
ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသားတိုးနွားနှင့် နို့စားနွား ပိုမိုမွေးမြူထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ကျွဲ၊ နွားများ တိုးချဲ့မွေးမြူနိုင်မည့် Unit Plan စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရ သည်။
နေ့စဉ်အသားစားသုံးနိုင်ရန် တစ်ရက် နွားအကောင်ရေ ၃၀၀ ခန့်ကို ဆင်မလိုက်နှင့် ရွာသာကြီးမှ ထုတ်လုပ်လျက် ရှိပြီး ပြည်ပပို့ကုန်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ သောက်သုံးနိုင်ရန် အင်းစိန်နှင့် တာမွေဈေးကွက်တို့မှ နွားနို့များ ကို ဖြန့်ချိလျက်ရှိသည်။ ကျွဲ၊ နွားမွေးမြူမှုနှင့် ထုတ်လုပ်မှု ရေရှည်တွင် ဟန်ချက်ညီမှုဖြင့် အသားနှင့်နို့ ဈေးနှုန်းကြီးမြင့်မှုနှင့် ပြတ်လပ်မှုမရှိစေရန်၊ နှစ်စဉ်တိုးပွားလျက်ရှိသော မြို့ပြလူဦးရေနှင့် အညီ ထိန်းညှိထုတ်လုပ်နိုင်ရန် လက်ရှိမွေးမြူ မှုများသော မင်္ဂလာဒုံနှင့် သုံးခွမြို့နယ်တို့၌ တစ်မြို့နယ်တွင် တစ်နှစ်လျှင် ကောင်ရေ ၁၀၀ တိုးနှုန်းဖြင့် နှစ်မြို့နယ် ကောင်ရေ ၂၀၀ တိုးပွား ရန် ကျွဲ၊ နွားများချပေးသောစနစ် Unit Plan ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက် ခဲ့ပြီး အောက်တိုဘာလတွင် တိုက်ကြီးနှင့် မှော်ဘီမြို့နယ်တို့၌ ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
နိုင်ငံတော်ဘတ်ဂျက်ဖြင့် အရင်းမပျောက် မတည်ငွေ မြစိမ်းရောင်မွေးမြူရေးကဏ္ဍကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေး တောင်သူတို့ထံ ကြက်/ဝက်/ဘဲမွေးမြူမှု တစ်နှစ်၊ ကျွဲ/နွားမွေးမြူမှု သုံးနှစ်သက်သာ သော အတိုးနှုန်းဖြင့် အရင်းမပျောက် မတည် ငွေဖြင့် ထုတ်ချေးလျက်ရှိသည်။ Unit Plan ဖြင့် မွေးမြူရေးလုပ်ဆောင်နေသော တောင်သူ တို့တွင် နွားအမကောင်ရေ ၃၀၀ ခန့် မွေးမြူ သူများအား အရင်းမပျောက် မတည်ငွေဖြင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ ချေးငွေထုတ်ပေး ၍ ကောင်ရေတိုးမြှင့်မွေးမြူနိုင်ရန် Unit Plan နှင့် မြစိမ်းရောင်မွေးမြူရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။
အသားတိုးနွားမွေးမြူရာ၌ သုံးနှစ်တွင်ရောင်းတန်းဝင်သောကြောင့် ယခင်က ငါးနှစ် မွေးမြူရသည့်အတွက် နှစ်နှစ်စာ အစာစရိတ် သက်သာ၍ အကျိုးအမြတ် ပိုမိုရရှိလျက်ရှိရာ ဘရာမင်၊ ရွှေနီ၊ ပြာစိမ်း၊ အင်ဒို ဘရာဇီးမျိုးတို့ အား အသားတိုးနွားအဖြစ် လည်းကောင်း၊ ဂျာစီ၊ ဖရေရှန်ကို နို့စားနွားအဖြစ်လည်း ကောင်း မွေးမြူလျက်ရှိသည်။
တစ်ဧကလျှင် နွား ၁၀ ကောင်မွေးမြူသော ကြောင့် ပိုမိုမွေးမြူနိုင်ရန် စားကျက်မြေအခက် အခဲကို ကြိုတင်ဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသားတိုးနွားကောင်ရေ ၁၄၀၀၀၀ ကျော်ရှိ၍ တစ်လကောင်ရေ ၃၀၀၀ ခန့် အသားထုတ်လုပ်လျက်ရှိရာ ရေရှည်တွင် အသား တိုးနွား ပျောက်ကွယ်နိုင်ခြင်းနှင့် ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အသား တိုးနွားများကို အားပြုလာရခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသားတိုးနွား နှင့် နို့စားနွားများ တိုးမြှင့်မွေးမြူနိုင်ရန် Unit Plan ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး