
ဝင်းထွဋ်
တပ်မတော်သားဆိုသည်မှာ ပြည်သူများမှမွေးဖွားလာသော ပြည်သူတို့၏သားသမီးများသာဖြစ်သည်။ သားသမီးတို့အောင်မြင်မှုကို မိဘတိုင်းကဝမ်းသာကြည်နူးကြသည်။ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိဟူသော သတင်းတစ်ရပ်သည် ပြည်သူတို့၏ရင်ကိုအေးမြဝမ်းသာစေခဲ့သည်။ ထို့အတူ တပ်မတော်သားအားလုံးတို့ဝမ်းသာကြသည်၊ တပ်မတော်သားဆိုသည်မှာ တစ်စိတ်တည်း တစ်ဝမ်းတည်း ညီညီညွတ်ညွတ်နေထိုင်ကြရသူများဖြစ်သည့်အတွက် ဝမ်းသာစရာရှိလျှင်လည်းအတူတူ ဝမ်းသာကြသည်။ ဝမ်းနည်းစရာရှိလာလျှင်လည်း အတူတူဝမ်းနည်းကြသည်။ တင့်တပ်ဖွဲ့၏ ပထမဆုရရှိသည့်သတင်းမှာ ရာနှုန်းပြည့်ဝမ်းသာဖွယ် သတင်းကောင်းဖြစ်ပေသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၁၅ ရက် မှစတင်၍ကျင်းပပြုလုပ်လျက်ရှိသော International Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Crews Competition) Division-2 သို့ မြန်မာ့ တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာရယူနိုင်ခဲ့သည်။ ထိုသတင်း ကို မြဝတီရုပ်မြင်သံကြားသတင်းတွင် ပြည့်ပြည့်စုံစုံ ပြသခဲ့သည်။ မြန်မာ့တင့်ကားတပ်ဖွဲ့ဝင်တို့ ခက်ခက် ခဲခဲဖြတ်ကျော်မောင်းနှင်နေသည်ကို တွေ့မြင်ကြရ သည်။ နိုင်ငံနှင့် လူမျိုးကိုချစ်သူတိုင်းက ထိုသတင်း ကိုသြဘာလက်ခုပ်ပေးကြသည်။ တပ်မတော်၏ စွမ်းရည်ကိုမိမိတို့ မျက်ဝါးထင်ထင်မြင်တွေ့လိုက် ရခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်သီချင်းကိုသီဆိုပြီး နိုင်ငံတော်အလံကို အလေးပြုသည့် မြင်ကွင်းကိုတွေ့မြင်ရသည်မှာ ကြက်သီးမွေးညင်းထလောက်အောင် ရင်ထဲမှာ ခံစားရသည်။ မည်သည့်အရာနှင့်မျှ မလဲနိုင်သော ဝမ်းသာပီတိဖြစ်ပေသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် (Tank Crews Competition) Devision-2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက် တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေး နီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့် အတူ မိုင်ကုန်မောင်းနှင်၍စံချိန်ယူခြင်း၊ ၁၂၅ မီလီ မီတာအမြောက်အားရပ်လျက် ကျည်သုံးတောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မီလီမီတာ လေယာဉ် ပစ်စက်သေနတ်ကျည် ၁၅ တောင့်ရပ်လျက် ပစ်ခတ် ခြင်း၊ ၇ ဒသမ ၆၂ မီလီမီတာ ယှဉ်တွဲစက်သေနတ် ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Crew-1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ Crew-2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew-3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့်လည်းကောင်း စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကိုထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ်အပါအဝင် (၅)ကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆၊ ၂၀၁၉ ခုနှစ်တွင် Devision-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ရှစ်သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် တတိယ အဆင့် စသည်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့ အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၃၄ မျိုးတွင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တပ်မတော်သားများ ပါဝင်ယှဉ်ပြိုင်ကြသည်။
မိမိတို့ ယှဉ်ပြိုင်ခဲ့သည် Division-2 တွင် T-72 ပင်မတိုက်ပွဲဝင်တင့်ဖြင့် စစ်မြေပြင်တွင် လက်တွေ့အသုံးပြုတိုက်ပွဲဝင်ခဲ့ကြသည့် ဆီးရီးယား နှင့် အာမေးနီးယားကဲ့သို့ အသင်းကောင်းများ ပါဝင် ခဲ့ကြသလို ယခင်နှစ်ပြိုင်ပွဲများတွင် Division-1 ၌ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ဖူးသည့် အီရန်ကဲ့သို့ အသင်းကောင်းများ ပါဝင်ခဲ့သည်ကိုလည်း တွေ့မြင် ရမည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် ထိုသို့သောအသင်းကောင်းများနှင့် ယှဉ်ပြိုင်ရင်ဆိုင် နိုင်ရေးအတွက် ပြိုင်ပွဲမဝင်မီ ရက်သတ္တပတ်ပေါင်း များစွာကပင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မိုင်းမောဒေသရှိ သံချပ်ကာ ယန္တရားသင်တန်း ကျောင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပြိုင်ပွဲဝင်ရ မည့်ပုံစံအတိုင်း သဏ္ဌာန်တူလေ့ကျင့်ရေးကွင်း ဖောက်လုပ်ကာ နေ့စဉ်အရှိန်အဟုန်မပြတ် ကြိုတင် လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ရပါသည်။
ယခုနှစ်ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် စည်းမျဉ်းစည်းကမ်းများမှာ ယခင်နှစ်နှင့် မတူတော့ ဘဲ အနည်းငယ်ပြောင်းလဲမှုများရှိခဲ့ရာ ပြိုင်ပွဲဝင် အသင်းများအတွက် စိန်ခေါ်မှုမှာ ပိုမိုမြင့်မားလာခဲ့ပါ သည်။ Individual Race ဟုခေါ်သည့် တိုက်ယာဉ် အဖွဲ့တစ်ဖွဲ့ချင်း ယှဉ်ပြိုင်မောင်းနှင်မှုတွင် တင့်များ ရှိ လေယာဉ်ပစ်စက်သေနတ်နှင့် ယှဉ်တွဲပါ စက်သေနတ်များကို တင့်၌ကြိုတင်တပ်ဆင်ပေး ထားခြင်း မရှိတော့ဘဲ သတ်မှတ်နေရာသို့ ရောက်ရှိ မှသာ တင့်ကိုရပ်ပြီး စက်သေနတ်များကို တပ်ဆင် ပစ်ခတ်ရခြင်းဖြစ်ပါသည်။ ထို့အပြင် ပစ်ခတ်စဉ်များ ၌ တင့်ပစ်မှတ်တစ်ခု လွဲချော်ပါက ကွင်းပိုပတ်ခြင်း ပြစ်ဒဏ်အား ယခင်က တစ်ပတ်သာမောင်းနှင်ရ သည့် အနေအထားမှ ယခုနှစ်တွင် နှစ်ပတ်မောင်းနှင် ရခြင်း ဖြစ်ပါသည်။
