ့စည်းခွင့်ရခဲ့သော ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ လုပ်ငန်းဆိုင်ရာများကို လိုက်လံ ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်။ အချို့ မြို့ရွာဒေသများတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်က နတလရုံးများ၊ အိမ်တွင်းမှု၊ လူငယ်သင်တန်းကျောင်းများ ရှိနေပါသည်။ အချိန်မရ၍ ဝင်ရောက်တွေ့ဆုံ နှုတ်ဆက်ခြင်း မပြုနိုင်ခဲ့ပါ။ မှတ်မှတ် ရရ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) သို့ ဝင်ရောက်ပြီး လိုအပ်သည်များ ညှိနှိုင်း မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ ရောက်အောင်သွား၍ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများကို နှုတ်ဆက်ခဲ့သည်။ ထိုဒီဂရီကောလိပ်၌ တက်ရောက်သင်ကြားနေ သော မြစ်ဝကျွန်းပေါ်ဒေသက ကလေးများကို တွေ့ဆုံခဲ့သည်။
ထိုနည်းတူစွာပင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို လိုက်လံကြည့်ရှု ဆောင်ရွက်ပြီးနောက် မြစ်ကြီးနားမြို့ ရှိ အမှတ် ၂ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ သွားရောက်၍ သင်တန်းသူလေးများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်ဟောင်း) ဖြေဆိုမည့် ကျောင်းသူ ရှစ်ဦး အား စာမေးပွဲအောင်မြင်အောင် ဖြေဆိုကြရန်နှင့် ဂုဏ်ထူးထွက်လျှင် တစ်ဘာသာ တစ်သိန်း ဆုချမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါ သည်။ ယောကျ်ားလေးကျောင်းဖြစ်သည့် အမှတ် ၁ လူငယ်သင်တန်း ကျောင်းကိုမူ မဝင်ဖြစ်ခဲ့ပါ။
ကျွန်တော်နှင့် ကျိုင်းတုံလူငယ်သင်တန်းကျောင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် အစောဆုံးဖွင့်လှစ် ခဲ့သော ကျောင်းများထဲတွင် ပါဝင်ခဲ့ပါသည်။ မှတ်သားထားမိသမျှ ပြန်လည်တင်ပြရလျှင် ၁၉၈၉ ခုနှစ်၌
တန့်ယန်းမြို့ရှိ လူငယ်သင်တန်းကျောင်းကို အစောဆုံးဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ထဲက (ကျား) ကျောင်းအား ၁၉၉၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကျိုင်းတုံလူငယ် သင်တန်းကျောင်းကို တတိယမြောက်ကျောင်းအနေနဲ့ ၁၉၉၆ ခုနှစ် တွင် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်မူ ကချင်ပြည်နယ်ထဲက ပူတာအို၊ မြစ်ကြီးနား-၁ လူငယ်ကျောင်းနှင့် ဗန်းမော်လူငယ်ကျောင်း များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ကွမ်လုံလူငယ်ကျောင်း၊ ရှမ်း (အရှေ့)တွင် လွယ်မွေလူငယ်ကျောင်း၊ ကယားပြည်နယ် လွိုင်ကော် လူငယ်ကျောင်း၊ ချင်းပြည်နယ်၌ ဟားခါး၊ တီးတိန်၊ မင်းတပ် ၁၊ မင်းတပ် ၂ လူငယ်ကျောင်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးထဲ၌ ခန္တီး လူငယ်သင်တန်းကျောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လေရှီးနှင့် လဟယ် လူငယ်သင်တန်းကျောင်းများကို ဆက်လက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ချိန်ထိဆိုလျှင် လူငယ်သင်တန်း ကျောင်းပေါင်း ၄၅ ကျောင်း ရှိသွားပေပြီ။
ကျိုင်းတုံမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်းသို့ ယခင်ကတည်းကလည်း ကျွန်တော်ရောက်ဖူး ခဲ့ပါသည်။ သံယောဇဉ်လည်း ရှိပါသည်။ သည့်အတွက် ယခုတစ်ခေါက် သွားရောက်ခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ ကျိုင်းတုံ/ မိုင်းယောင်း ခရီးစဉ်၌ အဆိုပါကျောင်းသို့ ဝင်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်ဟောင်း) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးခဲ့သည်။ ဂုဏ်ထူးထွက်လျှင် ဘဘ နေပြည်တော်ကစောင့်ပြီး ဆုချမည်ဟူ၍လည်း ကတိပေးခဲ့ပါသည်။ ကြိုးစားဖို့ကတော့ သူတို့တာဝန်။ သည်ကျောင်းကိုရောက်တော့ ထူးထူးခြားခြား ကျွန်တော့်စိတ်အာရုံထဲမှာ “ပြည်ထောင်စုအတွက် ထာဝစဉ်” သီချင်းလေးကို ပြန်လည်၍ နားထောင်လိုသည့် အာသီသ ပြင်းပြစွာ ပေါ်လာခဲ့သည်။ သူတို့လေးတွေကလည်း လက်ခုပ်လေး တွေ ညီညီညာညာတီးလို့ ရွှင်လန်းတက်ကြွစွာ သီဆိုခဲ့ကြသည်။ ကျေနပ်အားရမိပါသည်။ တစ်နည်းပြောရလျှင် နယ်စပ်ဒေသများအပေါ် ထားရှိသော သံယောဇဉ်ကြောင့် သတိရတမ်းတမိသော အလွမ်းတွေ အတန်အသင့် ပြေခဲ့ပါသည်။
ပြည်ထောင်စုအတွက် ထာဝစဉ်
ပြည်ထောင်စုအတွက် ထာဝစဉ်ဆိုသည့် သီချင်းခေါင်းစဉ်ပါအတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာနက မွေးထုတ်ပေးလိုက်သော နယ်စပ်ဒေသ တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်လေးများအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်အောင်၊ ထွန်းကားပြန့်ပွားအောင် မပြတ်ဖော်ဆောင် လျက် နယ်စပ်ဒေသတိုင်းရင်းသားသွေးချင်းများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှု ရစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
“ကျွန်ုပ်တို့သည် နိုင်ငံတော်မှကျွေးသော ထမင်းနှင့် ဟင်းများကို စား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်” ဆိုသော ထမင်းစားသစ္စာကို သူတို့လေးတွေ နေ့စဉ်ရွတ်ဆိုလျက်ရှိကြ သည်။ ထိုသစ္စာစကားအတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အမြဲထာဝရသစ္စာစောင့်သိသော၊ နိုင်ငံတော်က အားထားရသော လူငယ်လူရွယ်များ ဖြစ်လာအောင် ဝိုင်းဝန်းပြုစုပျိုးထောင်ကြ ပါစို့…။ ။
- Log in to post comments