ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာလိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ

တိကျစွာလိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး

 

=========================================================

နေပြည်တော် ဒီဇင်ဘာ ၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို ယမန်နေ့ ညနေပိုင်းက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တွေ့ရှိချက်အသစ်များ၊ နေရာဒေသအလိုက် ရောဂါကူးစက် ပြန့်ပွားမှုပုံသဏ္ဌာန်၊ ကပ်ရောဂါဗေဒတွေ့ရှိချက်များအပါ အဝင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် အညီ လုပ်ငန်းလမ်းညွှန်များ၊ ရောဂါကာကွယ်ရေး  စည်းကမ်း လမ်းညွှန်ချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ အား မွမ်းမံပြင်ဆင်ထုတ်ပြန်ခြင်းနှင့် နည်းဗျူဟာများ မွမ်းမံပြောင်းလဲဆောင်ရွက်ခြင်းများအား လုပ်ဆောင် လျက်ရှိပါကြောင်း။

ကြီးကြပ်ဆောင်ရွက်ပေးစေလို

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ကျန်းမာရေးဝန်ထမ်းများသည် နေ့မအား၊ ညမနား ဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ လူနာကုသရေးလုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ် ရေး ကွင်းဆင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ မဟုတ်သော အခြား ရောဂါအမျိုးမျိုး ကာကွယ်ကုသခြင်းဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ စိတ်ရောကိုယ်ပါ ပင်ပန်းနေ ကြပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအား အတိုင်းအတာ တစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို လိုက်နာမှုရာခိုင်နှုန်း များပြားရန်အရေးကြီးနေပြီး ယခုအချိန်တွင် စည်းကမ်း လိုက်နာမှုရာခိုင်နှုန်းသည် လိုအပ်သည့် ပမာဏမရှိသေး ပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာနှင့် အများပြည်သူ ဆိုင်ရာနေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းများကို ပြည်သူ များ တိကျစွာ လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှု ပြုလုပ်ခြင်းများကို လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ ပြည်သူများ၏ လူမှုစီးပွားရေး အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားကာ ဖြေလျှော့မှု များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဖြေလျှော့မှုများ ပေးပြီးနောက် လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း ကောင်း၊ လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးရန်မှာ မဖြစ်မနေအရေးကြီးပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများကို ပြည်သူများအကြား လိုက်နာမှု အားကောင်းစေရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်းကြပ်စွာ ဆောင်ရွက်ပေးပါရန် ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများအကြားတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိနေပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသသူများ ရှိနေနိုင်ရာ ၎င်းတို့မှတစ်ဆင့် ရောဂါထပ်ဆင့်ပြန့်ပွား ကူးစက်နိုင်သည် ဆိုသည့်အချက်ကို ပြည်သူတစ်ဦးချင်း သိရှိ လိုက်နာဆောင်ရွက်ကြစေရန် “ပါးစပ်နှင့် နှာခေါင်း စည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်” မှ တစ်ဆင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်၍ ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများအား လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် အသိပညာပေးစည်းရုံးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှုပြုလုပ်ခြင်းတို့ကို လုပ်ဆောင် ခြင်းမပြုပါက ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေ မည်ဖြစ်ကာ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် ဘက်စုံကဏ္ဍများတွင် အနုတ်လက္ခဏာဆောင် သော အကျိုးဆက်များ ဖြစ်ပွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ရှိရာ နေရာဖြစ် ခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ များပြားခြင်း၊ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခြေအနေအမျိုးမျိုးရှိသောသူများ နေထိုင် ကြခြင်း၊ လူဦးရေထူထပ်များပြားခြင်း၊ အပြည်ပြည်ဆိုင်ရာ နှင့် ပြည်တွင်းလေဆိပ်ရှိခြင်း၊ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး ယာဉ်များစွာရှိခြင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဝင်ထွက်ပေါက်များစွာ ချိတ်ဆက်မှုရှိကာ ကူးလူးသွားလာမှု များပြားခြင်းစသည့် ကွဲပြားခြားနားပြီး ထူးခြားသည့် အခြေအနေများရှိခြင်းကြောင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များတွင် ကျင့်သုံးနေသော နည်းလမ်း များအတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ရန်ကုန်တိုင်းဒေသ ကြီးနှင့် သင့်တော်သော နည်းလမ်းများဖြင့် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှုရှိစေရေး လုပ်ငန်းများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်ဆုံး ဆောင်ရွက်ပေး စေလိုပါကြောင်း။

ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ဆုံးဖြတ်ဆောင်ရွက်ရန်မှာ အရေးကြီးပါ ကြောင်း၊ တစ်နာရီ၊ တစ်ရက် နောက်ကျလျှင် နောက်ကျသလို ရောဂါဖြစ်ပွားကူးစက်မှု ပိုမိုဖြစ်ပွားစေနိုင်ပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း ယခုကဲ့သို့ ကပ်ရောဂါ ဖြစ်စဉ်များတွင် လိုက်နာဆောင်ရွက်ရန် အပြည်ပြည် ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (International Health Regulations 2005) ကို ထုတ်ပြန်ထားကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါပြဋ္ဌာန်းချက်နှင့် အညီ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်း လမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းလမ်းညွှန် ချက်များ မည်မျှပင် ကောင်းမွန်စေကာမူ လိုက်နာမှုမရှိပါက အချည်းနှီးပင်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ များ တိုင်ပင်ဆွေးနွေးကာ ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးစည်းကမ်းများ ချမှတ်ကာ ပြည်သူများ လိုက်နာစေရေးအတွက် အမြန်ဆုံး စတင်နိုင်ရန်အတွက် ပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး ပိုင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းနွမ်းနယ်နေ သည်ကို တွေ့ရှိသိမြင်နေရပါကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော တိုင်းဒေသကြီးဖြစ်ကာ အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ စီးပွားရေးလုပ်ငန်းများမှ မှီတည်နေသည့် စီးပွားရေး လုပ်ငန်းများစွာရှိနေပါကြောင်း၊ အဆိုပါလုပ်ငန်းများ သည် အခက်အခဲများ ရင်ဆိုင်နေကြရခြင်း၊ ပြည်သူများ၏ လူမှုစီးပွား ထိခိုက်မှုများရှိနေခြင်းနှင့် ပြည်သူများအကြား စိတ်မွန်းကြပ်မှုများရှိနေခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူများ အကြား လူမှုစီးပွားပြဿနာများ မဖြစ်ပွားစေရေးတို့ကို ချိန်ဆဆောင်ရွက်နေပါကြောင်း။

လက်ရှိတွင် မိမိတို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လူစုလူဝေးမဖြစ်ပွားစေရန် ကြပ်မတ်ဆောင်ရွက် ခြင်းနှင့် လမ်းဘေးတွင် ထိုင်ခုံများချ၍ အစားအသောက် ရောင်းချခြင်းနှင့် စားသောက်ခြင်းတို့ကို ပိတ်ပင်တားမြစ် လျက်ရှိပါကြောင်း၊ ရပ်ရွာလူထုမှ အပေါင်းလက္ခဏာနှင့် အပြုသဘောဆန်သည့် စောင့်ကြည့်ကူညီသည့် ပုံစံဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားသည့်လူနာများနှင့် မိသားစုများကို ပံ့ပိုးကူညီသည့် ပုံစံဖြစ်လာစေရန် အသိပေးစည်းရုံးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ စက်ရုံ၊ အလုပ်ရုံမှ ဝန်ထမ်းများ အားလုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ စစ်ဆေးခြင်းမှတ်တမ်းနှင့် ကျန်းမာရေးအခြေအနေ မှတ်တမ်းများကို ကွန်ပျူတာဖြင့် မှတ်တမ်းတင်ပြီး QR Code ဖြင့် စစ်ဆေးနိုင်ရန် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ဆွေးနွေးညှိနှိုင်းထား

ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ခဲ့သူများ၊ ကိုဗစ်-၁၉ လူနာတစ်ဦးချင်းစီ၏ နေအိမ်အဆင့်အခြေအနေ၊ လူမှု စီးပွားရေးနှင့် အသိပညာအဆင့်အခြေအနေ၊ ရောဂါပြင်းထန် မှုအခြေအနေအပေါ်မူတည်၍ နေအိမ်၊ လူထုအခြေပြု အသွားအလာကန့်သတ်ရာနေရာများ၊ ဟိုတယ်၊ ဆေးရုံ/ ကုသရေးဌာနများ စသည်ဖြင့် သင့်လျော်သည့်နေရာတွင် ထားရှိပြုစုကုသနိုင်ရေး ဆွေးနွေးနေပါကြောင်း၊ ဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက နှီးနွှယ်ဝန်ကြီးဌာန များနှင့် ပူးပေါင်းကာ “ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်” အား ကနဦး (pilot) ဆောင်ရွက်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပံ့ပိုးပါဝင်ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းထား ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဆေးရုံ၊ ဆေးခန်းများနှင့်လည်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် လူနာကုသရေးလုပ်ငန်း များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ထား ရှိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ လိုက်နာစေရေးအတွက် အသိပညာပေးခြင်း၊ ပြည်သူများ အချင်းချင်း၊ အသင်းအဖွဲ့ အချင်းချင်း အပြန်အလှန်ကြီးကြပ်စေခြင်းနှင့် ဌာနဆိုင်ရာ များမှ ကြီးကြပ်ခြင်းလုပ်ငန်းများကို ပံ့ပိုးပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ “ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်”ကို အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိပါ ကြောင်းနှင့် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ် ရေး(ICT)နည်းပညာကို အသုံးချကာ လူ့စွမ်းအားအရင်း အမြစ်များ ချွေတာအသုံးပြုနိုင်ရေး အကြံပြုချက်များ တင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီး တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးစီမံချက် ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနဆိုင်ရာ များ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် “ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်”အား ပြည်သူအခြေပြုပုံစံဖြင့် ဆောင်ရွက် သွားမည့်ကိစ္စရပ်များကို တင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီး ဝန်ကြီးများအား ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်ခွဲဝေပေးအပ် ကာ ပါဝင်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်း ဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက် မည့်ကိစ္စရပ်များကို ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေပြမြေပုံများ ရေးဆွဲရာ တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီမံချက်ဆောင်ရွက်ရာ၌ ရပ်ကွက်၊ ကျေးရွာ နေရာဒေသ အနေအထားများအလိုက် ရောဂါကူးစက်မှု အခြေအနေ များကို စောင့်ကြည့်အကဲဖြတ်ရေးအတွက် ကူးစက်ဖြစ်ပွားမှု အခြေပြမြေပုံများ ရေးဆွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြုစုထားသော ရပ်ကွက်၊ ကျေးရွာ အခြေပြုမြေပုံများ ရှိပါ ကြောင်း၊ ယခုလက်ရှိတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပုံမှန် အစည်းအဝေးများ ပြုလုပ်နေသကဲ့သို့ “ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်” ဆောင်ရွက်ချိန်တွင်လည်း ပုံမှန်အစည်းအဝေးများ ပြုလုပ် ကာ ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ဝန်ထုပ်ဝန်ပိုး လျော့စေရေး၊ ပြည်သူများ လူမှုစီးပွားထိခိုက်မှု မရှိစေရေး တို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မိမိအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်နှင့်ပတ်သက်၍ မြို့နယ်တစ်ခုလုံးအနေအထားဖြင့် ဆောင်ရွက်ခြင်းမှ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုပုံသဏ္ဌာန်နှင့် နေ့အလိုက် ပြောင်းလဲမှုပုံသဏ္ဌာန်၊ လတ်တလော ဖြစ်ပွားသူအရေအတွက်နှင့် နေရာအလိုက် အစုလိုက်ဖြစ်ပွားမှု၊ လူအများ ရွှေ့ပြောင်းသွားလာမှု ပမာဏ နှင့် အရှိန်အဟုန်၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းများ၏ တည်နေရာ၊ လူဦးရေထူထပ်မှု စသည့် အချက်များအပေါ်မူတည်၍ ရပ်ကွက်၊ ကျေးရွာ၊ လမ်းအလိုက်သာ မိမိအိမ်တွင်နေထိုင် ရေး (Stay at home) အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့ အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း။