အသင်း၏ ဖွဲ့စည်းပုံကိုလည်း အနည်းငယ် ပြောင်းလဲထားပြီး ပြိုင်ပွဲဝင်အသင်းအနေဖြင့် ဒိုင်ချုပ်၏ သတိပေးမှုသုံးကြိမ်နှင့်အထက် ခံရပြီ ဆိုပါက ပြိုင်ပွဲမှ နုတ်ထွက် (Disqualify) ရမည် ဖြစ်သည်။ ဒိုင်ချုပ်၏ သတိပေးမှုသည် ပြိုင်ပွဲအတွင်း တွင်သာမကဘဲ အခြားအချိန်များတွင်လည်း ဖြစ်နိုင် သဖြင့် အသင်းတစ်သင်းကောင်းဖို့ရန်မှာ ပြိုင်ပွဲတွင် ဝင်ရောက်မောင်းနှင်ခြင်းသာမကဘဲ ပြိုင်ပွဲဝင်အဖွဲ့ တစ်ဖွဲ့လုံး၏ စည်းလုံးညီညွတ်မှုနှင့် စည်းကမ်း စနစ်တကျရှိရေးမှာ ယခင်နှစ်များကထက် ပိုမို တင်းကျပ်ပြီး စိန်ခေါ်မှုများလည်း မြင့်မားလာခဲ့ ပါသည်။
ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ပြိုင်ပွဲမစတင်မီ ၁၀ ရက်ခန့် ကြိုတင် ရောက်ရှိကာ ပြိုင်ပွဲဝင်ရန် စာရင်းသွင်းခြင်း၊ ပြိုင်ပွဲ ဝင်မည့်ကွင်းကို လေ့လာခြင်း၊ တိုက်ယာဉ်အရောင် မဲနှိုက်ခြင်း၊ တိုက်ယာဉ်များနှင့် လိုက်နာရမည့် စည်းကမ်းများ သင်ကြားပြသပေးခြင်း၊ တိုက်ယာဉ် ကြံ့ခိုင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်း၊ ချိန်သားညှိ ပစ်ခတ်ခြင်းနှင့် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်း များကို ကြိုတင်ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်ပစ်ခတ် ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် “ပွဲမဝင်ခင် အပြင် က ကျင်းပ” ဆိုသလို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မသွားရောက်မီကပင် လိုအပ်သည့်လေ့ကျင့်မှုများပြုလုပ်ခဲ့ကာ “ကြိုတင်ပြင်ဆင် အောင်ပွဲဆင်” ဆိုသည့်အတိုင်း အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပါသည်။
ပြိုင်ပွဲဝင်ပုံ
ယခုနှစ် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံက ထုတ်ပေးထားသည် T-72 B3M ပင်မတိုက်ပွဲဝင် တင့်များကို အသုံးပြုမောင်းနှင်ယှဉ်ပြိုင်ခဲ့ရပြီး မိမိ အစီအစဉ်ဖြင့် တိုက်ယာဉ်များ ယူဆောင်လာမည် ဆိုပါက အလေးချိန် ၄၄ တန်နှင့်အထက်ရှိသည့် ပင်မတိုက်ပွဲဝင်တင့်နှင့် ပြောင်းထွက်ရှိန် ၁၀၀၀ မီတာ/စက္ကန့်ထက်မပိုသည့် တင့်ခဲယမ်းများအသုံးပြု ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် နှစ်စဉ် ၎င်းတို့ကိုယ်ပိုင် Type-96 B တင့်များကို အသုံးပြုယှဉ်ပြိုင်သကဲ့သို့ ဘီလာရုဇ် နိုင်ငံသည်လည်း ၎င်းတို့ကိုယ်ပိုင် T-72BME တင့်များကို အသုံးပြု၍ ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲအား အုပ်စုနှစ်စုခွဲ၍ ကျင်းပပြုလုပ်လေ့ရှိပြီး ယခင်နှစ် ပြိုင်ပွဲ ရလဒ်များအပေါ်မူတည်၍ Division- 1 နှင့် Division- 2 ဟူ၍ အုပ်စုနှစ်စုခွဲ၍ ကျင်းပခဲ့ကြသည်။ သာမန်အားဖြင့် အုပ်စုတွင်းပြိုင်ပွဲများအား ပြိုင်ပွဲဝင် နိုင်ငံအသီးသီး၏ တိုက်ယာဉ်အဖွဲ့သုံးဖွဲ့ အလှည့်ကျ ယှဉ်ပြိုင်ရသည့် တစ်စီးချင်း ပြိုင်ပွဲအဖြစ် လည်းကောင်း၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ များအား လက်ဆင့်ကမ်းပြိုင်ပွဲအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် ထိုသို့ပြိုင်ပွဲအဆင့်ဆင့်အား Division - 1 တွင်သာ သတ်မှတ်ထားပြီး Division - 2 တွင်မူ တစ်စီးချင်း ပြိုင်ပွဲမှ တိုက်ယာဉ်အဖွဲ့သုံးဖွဲ့၏ စံချိန်များကိုပင် စုပေါင်းကာ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆုများအသီးသီး ချီးမြှင့်မည်ဖြစ်ပါသည်။
တင့်မောင်းနှင်ကွင်းအတွင်း အခက်အခဲ အတားအဆီးများအဖြစ် တိုင်ဝင်/တိုင်ထွက် အတား အဆီး၊ မိုင်းကွင်းအတားအဆီး၊ ရေကန်အတားအဆီး၊ တောင်ကုန်းအတားအဆီး၊ မီးလောင်ကွင်း အတား အဆီး၊ တင့်ထောင်ချောက်အတားအဆီး၊ တံတား အတားအဆီး၊ တောင်စောင်းအတားအဆီး၊ မြေပြတ် အတားအဆီး စသည့် အတားအဆီးအမျိုးမျိုးကို ဖြတ်ကျော်မောင်းနှင်ရပြီး ပစ်ခတ်မှုအနေဖြင့် ၁၆၀၀ မီတာ၊ ၁၇၀၀ မီတာ၊ ၁၈၀၀ မီတာ အကွာ အဝေးများမှ တင့်ပစ်မှတ်သုံးခုအား ၁၂၅ မမ တင့်ဖျက် ခွင်းကျည်သုံးတောင့်ဖြင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၈၀၀ မှ ၁၀၀၀ မီတာ အကွာအဝေးအတွင်းရှိသော ရဟတ်ယာဉ်ပစ်မှတ် တစ်ခုအား ၁၂ ဒသမ ၇ မမ စက်သေနတ်ကျည် ၁၅ တောင့်ဖြင့် ရပ်လျက် ပစ်ခတ်ခြင်း၊ ၆၀၀၊ ၇၀၀၊ ၈၀၀ မီတာများမှ ရန်သူ ပခုံးထမ်းတင့်ဖျက်သမား ပစ်မှတ်တစ်ခုအား ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၁၅ တောင့်ဖြင့် ရပ်လျက်ပစ်ခတ်ခြင်းများ ပြုလုပ် ယှဉ်ပြိုင်ရခြင်းဖြစ်ပါသည်။
ပြိုင်ပွဲတွင် အုပ်စုအသီးသီးမှပြိုင်ပွဲဝင်အသင်းများသည် မဲနှိုက်၍ ရရှိသောတင့်အရောင်များအတိုင်း အုပ်စုငယ်များပြန်လည်စုဖွဲ့၍ ၄ ကီလိုမီတာ အကွာ အဝေးရှိ ပြိုင်ပွဲဝင်ကွင်းအား သုံးပတ် ယှဉ်ပြိုင် မောင်းနှင်ခဲ့ကြရသည်။ ပြိုင်ပွဲဝင်နိုင်ငံများမှ တိုက် ယာဉ်များအား တစ်စီးချင်း တာလွှတ်ခြင်းဖြစ်ပြီး တစ်စီးနှင့်တစ်စီး ငါးမိနစ်ခန့်ခြား၍ တာလွှတ်ခြင်း ဖြစ်ပါသည်။ ပထမအပတ်တွင် တင့်ပစ်မှတ်ကို လည်းကောင်း၊ ဒုတိယအပတ်တွင် ရဟတ်ယာဉ် ပစ်မှတ်ကိုလည်းကောင်း၊ တတိယအပတ်တွင် ရန်သူပခုံးထမ်း တင့်ဖျက်သမားပစ်မှတ်ကို လည်းကောင်း အသီးသီးပစ်ခတ်ကာ အတားအဆီး များကို ဖြတ်ကျော်မောင်းနှင်ရခြင်းဖြစ်ပါသည်။
မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်
ပစ်ခတ်ခြင်းပြိုင်ပွဲဝင်အသင်း
မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်ပစ်ခတ် ခြင်းပြိုင်ပွဲဝင်အသင်းအနေဖြင့် ပြိုင်ပွဲဝင်အဖွဲ့ သားများကို ပြိုင်ပွဲဝင်ဟောင်း ၅၀ ရာခိုင်နှုန်းနှင့် ပြိုင်ပွဲဝင်သစ် ၅၀ ရာခိုင်နှုန်းဖြင့် အသီးသီးဖွဲ့စည်း လေ့ကျင့်ခဲ့ရာတွင် လေ့ကျင့်မှုရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သည့်အပြင် ကျွမ်းကျင်တိုက်ယာဉ် အဖွဲ့သားများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ “လေ့ကျင့်၊ ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသလိုပင် လေ့ကျင့်ခဲ့စဉ်ကာလမှာပင် ရလဒ်ကောင်းများရရှိခဲ့ သည့်အတွက် ပြိုင်ပွဲဝင်အဖွဲ့သားများအနေဖြင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ချက်များလည်း ခိုင်မာနေခဲ့ကြပါသည်။ သို့သော်လည်း အခြားနိုင်ငံ များမှအသင်းများသည်လည်း အသီးသီးတိုးတက် လာနိုင်သည်ဖြစ်ရာ ပြိုင်ပွဲကို သတိရှိရှိအမှားအယွင်း အနည်းဆုံးဖြင့် ယှဉ်ပြိုင်နိုင်မှသာ အောင်ပန်း ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်အဖွဲ့သား အားလုံးက ခံယူချက်ထားပြီး စနစ်တကျလေ့ကျင့် ခဲ့ကြခြင်းလည်းဖြစ်ပါသည်။
ပထမနေ့ပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့-၁ (Crew-1) က ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့် အခြားပြိုင်ပွဲဝင် တင့်အဖွဲ့များကို ဖြတ်ကျော်လျက် ပြတ်ပြတ် သားသား အနိုင်ယူနိုင်ခဲ့ပါသည်။ ပစ်မှတ်အားလုံး ကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ရာ ပြိုင်ပွဲဝင် အဖွဲ့သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြင့်တက် လာစေခဲ့ပါသည်။ တိုက်ယာဉ်အဖွဲ့-၁ အနေဖြင့် ပထမဆုံးပန်းဝင်နိုင်ခဲ့သည့်အတွက် မျှော်မှန်းထား သည်ထက် ပိုမိုသာလွန်သော အောင်မြင်မှုရလဒ်ကို ရရှိခဲ့ပြီး အဖွင့်ပိုင်းမျက်နှာပန်းလှခဲ့သည်ဟု ဆိုနိုင် ပါသည်။ သို့သော်လည်း တာထွက်ကောင်းရုံဖြင့် ပြိုင်ပွဲ၏အဆုံးအဖြတ်ကို ရရှိနိုင်မည်မဟုတ်သလို ကျန်ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့်လည်း အားကြိုး မာန်တက် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။
ပြိုင်ပွဲဒုတိယနေ့တွင် တိုက်ယာဉ်အဖွဲ့-၂ (Crew-2) က ပစ်မှတ် ငါးခုအနက် လေးခုကိုသာ ထိမှန်ခဲ့ပြီး ကွင်းပိုပြစ်ဒဏ် နှစ်ပတ်မောင်းနှင်ခဲ့ရ သည့်အတွက် စံချိန်အားဖြင့် အနည်းငယ် နောက်ကျ ခဲ့ရသလို ပြိုင်ပွဲဝင်နေစဉ်အတွင်း ပြိုင်ဘက်အသင်း တစ်သင်း၏ တိုက်ယာဉ်ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး မိမိ မောင်းနှင်ရမည့် လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ ရပ်တန့်မှုဖြစ်ပေါ်ခဲ့သဖြင့် မိမိတိုက်ယာဉ်က မတော်တဆ ထိခိုက်မှုမျိုးမဖြစ်ပေါ်စေရန် ထိန်းချုပ် ရေးစင်တာရှိ ကွပ်ကဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် အချိန်မီသတိပေးရပ်တန့်ခဲ့ရသဖြင့် စံချိန်အားဖြင့် နှောင့်နှေးမှုများရှိခဲ့ပြီး ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်သာ ပန်းဝင်ခဲ့ရခြင်းဖြစ်ပါသည်။ သို့သော်လည်း တိုက်ယာဉ် အဖွဲ့ နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးချိန်အထိ မြန်မာအသင်း၏ နှစ်ဖွဲ့ပေါင်းရလဒ်မှာ ကျန်ပြိုင်ပွဲဝင်အသင်းများ ထက် စက္ကန့်ပိုင်းအသာဖြင့်သာ ဦးဆောင်နေခဲ့ပါ သည်။
