အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများ အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်ကြသည့်ပုံစံများ

 

ပြည့်ဖြိုးအောင် 
(စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)

 

(ယမန်နေ့မှ အဆက်) 


(ခ) ကုမ္ပဏီသည် ထုတ်ဝေထားပြီးဖြစ်သည့် လက်ရှိ အစုရှယ်ယာများကိုသာ   အစုရှယ်ယာရှင်များနှင့် အများပြည်သူတို့အကြား အလွယ်တကူ  အရောင်း အဝယ်ပြုလုပ်နိုင်စေရန်အတွက် စတော့အိပ်ချိန်း၌ စာရင်းဝင်ခြင်း


စတော့အိပ်ချိန်း၌  စာရင်းဝင်ခြင်းဆိုသည်မှာ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီသည် အစုရှယ်ယာ အသစ်များကို  ထုတ်ဝေကမ်းလှမ်းရောင်းချခြင်း မဟုတ်ဘဲ ကုမ္ပဏီမှ ယခင် ထုတ်ဝေရောင်းချထားခဲ့ပြီးဖြစ်သည့်အစုရှယ်ယာများကို စျေးကွက်အတွင်း စတော့အိပ်ချိန်းမှ တစ်ဆင့် ယင်းကုမ္ပဏီ၏ လက်ရှိ အစုရှယ်ယာရှင်များအပါအဝင် အများပြည်သူတို့ အကြား ယုံကြည်စိတ်ချစွာဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ စျေးကွက်ပေါက်စျေးဖြင့် နေ့စဉ်အလွယ်တကူ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းစဉ်များကို လုပ် ဆောင်နိုင်စေရန်အလို့ငှာ စျေးကွက်သို့ ဝင်ရောက် ခြင်းသာ ဖြစ်ပါသည်။ 

 


အဆိုပါပုံစံသည် အဘယ်ကြောင့် ဖြစ်ပေါ်လာရ သနည်းဟုဆိုရသော် မိမိတို့နိုင်ငံတွင် အစုရှယ်ယာ ဈေးကွက်မပေါ်ပေါက်ခင် ကာလများစွာကတည်း ကပင် အများနှင့်သက်ဆိုင်သည့်   ကုမ္ပဏီများ၏ အစုရှယ်ယာများ ထုတ်ဝေကမ်းလှမ်းရောင်းချခြင်း အလေ့အထများ ရှိခဲ့၍ပင် ဖြစ်ပါသည်။ ယင်းကဲ့သို့ စာရင်းဝင်ရန်အတွက် စတော့အိပ်ချိန်းမှ သတ်မှတ် ထားသည့်  စာရင်းဝင်ခြင်းဆိုင်ရာ   ဖွင့်ဟကြေညာ ချက် (DDL - Disclosure Document for Listing) တစ်စောင်နှင့်အတူ အခြားလိုအပ်ချက်များဖြစ်သည့် စာရင်းဝင်ခြင်းဆိုင်ရာ   စံသတ်မှတ်ချက်များကို ဖြည့်ဆည်းတင်ပြရမည် ဖြစ်ပါသည်။ DDL ဆိုသည် မှာ  အများနှင့်သက်ဆိုင်သည့်   ကုမ္ပဏီများအား အစုရှယ်ယာဈေးကွက်သို့ ဝင်ရောက်နိုင်ရန် လက်ရှိ အနေအထားနှင့်ကိုက်ညီအောင် သတ်မှတ်ပေးထား ခြင်းဖြစ်၍   ကုမ္ပဏီ၏   အလားအလာညွှန်းတမ်း (Prospectus) နှင့် အလားသဏ္ဌာန်တူညီပါသည်။ 

 


တင်ပြလာသည့်  စာရွက်စာတမ်းများအပေါ် မူတည်၍ စတော့အိပ်ချိန်းမှ စာရင်းဝင်စံသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိကိုစိစစ်ပြီး စာရင်းဝင် ခွင့်ပြုပါသည်။   စာရင်းဝင်ခွင့်ပြုချက်ရရှိပြီးသည် နှင့် မိမိတို့ကုမ္ပဏီမှ ထုတ်ဝေထားပြီးဖြစ်သည့် အစု ရှယ်ယာလက်မှတ်များအား   အီလက်ထရွန်နစ် နည်းလမ်းဖြင့်   မှတ်တမ်းတင်ဆောင်ရွက်သည့် လုပ်ငန်းစဉ် (Dematerialization Process) ကို အသုံးပြု၍ စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများအကြား      အလွယ်တကူ လွှဲပြောင်းရောင်းချခြင်းများကို   ပြုလုပ်နိုင်စေရန် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များနှင့် ဆက်သွယ်ပြီး တရားဝင်မှတ်တမ်းတင်မှုကို လုပ်ဆောင်ရပါသည်။ 

