မောရှမ်းမြေဖွံ့ဖြိုးရေးအတွက် သမ/ကျေးလက်လုပ်ငန်းများ

Type
1

 

မြင့်စိုး(နတလ)
 

 

ကျိုင်းတုံမှ မိုင်းယောင်းသို့


၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ ကျိုင်းတုံ နံနက်ခင်းရာသီဥတုက   သာသာယာယာလေး ရှိနေပါသည်။ နံနက် ၇ နာရီခွဲမှာ ယာဉ်တန်း စတင် ထွက်ခွာသည်။  ဦးတည်ရာကတော့   ကျိုင်းတုံမှ မိုင်းဖြတ်၊ ထိုမှတစ်ဆင့် မိုင်းယောင်းသို့ ခရီးစဉ်ပဲ ဖြစ်၏။ ကျိုင်းတုံနှင့် မိုင်းဖြတ်အကြား မိုင် ၅၀ ခန့် ကွာဝေးသည်။ ကားလမ်းညာဘက်ခြမ်းမှာ နမ့်လုံ ချောင်းက ရေစီးသန်သန်နှင့် အပြိုင်လိုက်နေသည်။ မိုးတွင်းကာလမို့   ထုံးစံအတိုင်း   ချောင်းရေက ခပ်နောက်နောက်ပင်။   တစ်ခုသတိထားမိသည် က ချောင်းတစ်ဖက်ကမ်းမှာ   လှမ်းမြင်နေရသော တောင်စောင်းစပါးစိုက်ခင်းများ ဖြစ်ပါသည်။ ရှိသည့် မြေနေရာတွင် အဆင်ပြေသလို စိုက်ပျိုးထားသော စိမ်းစိမ်းစိုစို   စပါးခင်းလေးများက   တစ်မျိုးလှ နေကြသည်။  ဤမြင်ကွင်းကို   ရှမ်းပြည်နယ်မှာပဲ အများဆုံးတွေ့ရသည်ဟု ပြောလျှင်   ကျွန်တော် လွန်မည်လား မပြောတတ်ပါ။ လွန်ခဲ့သော ဆယ်စု နှစ်တစ်ခု အချိန်ကာလက ကျွန်တော် နတလဦးစီး ဌာနမှာ တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ဦးစီးဌာန ၏ ပြက္ခဒိန်အတွက် ဓာတ်ပုံများ ဝယ်ယူအသုံးပြု ရာတွင်  ဆရာပြည်စိုးထွန်း၏   လက်ရာဓာတ်ပုံ တစ်ပုံကို ကောင်းစွာမှတ်မိနေသည်။  ကျိုင်းတုံ-မိုင်းလား ကားလမ်းဘေးက ယခုလို တောင်စောင်း စပါးစိုက်ခင်းထဲမှာ အာခါတိုင်းရင်းသူလေး သုံးဦး ထိုင်လျက် ရယ်မောပျော်ရွှင်နေကြသောပုံဖြစ်ပါ သည်။ ထိုဓာတ်ပုံလေးကို သဘောကျသောကြောင့် ကျွန်တော်ရေးသားထုတ်ဝေခဲ့သော “တစ်ခါတုန်းက နယ်စပ်ဒေသမှာနှင့် အခြားဆောင်းပါးများ” စာအုပ် တွင် မျက်နှာဖုံးအဖြစ်   အသုံးပြုခဲ့သေး၏။   ရှမ်း (အရှေ့) ဒေသ  အမှတ်တရများစွာထဲက   တစ်ခု ဟူ၍သာ။

 


မိုင်းဖြတ်နှင့် မိုင်းယောင်းခရီး အကွာအဝေးက ၄၇ မိုင်ခန့်ဖြစ်သည်။ အကွေ့အကောက်များလာ သည်။ မြေအနေအထားက  အလွန်မြင့်မားလှသည် တော့မဟုတ်။ သို့တစေ ကားလမ်းဝဲယာ တစ်လျှောက် မှာ စပါးစိုက်ခင်းများကို မတွေ့ရတော့ပေ။  စိုက်ပျိုး မြေ  နည်းသွားသည့်သဘော၊ မိုင်းယောင်းမြို့နယ် ထဲကို ဝင်လာတော့မှ မြေပြန့်လွင်ပြင်တွေ များလာ သည်။ စပါးစိုက်ခင်းများကို ပြန်တွေ့ရသည်။ ယခု ယာဉ်တန်းတွင်   ရှမ်းပြည်နယ်     ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်    ပြည်နယ်ဝန်ကြီးများ   လိုက်ပါလာကြသည်။   ဝန်ကြီးချုပ်နှင့် ကျွန်တော်တို့ အဖွဲ့  ကျိုင်းတုံမှ မိုင်းယောင်းသို့ ထွက်ခွာလာရသည့် ရည်ရွယ်ချက်မှာ မိုင်းယောင်းမြို့အနီးက နန့်ယွန်း ကျေးရွာ၌  တော်ဝင်မိုင်းယောင်း    အထွေထွေ ရောင်းဝယ်ရေး    သမဝါယမအသင်းလီမိတက်က တည်ဆောက်ပြီးစီးခဲ့သော တန် ၃၀ ကျ ဆန်စက်ကို ဖွင့်လှစ်ပေးရန်  ဖြစ်သည်။

