
မက်ခါသီးသည် ကယားလူမျိုးစု၏မရှိမဖြစ် အသုံးပြုသည့် ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်သည်။ မက်ခါသီးကို ကယားပြည်နယ်၏ ကယားလူမျိုးများ အများစုနေထိုင်ရာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါငံခါး၊ ဒေါရောက်ခူ၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။
မက်ခါသီးကို ဒေသအလိုက်အခေါ်အဝေါ်များရှိပြီး မြန်မာအခေါ် (သီဟရာဇာ)၊ ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ်(မက်ခါသီး)၊ တရုတ်အခေါ် (ချွှမ်းဝှားကျောင်း) စသည့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ တရုတ်ပြည်မကြီး ချွှမ်းဒေသလူမျိုးများက မက်ခါသီးကို အကြော် အနှပ်၊ အသားကင်များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲကြသည်။ မက်ခါသီးသည် တစ်နှစ်လျှင် ခြောက်လတစ်ကြိမ် သီးပြီး မိုးရာသီတွင် အသီးစသီး၍ အောက်တိုဘာလတွင် ရင့်မှည့်ပြီး ရင့်မှည့်သည့် မက်ခါသီးများကိုခူး၍ အခြောက်လှန်းပြီး အသီးများ ခြောက်သွေ့သွားလျှင် အမှုန့်ပြုလုပ်၍ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။
မက်ခါသီးအစိမ်းကို အသားများ၊ အူများ အညှီနံ့ပျောက်စေရန် ထည့်ပြုတ်ခြင်းဖြင့် သားငါးအညှီနံ့ပျောက်စေသည်။ မက်ခါသီးအရသာ မှာ ငရုတ်ကောင်းနှင့်ဆင်တူ၍ လျှာကိုထုံပြီး ပူရှိန်းစေကာ ငရုတ် ကောင်းထက် ပို၍ပူသောကြောင့် တိုင်းရင်းသားလူမျိုးများ ဒေသ ဟင်းခတ်အမွှေးအကြိုင်အဖြစ် နှစ်ခြိုက်စွာ သုံးစွဲကြပါသည်။
ကယား/ ကယန်းလူမျိုးများက မက်ခါသီးကို ဟင်းချက်ရာတွင် လည်းကောင်း၊ ရိုးရာ ကယား/ ကယန်းဆန်ပြုတ်၊ ကယား/ကယန်း ဝက်အူချောင်း၊ ကယားတာလပေါ့ဟင်း၊ ပဲပုပ်ထောင်း၊ အသားဟင်း များတွင် မက်ခါသီးမှုန့်ထည့်ခြင်းဖြင့်လည်းကောင်း အသုံးပြုကြကာ အသားအရသာ ပိုကောင်းမွန်ပြီး အညှီနံ့လည်း ပျောက်စေသဖြင့် မက်ခါသီးမှာ ရိုးရာဟင်းလျာတို့၏ အဓိကကျသော အသီးတစ်မျိုး ဖြစ်သည်။
ဈေးကွက်တွင်လည်း မက်ခါသီး အသီးအစို၊ အခြောက်၊ အမှုန့် များ ဈေးကောင်းနေပြီး လက်ရှိတွင် မက်ခါသီးခြောက် နို့ဆီဘူး တစ်လုံးလျှင်ငွေကျပ် ၂၅၀၀ ၊ ၇၀ ဂရမ် မက်ခါသီးအမှုန့်တစ်ဘူးလျှင် ငွေကျပ် ၁၅၀၀ ဈေးများဖြင့် ရောင်းချလျက်ရှိသည်။ ယခင်နှစ်က မက်ခါသီးခြောက် နို့ဆီဘူးတစ်လုံးလျှင်ငွေကျပ် ၁၅၀၀၊ ၇၀ ဂရမ် မက်ခါသီးအမှုန့် တစ်ဘူးလျှင်ငွေကျပ် ၁၀၀၀ သာ ရှိခဲ့သဖြင့် ယခင် နှစ်ထက် ဈေးနှုန်းလည်း ပိုရလာသောကြောင့် ကယားပြည်နယ် အတွင်းမှ မက်ခါသီးစိုက်ပျိုးသူများအနေဖြင့် မက်ခါသီးကို ဒေသ ထွက်ကုန်အဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန်လည်း ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
ခင်မြို့(ကယား)