တောင့်ထား စာပေဗိမာန်

Type

 

တက္ကသိုလ်မြတ်သူ
 

၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က ကျွန်တော်၏ အသက် ၉၁ နှစ် ပြည့်သကဲ့သို့ စာပေဗိမာန်ကြီးလည်း ၂ဝ၂၂ ခုနှစ် ဩဂုတ်လတွင် အသက် ၇၅ နှစ် တင်းတင်းပြည့်ပေတော့မည်။ ကျွန်တော်က စာပေဗိမာန်ထက် အသက် ၁၆ နှစ် ပိုကြီးသဖြင့် စာပေဗိမာန်ဟူသော အမည်မခံယူခင် (BTS-Burma Translation Society) မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး အမည်ခံယူထားစဉ်ကပင် ကျွန်တော်သိနေခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် ကျောင်းသားဘဝမှာပင် ရှိနေ၍ စာပေဗိမာန်အမည် မမှည့်ရသေးမီ BTS ဘာသာပြန်စာပေအသင်းမှ ထုတ်ဝေသော ဘာသာပြန်စာအုပ်ကို ဖတ်ရှုလေ့လာနိုင်ခဲ့သည်။ မြို့မဆရာဟိန်၊ မြို့မဦးစံထွားတို့ ပြုစုသည့် လောကီထုပ္ပတ် လူတို့ဇာတ်ခေါ် ကမ္ဘာ့ရှေးဟောင်း သမိုင်းစာအုပ်များကို ကျောင်းသင်သမိုင်းဘာသာရပ်၌ သင်ယူခဲ့ရသည်။ မြို့မဆရာဟိန်၊ မြို့မဦးစံထွားတို့သည် စာပေဗိမာန်၏ လက်ဦး ပညာရှင် စာရေးဆရာကြီးများ၊ စာပြုကြီးများ ဖြစ်ခဲ့သည်။
 

 

 ဟောပြောပွဲများ  ရင်းနှီးကျွမ်းဝင်


၁၉၅ဝ ပြည့်လွန်နှစ်များတွင် စာပေဗိမာန် အဆောက်အအုံမှာ ရန်ကုန်မြို့ ပြည်လမ်း (ဟံသာဝတီအဝိုင်း) ထိပ်တွင် ရှိသည်။ ထိုစဉ် က မြန်မာစာ၊ မြန်မာဂန္ထဝင်ဂီတ၊ မြန်မာ့သဘင်၊ မြန်မာ့ဆိုင်းပညာ ရပ်များကို အပတ်စဉ်ဟောပြောသော ဦးဂုမ္ဘာန်၏ ဟောပြောပွဲများကို မပြတ်နားထောင်ရင်း စာပေဗိမာန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ယနေ့ စာပေဗိမာန်တည်ရာ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် သို့မူ အကြောင်းအမျိုးမျိုးဖြင့် ကျွန်တော်ရောက်နေရပေသည်။ 

 


စာပေဗိမာန်တွင် ကျွန်တော် ရင်းရင်းနှီးနှီးမှတ်မိနေသူ  စာပြု၊ စာရေးဆရာကြီးများစွာ ရှိနေခဲ့သည်။ နတ်မောက်ဘုန်းကျော်သည် ကျွန်တော်နှင့်  အလွန်ရင်းနှီးပြီး  ကြုံတိုင်းစကားလက်ဆုံကျစမြဲ ဖြစ်သည်။ စာတည်း၊ စာပြုပညာရှင် ဦးသာညွန့် (ကလောင်အမည် တက္ကသိုလ်ညွန့်ဦး) သည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ များက အာရှ - အာဖရိက စာရေးဆရာညီလာခံတက်ရန် ဆိုဗီယက် ပြည်ထောင်စုသို့ အတူသွားရောက်ခဲ့ပြီး ညီလာခံအပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စာရေးဆရာသမဂ္ဂဥက္ကဋ္ဌ ဆရာကြီးမော်တွန်း၏ ဖိတ်ကြား ချက်အရ ဦးသာညွန့်၊ မန္တလေးမှ ဆရာကြည်မြတို့နှင့်အတူ ကျွန်တော် သည် တရုတ်ပြည်သို့ တစ်လနီးပါး ဆက်လက်သွားရောက်လေ့လာ ခဲ့သည်။ ဦးသာညွန့်သည် ဥပဒေ (ဝိဇ္ဇာဘွဲ့) ရထားသူဖြစ်၍ တရားရေး ဌာန၊ ဥပဒေပြုရေးတာဝန်များ ပြောင်းရွှေ့ထမ်းဆောင်ခဲ့ပေသည်။ ထိုစဉ်က စာတည်း ဦးကျော်လင်းသည်   မီးပုံးပျံ   ဦးကျော်ရင်၏  သားကြီး ကာတွန်းဦးကျော်ဆန်း (ကဆ) ၏ အစ်ကိုဖြစ်၍ ကျွန်တော် နှင့် ရင်းနှီးခဲ့ရသည်။