 


နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏    ၂၀၂၂   ခုနှစ်    ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ် အတွင်း “ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားရောက်နိုင်ရေး အတွက်  ဟာလာစက်များအစား   (အသေးစား/ အလတ်စား) တန် (၅၀/ ၆၀) ကျ   ခေတ်မီသည့် ဆန်စက်များ တည်ဆောက်နိုင်ရေးနှင့်   ဆန်ကို အခြေခံသည့် အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ် နိုင်စေရေး  ကူညီဆောင်ရွက်ပေးရန်”   လမ်းညွှန် မှာကြားခဲ့ပါသည်။

 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက 
ကူညီဆောင်ရွက်


အထက်ပါလမ်းညွှန်ချက်အရ     သမဝါယမ နှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မိုင်းယောင်းမြို့နယ်တွင်   တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး    သမဝါယမအသင်း လီမိတက်ကို ဦးစွာဖွဲ့စည်းပေးပြီး ယင်းအသင်းက ဦးဆောင်၍ တန် ၃၀ ကျ ဆန်စက်ကို ၂၀၂၂ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့သည်။ ဇူလိုင်လကုန် တွင်  တည်ဆောက်ပြီးစီးပြီး   စမ်းသပ်လည်ပတ် ခဲ့ပါသည်။ အဆိုပါဆန်စက်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက မိုင်းယောင်းမြို့အနီး နန့်ယွန်းကျေးရွာ၌   ကျင်းပပြုလုပ်ခဲ့ရာ   ရှမ်း ပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊  ပြည်နယ်ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်    ဒုတိယတိုင်းမှူး၊  ဌာနဆိုင်ရာဝန်ထမ်းများ၊  တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး   သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌနှင့် အသင်းသားအသင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ   တက်ရောက် ခဲ့ကြပါသည်။  အခမ်းအနားတွင်   ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အမှာစကားပြောကြားပြီး ဆန်စက် တည်ဆောက်ပုံ လုပ်ငန်းအဆင့်ဆင့်ကို တော်ဝင် မိုင်းယောင်းအထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။ ဆက်လက်၍   ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တော်ဝင်မိုင်းယောင်း  အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စက်ရုံအတွင်း   ဆန်စက်လည်ပတ်မှုကို    လိုက်လံ ကြည့်ရှုခဲ့ကြသည်။ ဆန်စက်မှ   ကြိတ်ခွဲရရှိသော ဆန်အရည်အသွေး   ပြည့်စုံကောင်းမွန်ပါသည်။ ဒေသခံ တိုင်းရင်းသားများအနေဖြင့် အရည်အသွေး မြင့်ဆန်များ ကြိတ်ခွဲရောင်းချ၍ တစ်ဦးချင်းဝင်ငွေ မှအစ လူမှုစီးပွားဘဝအခြေအနေများ ပြောင်းလဲ တိုးတက်သွားမည်မှာ အလွန်သေချာသည်။ ဒေသ အကျိုးကိုသယ်ပိုးရင်း    ဖွဲ့စည်းပေးထားသော သမဝါယမအသင်း၏ လုပ်ငန်းစဉ်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်လာအောင် ကြံဆောင်ကြိုးစားကြရန်လည်း မှာကြားဖြစ်ခဲ့သည်။ အခါအခွင့်သင့်၍ အခမ်းအနား သို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားများ အား မိမိတို့ စိုက်ခင်းများတွင် ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်းမပြုဘဲ သဘာဝမြေဩဇာ များကိုပါ   ထုတ်လုပ်သုံးစွဲကြရေး    တိုက်တွန်း ပြောကြားဖြစ်ခဲ့သည်။ အခမ်းအနားအပြီးတွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျိုင်းတုံသို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

 