တတိယနေ့ ပြိုင်ပွဲတွင်လည်း တိုက်ယာဉ် အဖွဲ့-၃ (Crew-3) အနေဖြင့် စံချိန်ကွာဟချက် ကျဉ်းမြောင်းနေမှုကို ချေဖျက်နိုင်ရန်အလို့ငှာ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်း ယှဉ်ပြိုင်ခဲ့ရာ ပစ်ချက်အားလုံး ထိမှန်ခဲ့ပြီး ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့သည်။ ပြိုင်ပွဲများ အားလုံးတွင် မိမိတို့ မြန်မာ့တပ်မတော် တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် ပြိုင်ပွဲဝင်စည်းကမ်းများနှင့်အညီ သန့်ရှင်းစွာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ကို ဒိုင်အဖွဲ့များနှင့် အခြား နိုင်ငံမှ ပြိုင်ပွဲဝင်အသင်းများအပါအဝင် ပရိသတ် များအားလုံး မြင်တွေ့ချီးမွမ်းခဲ့ကြရပါသည်။ Division - 2 ၏ ပြိုင်ပွဲဝင်အသင်းများအားလုံး ယှဉ်ပြိုင်ပြီး စုစုပေါင်း စံချိန်များအား စုပေါင်း တွက်ချက်ခဲ့ရာတွင် မြန်မာတပ်မတော်တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် အကောင်းဆုံးရလဒ်အဖြစ် Division -2 ၏ ပထမဆု ကြီးကို စုစုပေါင်းပန်းဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ဖြင့် ထိုက်ထိုက်တန်တန်ရရှိခဲ့ပါသည်။
ပြိုင်ပွဲအတွင်းမြန်မာအသင်းအနေဖြင့် စုစုပေါင်း ပစ်မှတ် ၁၅ ခုအနက် ၁၄ ခု ကို ထိမှန်ခဲ့သည်ဖြစ်ရာ မိမိနိုင်ငံအသင်း၏ ပြိုင်ပွဲဝင်သမိုင်းတစ်လျှောက် ထိချက်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည့်အပြင် Division -2 တွင်သာမက Division -1 ၌ ယှဉ်ပြိုင်သော အခြားအသင်းများထက်လည်း ပစ်မှတ်ထိမှန်မှု ပိုမိုခဲ့ပါသည်။ အခြားပြိုင်ပွဲဝင်များသည် ပြိုင်ပွဲ စည်းကမ်းများကို မည်သို့ပင် လက်တစ်လုံးခြား ရှောင်လွှဲယှဉ်ပြိုင်ခဲ့သည်ဖြစ်စေ မြန်မာ့တပ်မတော် ပြိုင်ပွဲဝင်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲကို နိုင်ငံတကာ တပ်မတော်များ ရှေ့မှောက်တွင် သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သန့်သန့်ရှင်းရှင်းပြိုင်ပွဲဝင်ခဲ့ပြီး ပထမဆုကို ထိုက်ထိုက် တန်တန်ရရှိခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်း အနေဖြင့် ယခုနှစ် Division - 2 တွင် ပထမနေရာရရှိ ခဲ့သောကြောင့် နှစ်စဉ်ပြိုင်ပွဲဝင်အုပ်စုခွဲဝေမှု စည်းမျဉ်း များအရ လာမည့်နှစ်တွင် Division - 1 ၌ အိမ်ရှင် ရုရှား၊ တရုတ်နှင့် ဘီလာရုဇ် စသည့် ကမ္ဘာ့ အကောင်းဆုံး ပြိုင်ပွဲဝင်အသင်းများနှင့် တစ်တန်း တည်း ယှဉ်ပြိုင်ရတော့မည်ဖြစ်သဖြင့် ယခုထက် ပိုမိုသာလွန်သော လေ့ကျင့်မှုများဆက်လက်ပြုလုပ် သွားရန်လည်း လိုအပ်ပါသည်။