ကာကွယ်ရေးစည်းကမ်းများ တိကျစွာလိုက်နာရေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ များ လူမှုစီးပွားလုပ်ငန်းများဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက် ရန်အား ကြီးကြပ်ဆောင်ရွက်ပေးပါရန်၊ ဈေးဝယ်သူများ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျမဝတ်ဆင်ဘဲ ဈေးအတွင်း ဝင်ရောက်ခွင့်မပြုရန်၊ ဈေးရောင်းချသူများတွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ခြင်းမရှိက ရောင်းချခွင့်မပြုရန်၊ အများပြည်သူဆိုင်သောနေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းမပြုဘဲ သွားလာမှု မရှိစေရန်၊ အများပြည်သူသုံး ဘတ်စ်ကားများ တွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းမပြုဘဲ စီးနင်းခွင့်မပြုရန်နှင့် စီးနင်းနေစဉ် လမ်းခရီးတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကိုချွတ်ခြင်း (သို့မဟုတ်) မေးသိုင်း ခြင်းများ ပြုလုပ်ပါက ဆက်လက်စီးနင်းခွင့် မပြုရန်၊ ဘတ်စ်ကားမောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာမဖြစ်မနေတပ်ဆင်ရန်၊ စက်ရုံ၊ အလုပ်ရုံများ တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာရေးဆောင်ရွက်ရန်တို့ကို ဝိုင်းဝန်းပံ့ပိုး ကြီးကြပ် ဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ လူနာတစ်ဦးချင်းအား ကုသမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကုသမှု အထောက်အကူပြုပညာရှင်များသည် အစွမ်းကုန် ဆောင်ရွက်ရသည်ဖြစ်ရာ ပင်ပန်းနေကြပြီဖြစ်ပါကြောင်း၊ လူနာအသစ်ဖြစ်ပွားမှု ကျဆင်းစေရန်အတွက် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရေး ပြည်သူ့ကျန်းမာရေး ပညာရှင်များ အားထည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ကြာမြင့်မည့်အချိန်ကာလသည် ပြည်သူများ စည်းကမ်း လိုက်နာမှု ရှိ၊ မရှိ ဆိုသည့်အချက်နှင့် တိုက်ရိုက်ဆက်နွှယ် လျက်ရှိပါကြောင်း၊ ပြည်သူများက တာဝန်သိစွာဖြင့် စည်းကမ်းလိုက်နာဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှု လျော့ပါးနိုင်မည်ဖြစ်ပါကြောင်း၊ l စာမျက်နှာ ၁၀ မှ

လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အတွက် စောင့်ကြည့်အကဲဖြတ်မှု စာရင်းပုံစံများဖြင့် စောင့်ကြည့်အကဲ ဖြတ်မှုနှင့် ဆန်းစစ်မှုများကို ဆောင် ရွက်သည့်ကိစ္စရပ်များ၌လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပါဝင် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ပံ့ပိုးမှုများကြောင့် ကိုဗစ်-၁၉ ကို ယခုလက်ရှိအခြေအနေ အတိုင်းအတာအထိ ထိန်းချုပ်ထား နိုင်သည်ကို အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက် မှုအခြေအနေကိုသာ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားရန် လိုပါ ကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလ၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာ ပိုင်းဆိုင်ရာကိစ္စရပ်များကိုသာ ဝန်ကြီး ဌာနသို့ ဆက်သွယ်ပြောကြားခွင့်ပြု ချက် တောင်းခံရန်နှင့် လိုအပ်ပါက မိမိတို့မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီသို့ တင်ပြ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ သတင်းစဉ်