ယန်းလော (SMART Village) စံပြကျေးရွာ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် SMART Village စံပြကျေးရွာများကို     ကျိုင်းတုံမြို့နယ်ထဲက ယန်းလောကျေးရွာ၊ မိုင်းဆတ်မြို့နယ်ထဲက ကာန ကျေးရွာ၊  တာချီလိတ်မြို့နယ်ထဲက   တာကြန့် ကျေးရွာများကို ရွေးချယ်ဆောင်ရွက်ပေးခဲ့သည်။ ယန်းလောသည် ကျိုင်းတုံမြို့နှင့်   သိပ်မဝေးလှ။ ခြောက်မိုင်လောက်ပဲ ဝေး၍ ၁၅ မိနစ်ခရီးမျှသာ၊ အိမ်ခြေ ၁၂၉ အိမ်၊ အိမ်ထောင်စု ၁၂၄ စု၊ လူဦးရေ ၇၃၄ ဦး ရှိပြီး ရှမ်းတိုင်းရင်းသားများ နေထိုင်ကြ ပါသည်။  ဘဏ္ဍာနှစ်အလိုက်   ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းရေး၊   သန့်ရှင်းသောသောက်သုံးရေ    ရရှိရေး၊ အိမ်တိုင်းမှာ ရေသွယ်တိုင် ရောက်ရှိလာစေ ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို   မေးမြန်းဆွေးနွေးခဲ့သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Cash  For  Work  နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF  အစီအစဉ်များ   ထည့်သွင်း ဆောင်ရွက်ပေးမှာကိုလည်း ရှင်းလင်းပြောကြား ခဲ့ကြသည်။ ယန်းလောရွာမှာ လျှစ်စစ်မီးလည်း ရရှိထားပြီးဖြစ်ရာ  အသေးစားစက်မှုလက်မှုလုပ်ငန်း များ ထူထောင်နိုင်အောင် သင်တန်းများ ပို့ချပေးရေး ကိုပါ ညှိနှိုင်းမှာကြားခဲ့ပါသည်။ 

 


ကျိုင်းတုံဒေသသို့   ရောက်ရှိစဉ်    မိမိတို့ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်နေသော နောင်ငင်း-ဝမ်ဆိုင်း (လွယ်)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၇/၆) မိုင်ကို   သွားရောက်ကြည့်ရှု   ဖြစ်ခဲ့သေးသည်။ ယင်းလမ်းပြီးစီးသွားပါက ကျေးရွာအုပ်စု နှစ်အုပ်စု၊ ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ   ၉၂၇  အိမ်၊  လူဦးရေ  ၅၀၅၇ ဦးကို အကျိုးပြုမည်ဖြစ်ပါသည်။ ဝမ်ဆိုင်း (လွယ်)  ရွာ၏ ထူးခြားချက်မှာ    နှစ်ပေါင်းရာချီ နေသော လက်ဖက်ပင်များရှိပြီး      လက်ဖက်ခြောက် ကောင်းကောင်းလည်း   ထွက်သည့်ကျေးရွာဖြစ် ကြောင်း သိခွင့်ရခဲ့ပါသည်။ လမ်းများကို   ကြည့်ရှု စစ်ဆေးခဲ့သည့်နည်းတူ     မိုင်းယောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော      ဝန်ထမ်းများ၊   ကျိုင်းတုံ ပြည်နယ်ခွဲရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများ၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။  အခက်အခဲ   ရှိ/ မရှိ မေးမြန်း၍ လိုအပ်ချက်များ   ညှိနှိုင်းပေါင်းစပ်   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ခေါက် တစ်ခေါက်ရောက်ဖို့ရာ မလွယ်သောဒေသမျိုး ဆိုလျှင် ဧည့်သည်မျှော်ကြသည်။ ဧည့်သည်လာလျှင် သူတို့  ပျော်ကြသည်လေ။ ဥပမာအားဖြင့် ကချင် ပြည်နယ်ထဲက ပန်နန်းဒင်လိုနေရာမျိုး၊ နာဂဒေသ က နန်းယွန်း၊ ပန်ဆောင်လို နေရာမျိုး၊ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက မက်မန်းလို နေရာဒေသမျိုး များ ဖြစ်ကြသည်။

 