အောင်ပွဲအဆက်ဆက်
ဆွတ်ခူးဦးမည်
လက်ရှိတွင် မြန်မာ့တပ်မတော်အနေဖြင့် International Army Games-2022 ပြိုင်ပွဲများဖြစ် သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race) ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲ (Sniper Frontier) ၊ Emergency Area ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ (Army of Culture) များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပါသည်။ မြန်မာ့တပ်မတော်တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲဝင်အသင်းအနေဖြင့် “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဆိုသည့်အတိုင်း တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) တွင် နိုင်ငံ့ဂုဏ်၊ တပ်မတော်ဂုဏ်၊ တပ်ဖွဲ့ဂုဏ်ကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအား မျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်ပါသည်။
နိုင်ငံတော်နှင့်တပ်မတော်ကို ကိုယ်စားပြုပြိုင်ပွဲ ဝင်များသည် ပွဲမဝင်ခင်ကပင် ကြိုတင်ပြင်ဆင်ကြရ သည်။ တပ်မတော်သားတို့သည် ချွေးထွက်များမှ သွေးထွက်နည်းမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြရသည်။ ပြင်းပြင်း ထန်ထန်လေ့ကျင့်ခြင်း၏အကျိုးသည် အောင်မြင်မှု ကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခြင်းဖြစ်လာ သည်။ ဇွဲ လုံ့လ ဝီရိယနှင့် ကြိုးစားမှုရှိမည်ဆိုပါက မည်သည့်အရာကိုမဆို အောင်မြင်မှုရှိမည်သာ ဖြစ်သည်။
ထိုက်ထိုက်တန်တန်
အောင်မြင်မှုဆုလဒ်ရရှိခဲ့ခြင်းကို ဂုဏ်ယူ
တပ်မတော်သားတိုင်းသည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံ အောင် ဖြည့်ဆည်းထားသူများ ဖြစ်ကြသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် တိုက်ပွဲဝင်စိတ်ဓာတ်ကိုအထူးမွေးမြူထားရသည်။ တိုက်ပွဲဝင်စိတ်ဓာတ် ဆိုသည်မှာ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စား သည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက် ကျန်သည်အထိတိုက်ရဲသည့် စိတ်ဓာတ်၊ တပ်မတော် ၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်နှင့် ရဲဘော်ရဲဘက်စိတ်တို့ဖြစ်ပါသည်။ထိုစိတ်ဓာတ်ကြောင့်ပင် ထိုက်ထိုက်တန်တန် အောင်မြင်မှုဆုလဒ်ရရှိခဲ့ခြင်းကို ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။ ။
- Log in to post comments