 


ယနေ့တိုင် လက်စွဲစာစောင်များ ဖြစ်နေ


ထိုစာတည်း၊ စာပြုပညာရှင်များ တာဝန်ယူစဉ်ကပင်  မြန်မာ စွယ်စုံကျမ်းကြီး ၁၅ တွဲကို ရေးသားပြုစုထုတ်ဝေနိုင်ခဲ့ပေသည်။ နိုင်ငံ အတွက် ကြီးစွာသော အကျိုးပြုလုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ နောင် နှစ်စဉ် စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များ (ယနေ့တိုင်) ထုတ်ဝေပေးနေ ခြင်းသည်လည်း စာဖတ်ပြည်သူတို့အား ကြီးစွာသော သတင်းအသိ ပံ့ပိုးမှု  ဖြစ်သည်။ လူထုသိပ္ပံ  စာစဉ်အုပ်တွဲများ၊  နှစ်ငါးဆယ်ရေးရာ (ယဉ်ကျေးမှု) အုပ်တွဲများ၊ နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ အုပ်တွဲများသည် ယနေ့တိုင် ကိုယ်ပိုင်စာအုပ်စင်များ၊ စာကြည့်တိုက်များတွင် ရှိနေ ရမည့်စာအုပ်များ   ဖြစ်သည်။  ပြည်သူ့လက်စွဲစာစဉ်များကိုလည်း ဆက်တိုက်ထုတ်ဝေလာသည်။ ကလေးသူငယ်များအတွက် ရွှေသွေး ရုပ်ပြစာစောင်သည် ယနေ့တိုင်  ကလေးတို့လက်စွဲ  စာစောင်များ ဖြစ်နေပေသည်။

 


စာပေဗိမာန်စာမူပြိုင်ပွဲများ နှစ်စဉ် ကျင်းပပေးကာ ထိုက်သင့် ရာရာဆုများ  ရွေးချယ်ချီးမြှင့်ခြင်းဖြင့်   မြန်မာစာပေဇာတ်ခုံပေါ်သို့ စာရေးဆရာများ တန်းစီ စင်တင်ပေးနေသည်။ စာပေဗိမာန်က ကျပ် တစ်ထောင် (ထိုစဉ်က ကျပ် ၁ဝဝဝ ဆိုသည်မှာ ရွှေ လေးငါးကျပ်သား ဝယ်၍ ရလောက်ပေသည်။) တန်ဝတ္ထုရှည် ပထမဆုံးဆုကို ဆရာ မင်းအောင်ရေးသော  မိုးအောက်မြေပြင်ဝတ္ထုက ရရှိခဲ့သည်။  ထိုဆု များမှ စတင်အားယူပြီး စာပေပညာရှင်ကြီးများက စိစစ်ရွေးချယ် ပေးသော အမျိုးသားစာပေဆုများကို ပြန်ကြားရေးဝန်ကြီးဌာနအတွက် (နိုင်ငံတော်အတွက်) စာပေဗိမာန်ကပင် အစအဆုံး တာဝန်ယူပေးထား ပေသည်။

 