 


ကုမ္ပဏီ၏   အစုရှယ်ယာရှင်   အရေအတွက် အနည်း၊ အများပေါ်မူတည်၍ နှစ်ပတ် (သို့မဟုတ်) သုံးပတ်ခန့် ကြာမြင့်တတ်ပါသည်။ First Myanmar Investment Public Co., Ltd. (FMI)၊ Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH)၊ Myanmar Citizens Bank Ltd. (MCB)၊ First Private Bank Ltd. (FPB)၊ Ever Flow River Group Public Co., Ltd. (EFR) နှင့် Amata Holdings Public Co., Ltd. (AMATA) တို့သည် ယခင်ကပင် အများနှင့်သက်ဆိုင်သည့်    ကုမ္ပဏီများအဖြစ် တည်ထောင်ထားခဲ့ပြီး အစုရှယ်ယာများ ထုတ်ဝေ ကမ်းလှမ်းရောင်းချထားခဲ့ကြပါသည်။   ယခုအခါ ယင်းတို့၏ အစုရှယ်ယာရှင်များနှင့် အများပြည်သူ အပါအဝင်   ရင်းနှီးမြှုပ်နှံသူတို့အကြား   ယခင် ထုတ်ဝေထားခဲ့ပြီးဖြစ်သည့်    အစုရှယ်ယာများကို အလွယ်တကူ  အရောင်းအဝယ်ပြုလုပ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ထိုကဲ့သို့သောပုံစံကို အသုံးပြု ကာ စတော့အိပ်ချိန်း၌ စာရင်းဝင်ရောက်ခဲ့ကြခြင်း ဖြင့် ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ကြပါသည်။ 

 


(ဂ) အများပြည်သူသို့    အစုရှယ်ယာအသစ်များ ထုတ်ဝေကမ်းလှမ်းရောင်းချမှုပြုလုပ်ခြင်းနှင့်အတူ စတော့အိပ်ချိန်း၌ တစ်ပြိုင်နက်စာရင်းဝင်ခြင်း


တတိယပုံစံတစ်ခုမှာ ပုံမှန်အားဖြင့် အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတကာအရင်းအနှီး စျေးကွက်များတွင် အလေ့အထဖြစ်လျက်ရှိသည့်ပုံစံတစ်ခု  ဖြစ်ပါသည်။ ယင်းမှာ   အများပြည်သူသို့ အစုရှယ်ယာအသစ်များ ထုတ်ဝေကမ်းလှမ်း ရောင်းချ ခြင်းနှင့်အတူ စတော့အိပ်ချိန်းသို့ စာရင်းဝင်ခြင်း (Listing with IPO) ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် ထိုကဲ့သို့ပြုလုပ်မည်ဆိုပါက ကုမ္ပဏီသည် အထက်ပါ အတိုင်း အလားအလာညွှန်းတမ်း (Prospectus) အား ကော်မရှင်သို့   တင်ပြရပြီး   အလားအလာ ညွှန်းတမ်းနှင့်အတူ   အခြားလိုအပ်သည့်စာရွက် စာတမ်းများကိုမူ  စတော့အိပ်ချိန်းသို့  တင်ပြရပါ သည်။ 

 


ကော်မရှင်မှ အလားအလာညွှန်းတမ်းကို စိစစ် အတည်ပြုချက်ပေးသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင် ပြီး စတော့အိပ်ချိန်းသည် စာရင်းဝင်စံ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိကို စိစစ်ပါသည်။ TMH Telecom Public Co., Ltd. (TMH) သည် အများ ပြည်သူသို့ အစုရှယ်ယာအသစ်များကို ထုတ်ဝေ ကမ်းလှမ်းရောင်းချခြင်းနှင့်အတူ စတော့အိပ်ချိန်း သို့ စာရင်းဝင်ခြင်းကို ပြုလုပ်ခဲ့သည့်ပထမဦးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယင်းကုမ္ပဏီသည် ၂၀၀၇ ခုနှစ်တွင် ပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုအဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး  ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင်  အများနှင့်သက်ဆိုင်သည့်   ကုမ္ပဏီသို့   ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဈေးကွက်သို့   ဝင်ရောက် လာခဲ့ခြင်း ဖြစ်ပါသည်။