ရှမ်း (တောင်) ကို ပြန်ခဲ့သည်


ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းမှာ ကျိုင်းတုံမြို့မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။ ဟဲဟိုး လေဆိပ်မှာ ဆင်းသည်။ ကျိုင်းတုံ-ဟဲဟိုးခရီးစဉ်ကို လေယာဉ်စီးနေစဉ် ၁၉၈၄ ခုနှစ် အတိတ်ကာလကို ဖျတ်ခနဲ ပြန်လည်သတိရ၍ ပြုံးမိသည်။ တပ်မတော် သားဘဝ ကျိုင်းတုံ၊ လွယ်မွေ၊ ဝမ်တဲ၏ အရှေ့ဘက် ပွိုင့် ၅၉၉၃ မှာ တာဝန်ထမ်းဆောင်ပြီး သင်တန်း တက်ရန် နောက်တန်းသို့အပြန် ဤကဲ့သို့  ကျိုင်းတုံ-ဟဲဟိုး လေယာဉ်စီးရခြင်း ဖြစ်သည်။ ပထမဆုံး အကြိမ် လေယာဉ်စီးဖူးခြင်းလည်းဖြစ်၏။ ကျွန်တော် တောသား ငယ်စဉ်ကတည်းက လှေစီးလည်း တောက် သည်။ ကားစီးလည်း မူး၊ ရထားစီးလည်း အန်တတ် သည်ဆိုတော့ကာ  ပထမဆုံးအကြိမ်   စီးဖူးသော လေယာဉ်ပျံပေါ်မှာ ဒုက္ခနှင့်လှလှ တွေ့လိုက်ပုံများ၊ ဆွဲမိဆွဲရာ စက္ကူအိတ်ထဲအန်ချ၊ ပြီးလျှင် ဘယ်သူ့ကို ပေးရမှန်း၊  ဘယ်အနား   သွားထားရမှန်းမသိ၍ တောဆောင်းဦးထုပ်ထဲသို့ ထည့်ကိုင်ကာ  ဟဲဟိုး လေဆိပ်အဆင်း လေယာဉ်ကွင်းအစပ်မှာ  သွန်ခဲ့ ရသည့် ဘဝ၊ တောဆောင်းဦးထုပ်ထဲမှာ စားထား သည့်ထမင်းလုံးတွေက ဗရပွနှင့်၊ ဪ…၁၉၈၄ ခုနှစ် က အမှတ်တရအဖြစ်တွေ။

 


အခုတော့ ကျင့်သားရသွား၍ အိန္ဒြေမပျက် လေယာဉ်နှင့်  ခရီးဆက်ခဲ့တာတွေ  များလှပါပြီ။ ကျိုင်းတုံ - ဟဲဟိုး လေယာဉ်စီးချိန် မိနစ် ၅၀ ခန့်မျှ သာ၊ နေပြည်တော်သို့   အပြန်လမ်းမှာ   ဝင်စရာ တစ်နေရာ   ရှိနေပါသေးသည်။   ကလောမြို့နယ် မြင်းမထိ ကျေးရွာအုပ်စုထဲက နန်းအွန်ကျေးရွာ၊ အောင်ပန်း၊ ကလော၊ ပင်လောင်း လမ်းသုံးခွဆုံနေရာ၊ မာတင်  ချော်လဲလမ်းခွဲမှ   ပင်လောင်းဘက်သို့ သွားသောလမ်းအတိုင်း   ကားမောင်းသွားလျှင် သိပ်မဝေးလှပါ။  ၁၉၈၀   ပြည့်လွန်နှစ်များက ပင်လောင်းဒေသမှာ   စစ်ဆင်ရေးဝင်ဖူးသဖြင့် ဒီနေရာတွေနှင့်သိပ်ပြီး မစိမ်းလှ။ သို့သော် နန်းအွန် ကျေးရွာကိုတော့ မရောက်ဖူးခဲ့ပေ။ ရွာ၏ ပတ်ဝန်း ကျင် အရပ်ရှစ်မျက်နှာမှာ မြစိမ်းရောင်ကမ္ဗလာကြီး ခင်းထားသည့်နှယ် သီးနှံစိုက်ခင်းတွေက ပေါများလှ သည်။ နန်းအွန်ရွာသားတွေကို သေချာမေးကြည့် တော့မှ စိုက်ဧက ၄၀၀ နီးပါးရှိသည်ဆို၏။

 