ကျွန်တော်တို့လို စာအုပ်စုဆောင်း၊ ဖတ်ရှု၊ ဆည်းပူးလိုသူများ အတွက်လည်း စာပေဗိမာန်စာအုပ်အရောင်းဆိုင်က အားကိုးအားထား ပြုလောက်ပေသည်။ စာပေဗိမာန်စာကြည့်တိုက်ကိုလည်း စနစ်တကျ ဖွင့်ပေးထားသည်။  လုံးဝအနားမနေသော  ဌာနတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့် (ဝန်ကြီးများရုံး နှင့် မျက်နှာချင်းဆိုင်) မှ အဆောက်အအုံနီနီကြီးသည် ကိုလိုနီခေတ် ကတည်းက  တည်ရှိခဲ့သည့်   အစိုးရဗဟိုပုံနှိပ်တိုက်   ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရ ဗဟိုပုံနှိပ်တိုက် ဖြစ်လာ ခဲ့သည်။ ခေတ်ဟောင်းကာလတွင် မြန်မာဂန္ထဝင်စာပေစာအုပ်များ၊ ဓမ္မသတ်ကျမ်းများ (ကင်းဝန်မင်းကြီး၏   ဓမ္မသတ်   ၃၇  စောင်တွဲ) နှင့် ဦးကျော်ဒွန်း  KSM က  စီစဉ်ပြုစုသော မြန်မာစာညွန့်ပေါင်း ကျမ်းကြီးများ ထုတ်ဝေခဲ့သည်။ အစိုးရပြန်တမ်းများကိုလည်း ပုံမှန် ထုတ်ဝေခဲ့သည်။ ယခုအခါ စာပေဗိမာန်နှင့်  ဗဟိုပုံနှိပ်တိုက်တို့ ပူးပေါင်းထားသဖြင့် စာပေဗိမာန်သည် အလုံးအဖန် ပိုမိုကြီးထွားလာ ပေသည်။

 


နှစ်စဉ်လိုလို ကျင်းပခဲ့


ရှေးက စာပေဗိမာန် စာတည်းကြီးများတွင် ဆရာကြီး ဒဂုန်ရွှေမျှား လည်း ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာပေဗိမာန်ကို ဦးစီးဦးကိုင်ပြုရန် ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး) ရောက်လာ၏။ ဦးထင်ကြီးသည် အမေရိကန်မှ သတင်းစာပညာ မဟာဘွဲ့ယူလာသူ ဖြစ်ပြီး လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် ကျွန်တော်နှင့်တွဲပြီး တာဝန်ထမ်းခဲ့ဖူးသည်။ ဦးထင်ကြီးသည် ဝါသနာအရ၊ ကျွမ်းကျင်မှုအရ မြန်မာသတင်းစာများသမိုင်းကို ပြန်လှန်တော့သည်။ စာနယ်ဇင်းတို့၏ ခေတ်သမိုင်းကို စုဆောင်းပြုစုသည်။ စာအုပ်စာတမ်းများ ထုတ်ဝေ ခဲ့သည်။ စာပေနှီးနှောဖလှယ်ပွဲ၊  စာတမ်းဖတ်ပွဲများ  နှစ်စဉ်လိုလို ကျင်းပခဲ့သည်။ 

 


နောက်ပိုင်း စာပေဗိမာန် စာတည်းများ၊ စာပြု စသည့်အရာရှိများ တွင်လည်း လုပ်ငန်းအရ၊ စာပေရေးဖော်ရေးဖက်အရ ရင်းနှီးသူများစွာ ရှိခဲ့သည်။ ယင်းတို့တွင် ဦးမျိုးသန့်  (မောင်ဆုရှင်)၊   ဦးမောင်လှိုင် (မောင်ဆွေငယ်)၊  ဒေါ်တင်အေးကြည်   (မန္တလေးတက္ကသိုလ်တွင် ကျောင်းနေဖက်)၊  မုံရွာဝင်းဖေ၊  မနှင်းဖွေး၊  ညွန့်ဟံ (ကြူတော)၊ ချိုမြနွယ်၊ စိုးမြင့်သန်းတို့ ဖြစ်ကြသည်။
ကျွန်တော်သည်  စာပေဗိမာန် စာပေနှီးနှောဖလှယ်ပွဲ၊  စာတမ်း ဖတ်ပွဲများစွာ  တက်ရောက်ခဲ့သည်။  စာအုပ်များ၊  မှတ်တမ်းများ ဝယ်သိမ်းခဲ့သည်။ စာအုပ်များတွင် မြန်မာစာပေ စာစုစာရင်းစာအုပ်၊ မြန်မာဘာသာစကားစာစုစာရင်း၊ မြန်မာနိုင်ငံ သတင်းစာများအညွှန်း  (တက္ကသိုလ်ထင်ကြီး)၊  စာနယ်ဇင်းသမိုင်း စာတမ်းများ၊ စာပေဗိမာန် စာတမ်းများ တစေ့တစောင်း (ယမင်း)၊ ၁၉၇၅ ခုနှစ် မြန်မာစာနယ်ဇင်း သမိုင်း ဟောပြောပွဲစာတမ်းများ၊ စာအုပ်စာပေ ဟောပြောပွဲစာတမ်း များ၊ စာအုပ်စာပေစာတမ်းများ၊  ဘာသာပြန်ရည်ညွှန်းစာအုပ်များ (ပ၊ ဒု၊ တ၊ စ)၊ လူ့ မိတ်ဆွေစာအုပ် (မန္တလေး) တို့ ပါဝင်သည်။

