
ဟားခါး သြဂုတ် ၂၄
ချင်းပြည်နယ် ကိုဗစ် − ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့ ချင်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်း ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည့် အတွက် ပြည်နယ်အတွင်းရှိ အသက် ငါးနှစ်နှင့်အထက် ပြည်သူများ အားလုံး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး လက်ကျန်များ သက်တမ်းမကုန် ဆုံးမီ ထိုးနှံပေးနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက် လာသူများက ပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်မှုအခြေအနေ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး မှု အခြေအနေနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများ၊ သက်တမ်း ကုန်ဆုံးရက် နီးကပ်သည့် ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံမည့် အစီအမံများ နှင့် ဖြစ်ပေါ်လာနိုင်သော ကိုဗစ်− ၁၉ ရောဂါ နောက်ဆက်တွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေ အနေများကို လည်းကောင်း၊ မြို့ဝင်/မြို့ထွက် ဂိတ်များတွင် RDT Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှာဖွေစစ်ဆေးမှုအခြေ အနေ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ချင်း ပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကြပ်မတ် ပေးနေမှုနှင့် စနစ်တကျ စိစစ်၍ သက်တမ်းကုန်ဆုံးရက် နီးကပ် သည့် ဆေးလက်ကျန်များ အလေ အလွင့်မရှိဘဲ သတ်မှတ်ကာလ အတွင်း အပြည့်အဝ ထိုးနှံပေးရန် လိုအပ်မှုတို့ကို ဖြည့်စွက်ဆွေးနွေး ပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည် နယ်ဥပဒေချုပ်တို့က မြို့နယ် တစ်ခုချင်းအလိုက် သုံးသပ်အကြံ ပြု ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်က “ပန်းခင်း” စီမံချက်ဆောင်ရွက် ပြီးစီးမှုနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များကို Software Program အတွင်း ထည့်သွင်းမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)