ကုန်ထုတ်လမ်းနှင့် ရေပန်းနှင့် နန်းအွန်ကျေးရွာ


နိုင်ငံတော်အကြီးအကဲ၏   ၂၀၂၁   ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်  (တောင်ပိုင်း)  ခရီးစဉ် အတွင်း “အောင်ပန်းမှ ပင်လောင်းသို့သွားသည့် လမ်းမမှ နန်းအွန်ရေထွက်သို့သွားသည့် အဝင်လမ်း ၇ ဖာလုံကို  မူလလမ်းအကျယ်အတိုင်း ဖြစ်စေရေး ပြန်လည်ဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါသည်။ ယင်း လမ်းညွှန်ချက်အရ   ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေကို ၇၃ ဒသမ ၀၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ရေထွက်သို့ အဝင်လမ်း အဆင်ပြေသွားသည့်အပြင် စိုက်ဧက ၃၉၅ ဧကကို အကျိုးပြုမည့် ကုန်ထုတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ တစ်ဖန် ပြည်နယ်ရန်ပုံ ငွေမှ ငွေကျပ်သန်း ၁၁၆ ဒသမ ၃၀ သုံးစွဲ၍ ဆိုလာပန့် စနစ်ဖြင့် ရေတင်ခြင်း၊ ဂါလန် ၃၀၀၀၀ ဆံ့ရေစုကန် တည်ဆောက်ခြင်း၊ စိုက်ခင်းများသို့   ရေပိုက်လိုင်း များ သွယ်ယူခြင်း   ဆောင်ရွက်ပေးခဲ့ရာ     နန်းအွန် သည် ကုန်ထုတ်လမ်းနှင့်   ရေပန်းနှင့်   ရေကန်အသင့် ကြာအတင့်   ဖြစ်လာခဲ့သည်။  နန်းအွန်ကို  ပို၍ ပြီးပြည့်စုံသွားသည်ကတော့     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၏ ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်၌   နန်းအွန် ကျေးရွာသို့ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သောကြောင့် ဖြစ်သည်။ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၈ ဒသမ ၅၀ ဖြင့်    ဂါလန်  ၅၀၀၀  ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ အရှည်ပေ ၉၂၀၀ ပိုက်လိုင်းများ သွယ်တန်း၍ ရေဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။ 

 


အမှုန်အမွှားလေးများနှင့် ကိုလှဘော်


အဆိုပါစိုက်ခင်းများအလယ်မှာ   နန်းအွန် ကျေးရွာက တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုး ရေးကိစ္စ၊   ရေဖြန့်ဝေရေးကိစ္စတွေ   အဆင်ပြေမှု  ရှိ မရှိ မေးမြန်းလေ့လာမှု ပြုခဲ့သည်။   ကုန်ထုတ်လမ်း ဆောင်ရွက်ပေးသဖြင့် သီးနှံစိုက်ခင်းများအတွက် အထူးပင် အကျိုးကျေးဇူးများခဲ့ပါကြောင်း၊ အိမ် အရောက် ရေသွယ်ပေး၍လည်း ကျေးဇူးတင်ရပါ ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုအထဲကမှ ကိုလှဘော်ဆိုသည့်  ရွာသားတစ်ဦး၏  အပြော ကတော့ -
“ဆရာရေ…ကျွန်တော့်ကို အမှုန်အမွှားလေးတစ်ခုလောက်တောင်းခွင့်ပြုပါ”
“ဗျာ ... ဘယ်လို အမှုန်အမွှားလဲဗျာ”


“ ရွာအတွက် ဆရာတို့ ဆောင်ရွက်ပေးခဲ့တာ တွေ  အားလုံးအဆင်ပြေပါတယ်၊  ကျေးဇူးလည်း တင်ပါတယ်။ တစ်ခုတင်ပြချင်တာက  ရွာကမူလတန်း လွန်ကျောင်းမှာ ကျောင်းသား ၂၀၀ လောက် ရှိတယ်၊  သောက်ရေသန့်စက်လေး လိုချင်လို့ပါ ခင်ဗျား”
“ နိုင်ငံတော်က ကိုလှဘော်တို့ ရွာနဲ့ တောင်သူ တွေအတွက် ငွေကျပ် ၂၂၇ ဒသမ ၈၈ သန်း၊ ကျပ် သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် သုံးပြီးလုပ်ပေး ထားတာတွေကတော့   အမှုန်အမွှား   မဟုတ်ဘူး နော်”


ကျွန်တော်က   ရယ်မောရင်း   သူ့စကားအတိုင်း ပြန်ပြောဖြစ်ခဲ့သည်။     ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန      ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းလည်း     အတူပါလာသဖြင့် ရေသန့်စက် (အသေး) နှစ်လုံး ပေးအပ်လှူဒါန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သည်တစ်ခေါက် ခရီးစဉ်မှာ ဆောင်ရွက်ခွင့်ရခဲ့သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏   ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများက တွေ့မြင် ရသူအားလုံးကို   ကြည်နူးဝမ်းသာ   ဖြစ်စေခဲ့တာ အမှန်ပင်။      ။