 


တစ်ချိန်က ထုတ်ဝေခဲ့သော စာပေဗိမာန်မဂ္ဂဇင်းသည်  ပြည့်စုံ ကောင်းမွန်ခဲ့သည်။ သုတစာစောင်များလည်း ပုံမှန်ထုတ်ဝေခဲ့သည်။ စာပေစာတမ်းဖတ်ပွဲများ (စာပေနှီးနှောဖလှယ်ပွဲ) များကိုလည်း စာပေ ဗိမာန်က နှစ်စဉ်လိုလို ကျင်းပခဲ့ရာ သက်ဆိုင်ရာဘာသာရပ်အကြောင်း အရာ၌ နှံ့စပ်သိရှိသူ   စာပေပညာရှင်များ   တင်သွင်းဖတ်ကြားကြ၊ ပရိသတ်ထဲမှ ထ၍ ဆွေးနွေးကြနှင့် ပွဲစည်ခဲ့သည်။ ကျွန်တော် မှတ်မိ သရွေ့ စာပေနှီးနှောဖလှယ်ပွဲများကို ကျွန်တော့် လက်ဝယ်ရှိ စာအုပ် စာတမ်း အထောက်အထားအရ တင်ပြပါမည်။ သိပ္ပံစာပေ နှီးနှော ဖလှယ်ပွဲ (၁၉၆၇၊ ဖေဖော်ဝါရီ)၊ ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ (၁၉၆၉၊ စက်တင်ဘာ)၊ ပြဇာတ်နှင့် ပြဇာတ်စာပေ နှီးနှောဖလှယ်ပွဲ (၁၉၇ဝ၊ စက်တင်ဘာ)၊ ကလေးလူငယ် စာပေနှီးနှောဖလှယ်ပွဲ (၁၉၇၃၊ စက်တင်ဘာ)၊ သုတစာပေစာတမ်းဖတ်ပွဲ (၁၉၇၇၊  ဇန်နဝါရီ)၊ ဝတ္ထုတို စာတမ်းဖတ်ပွဲ (၁၉၇၈၊ မတ်)၊ ခရီးသွားစာပေ စာတမ်းဖတ်ပွဲ (၁၉၇၉၊ မတ်)၊ ဝတ္ထုရှည် စာတမ်းဖတ်ပွဲ (၁၉၇၉၊ ဒီဇင်ဘာ)၊ မြန်မာကဗျာ စာတမ်းဖတ်ပွဲ (၁၉၈၁၊ ဖေဖော်ဝါရီ)၊ မြန်မာရည်ညွှန်းစာအုပ် စာတမ်း ဖတ်ပွဲ (၁၉၈၄၊ ဇန်နဝါရီ)၊ စာတမ်းငယ် စာပေ စာတမ်းဖတ်ပွဲ (၁၉၈၆၊ မတ်)၊ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ (၁၉၈၇၊ မတ်) ဇာတိမာန်စာပေ စာတမ်းဖတ်ပွဲ (၁၉၉၂၊ ဇန်နဝါရီ) တို့ ဖြစ်သည်။
ကျွန်တော် လက်လှမ်းမမီသော စာတမ်းဖတ်ပွဲများစွာ ကျန်နေ ပါလိမ့်မည်။ စာပေဗိမာန်၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပသော စာပေနှီးနှောဖလှယ်ပွဲများ၊  စာတမ်းဖတ်ပွဲများကား လက်ဖျားခါလောက်ပေသည်။