 


ကော်မရှင် (SECM) က (၇-၄-၂၀၁၆) ရက်နေ့ တွင် ညွှန်ကြားချက်အမှတ် (၅/၂၀၁၆) ဖြင့် အများ နှင့်သက်ဆိုင်သည့်  ကုမ္ပဏီများအနေဖြင့်   အစု ရှယ်ယာအသစ်များအား အများပြည်သူသို့ ထုတ်ဝေ ကမ်းလှမ်းရောင်းချရာတွင် အသုံးပြုရမည့် အလား အလာညွှန်းတမ်းပုံစံများကို ထုတ်ပြန်ထားပါသည်။ အလားအလာညွှန်းတမ်းပုံစံကို ပုံစံ (က)နှင့် ပုံစံ(ခ) ဟူ၍ နှစ်မျိုး  ခွဲခြားထားပါသည်။ လူဦးရေ ၁၀၀ အောက် လျော့နည်းပြီး ထုတ်ဝေကမ်းလှမ်းရောင်းချ မည့် အစုရှယ်ယာတန်ဖိုးပမာဏကျပ်သန်း ၅၀၀ ထက်နည်း၍ အများပြည်သူသို့ အစုရှယ်ယာအသစ် များ ထုတ်ဝေကမ်းလှမ်းရောင်းချမည်ဆိုလျှင် ပုံစံ (က) ကို အသုံးပြု၍ ကော်မရှင်သို့ တင်ပြရပါသည်။ 

 


လူဦးရေ ၁၀၀ အောက်လျော့နည်းပြီး ထုတ်ဝေ ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာတန်ဖိုးသည် ပမာဏကျပ်သန်း ၅၀၀ ထက်ကျော်၍ အများပြည်သူ သို့   ကမ်းလှမ်းရောင်းချမည်ဆိုလျှင်သော်လည်း ကောင်း၊ လူဦးရေ ၁၀၀ ထက်ကျော်ပြီး ထုတ်ဝေ ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာတန်ဖိုးသည် ပမာဏကျပ်သန်း ၅၀၀ ထက်နည်း၍ အများပြည်သူ သို့  ကမ်းလှမ်းရောင်းချမည်ဆိုလျှင်သော်လည်း ကောင်း၊ လူဦးရေ ၁၀၀ ကျော်နှင့် ထုတ်ဝေကမ်းလှမ်း ရောင်းချမည့် အစုရှယ်ယာတန်ဖိုးပမာဏကျပ်သန်း ၅၀၀ ထက်ကျော်လွန်၍ အများပြည်သူသို့ ကမ်းလှမ်း ရောင်းချမည်ဆိုလျှင်သော်လည်းကောင်း ပုံစံ(ခ) ကို အသုံးပြု၍ အလားအလာညွှန်းတမ်းကို ပြင်ဆင်၍ ကော်မရှင်သို့ တင်ပြရပါသည်။   အထက်ဖော်ပြပါ ကုမ္ပဏီများသည် အလားအလာ ညွှန်းတမ်းပုံစံ (ခ) ကို အသုံးပြုခဲ့ကြပြီး ပုံစံ (က) ကို အသုံးပြုထားသည့် ကုမ္ပဏီမရှိသေးပေ။

 


နိဂုံးအားဖြင့်ဆိုသော် မိမိတို့နိုင်ငံရှိ အစုရှယ်ယာ ဈေးကွက်သို့ ၂၀၁၆ ခုနှစ်တွင်  ကုမ္ပဏီ  သုံးခု၊ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ တစ်ခု၊ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ တစ်ခု၊   ၂၀၂၀   ပြည့်နှစ်တွင်  ကုမ္ပဏီတစ်ခုနှင့် ၂၀၂၁ ခုနှစ်တွင်  ကုမ္ပဏီတစ်ခု   စုစုပေါင်း   ခုနစ်ခု ဝင်ရောက်လာခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရင်း အနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အများနှင့်သက်ဆိုင်သည့်   ကုမ္ပဏီများ၏  အခန်း ကဏ္ဍသည်အရေးပါကြောင်းနှင့် အထက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြု၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ကြောင်း ရေးသားတင်ပြအပ်ပါသည်။


ရည်ညွှန်း -    www.secm.gov.mm
        www.dica.gov.mm            www.ysx-mm.com