 


တွေ့ဆုံညှိနှိုင်း ရေးဆွဲခဲ့


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် စာပေအဖွဲ့အစည်း များ အစိတ်မက ကွဲပြားနေသည်ကို စုစည်းညီညွတ်သော  စာပေ စာနယ်ဇင်းအဖွဲ့ကြီးတစ်ခု ထပ်ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံ စာပေလုပ်သားဖြစ်မြောက်ရေးအတွက် အဖွဲ့စည်းမျဉ်းကို ပါတီဌာန ချုပ်မှာပင် ၁၉၇၅ ခုနှစ် နှစ်ဆန်းမှစ၍ ပါတီမှတာဝန်ရှိ  ဌာနကြီးမှူး များဖြစ်သော ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီး မောင်လွင်၊  ဗိုလ်ချုပ် သောင်းဒန်၊ ဒုဗိုလ်မှူးကြီးတင်ထွန်း (လေ)၊ ဗိုလ် ရဲထွဋ်၊ ဦးစောဦး၊ ဗိုလ်သိန်းတန်၊ သခင်တင်မြ၊ ဗိုလ်မှူးခင်မောင်ဦးနှင့် ပြင်ပမှ ဆရာ တက်တိုး၊ ဆရာ မန်းတင်၊ ဦးလှမြိုင်၊ ဆရာမောင်ထင်၊ တက္ကသိုလ် မြတ်သူတို့ တွေ့ဆုံညှိနှိုင်း ရေးဆွဲခဲ့သည်။ 

 


၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလကုန်ရက်တွင် ဥက္ကဋ္ဌအဖြစ် ဆရာ မင်းသု ဝဏ်၊ အတွင်းရေးမှူးအဖြစ် တက္ကသိုလ် ထင်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆရာကြီး  ဦးဉာဏ၊  ဆရာတက်တိုး၊  ဆရာမောင်ထင်၊  လူထု ဦးလှ၊ ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၊ တက္ကသိုလ် မောင်ထွန်းဝေ၊ တက္ကသိုလ် မြတ်သူ၊ ပန်းချီဦးဘကြည်၊ မင်းကျော်၊ ကိုကို၊ ဦးလှမြိုင်(ကိုဆောင်း) တို့ပါဝင်သော ပြည်ထောင်စုစာပေလုပ်သားဖြစ်မြောက်ရေး ကော်မတီ ကို ဖွဲ့စည်းကြသည်။ ထိုမှစ၍ ကျွန်တော်တို့ စာပေလုပ်သားဖြစ်မြောက် ရေးကော်မတီ (နောင် ၁၉၇၃ ခုနှစ်တွင် ပြန်ဖွဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့စည်းရုံးရေးကော်မတီ) တို့၏ ရုံးစိုက်ရာ နှင့် အစည်းအဝေးကျင်းပရာ နေရာသည် ကုန်သည်လမ်းမှ လက်ရှိ စာပေဗိမာန်၊ ညွှန်ကြားရေးမှူး ဦးထင်ကြီး၏ ရုံးခန်းမှာပင်ဖြစ်ရာ စာပေဗိမာန်သို့ ကျွန်တော့်မှာ အိမ်ဦးနှင့် ကြမ်းပြင် ဖြစ်လာခဲ့သည်။

 


သတင်းစာပညာသင်တန်းများ ဖွင့်


၁၉၈ဝ ပြည့်နှစ်မှစ၍ စာပေလုပ်သားအဖွဲ့ကြီးကို စာပေစာနယ်ဇင်း အဖွဲ့အဖြစ် ညီလာခံကျင်းပ ဖွဲ့စည်းပြီးသည့်နောက်တွင်လည်း ယင်း အဖွဲ့ကြီးသည် စာပေဗိမာန်အဆောက်အအုံမှာပင် အခြေချလာခဲ့သည်။  ထိုစဉ်က  သတင်းစာပညာသင်တန်းများ   ဖွင့်လှစ်ခဲ့ရာ  ကျွန်တော် ဆွေးနွေးဟောပြော ပို့ချခဲ့ရသည်။

 


၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျွန်တော့်ကို ပြန်ကြားရေးဝန်ကြီးဌာနက အကြံပေး တာဝန်ယူစေခဲ့ရာ  စာပေဗိမာန်နှင့် ကျွန်တော်လည်း ရေစက်မကုန်ခဲ့ပေ။ အမျိုးသားစာပေဆု   စိစစ်ရွေးချယ်ရေးအဖွဲ့တွင်  နိုင်ငံရေးစာပေဆုအတွက် စိစစ်ရွေးချယ် ရန် ကျွန်တော့်အား ၂ဝ၁၂-၁၃ မှစ၍ တာဝန်ပေးပြန်ရာ စာပေဗိမာန် ပေါ်မှာပင် ကျွန်တော်တို့ အခြေချစည်းဝေးကြ၊ စိစစ်ကြ၊ ရွေးချယ်ကြ နှင့် ၂ဝ၁၅ ခု နှစ်ကုန်သည်အထိ ဆောင်ရွက်ခဲ့သည်။    

 


မြန်မာစာပေ တိုးတက်ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ပွားစည်းရေး တာဝန်များကို တာဝန်ယူ ဆောင်ရွက်ခဲ့သော စာပေဗိမာန်သည် ယခု ၇၅ နှစ်အရွယ် ရောက်ပေပြီ။ မြန်မာ့ လူ့ သက်တမ်းအရမူ  ဇရာအရွယ်  ဖြစ်သည်။ ယခင်က   ပညာသင်ရ၊ လုပ်ငန်းခွင်ဝင်ရ၊ အိမ်ထောင်ပြုရဖြင့် လူ့လောကသို့ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်ရသောအရွယ်  (အသက်လေးဆယ်မှစ၍    လူ့ဘဝ စတင်သူ- Life begin at Forty) ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ 

 


၁၉၇၃ ခုနှစ် ဇူလိုင်လက  ပိုလန်နိုင်ငံသို့   ရက်သတ္တနှစ်ပတ် သွားရောက်လေ့လာခဲ့သည့်  မြန်မာသတင်းစာဆရာ   ငါးဦးတွင် ကျွန်တော်လည်း ပါဝင်ခဲ့သည်။ အသွားခရီး၌ အီတလီနိုင်ငံ ရောမမြို့မှ ပိုလန်နိုင်ငံ ဝါဆောသို့အသွား ဩစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ် ၌ နှစ်နာရီရပ်နားခဲ့သည်။ ထိုစဉ် ဆိုက်ရောက်လာသည့် လေယာဉ် စင်းလုံးပြည့်ပါလာသော အမေရိကန် အဘိုးကြီး၊ အဘွားကြီး စုံတွဲများ မှာ မြူးပျော်ပြီး လန်းဆန်းတက်ကြွစွာ လေဆိပ်ထဲ ဝင်လာကြသည်။ ကျွန်တော့်ဘေးတွင်ထိုင်သော အဘိုးကြီး၊ အဘွားကြီး စုံတွဲအချို့ကို စကားစပ်မိပြီး မေးကြည့်မှ အမေရိကန် ပင်စင်ရိပ်သာ၌ နေကြသော စုံတွဲများ အပျော်ခရီးထွက်လာသည်ဟု ပြောကြသည်။ သို့ဖြင့် သူတို့ကို ကျွန်တော်က မနေနိုင်မထိုင်နိုင် မြန်မာနိုင်ငံမှာဆိုလျှင် ဤ ၇ဝ ကျော် အရွယ် ဘိုးဘွားများသည် တရားဓမ္မ၌ ပျော်မွေ့နေကြပြီဟု ပြောလိုက် မိသည်။ ထိုအခါ အဘွားကြီး တစ်ဦးက “ဟဲ့.. သူငယ်ရဲ့၊ တို့မှာ ပင်စင် ယူချိန်ရောက်မှ အားလပ်ကြတာလေ၊ မင်း မှတ်ထားကွဲ့၊ Life begin at Seventy အသက် ၇ဝ မှ လူ့ဘဝ စတာ” ဟု ပြောပါသည်။ ထိုအမြင် အရဆိုလျှင် စာပေဗိမာန်သည် ယခုမှ ဘဝအစဟု ဆိုလိုက်ပါရစေ။ တောင့်ထား စာပေဗိမာန်။       ။