
မြင့်စိုး(နတလ)
ယခု ကျွန်တော်ရေးသားတင်ပြနေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာ အကြောင်းအရာ အချက်အလက်ကိန်းဂဏန်းများသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေးသားပြုစုထားသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေး လက်စွဲစာစောင်နှင့် ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ တင်ပြချက်စာစောင်တို့အပေါ် အခြေခံ၍ အကျဉ်းမျှ ထုတ်နုတ်ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ ပြီးပြည့်စုံသော တင်ပြချက်တစ်ခုမဟုတ်ပါ။ ယခု ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အားသာချက် အားနည်းချက်များကို တင်ပြလိုပါသည်။
စာရင်းစစ်ဆေးခြင်း
မြို့နယ်နှင့် ကျေးရွာအဆင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲမှု၊ ချေးငွေထုတ်ချေးမှု၊ အတိုး/ အရင်းပြန်လည်ကောက်ခံမှု၊ စာရင်း ထိန်းသိမ်းမှု၊ ချေးငွေလည်ပတ်မှု အခြေအနေများ အား မြို့နယ်စာရင်းရုံးမှ စာရင်းစစ်ဆေးသွားမည် ဖြစ်သည်။ မြို့နယ်လုပ်ငန်းအဖွဲ့ (သို့မဟုတ်) လုပ်ငန်းအဖွဲ့အဆင့်ဆင့်မှ တာဝန်ပေးအပ်သော အဖွဲ့အစည်းများမှလည်း စာရင်းစစ်ဆေးနိုင်ပါသည်။
စောင့်ကြည့်စစ်ဆေးခြင်း
စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို အဓိက ဆောင်ရွက်ရမည့်အဖွဲ့မှာ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဖြစ်သည်။ အဆိုပြု ထုတ်ချေး ငွေအပေါ် ကျေးရွာသူ ကျေးရွာသားများက အမှန် တကယ်လုပ်ကိုင်ခြင်း ရှိ/ မရှိ ပုံမှန်ကွင်းဆင်း စစ်ဆေးရပါမည်။ လုပ်ငန်းဆောင်ရွက်မှု အားနည်း ပါက နှိုးဆော်တိုက်တွန်းခြင်း၊ ခေါ်ယူသတိပေးခြင်း၊ နောက်တစ်ကြိမ် ငွေထုတ်ချေးပေးမည်မဟုတ် ကြောင်း အသိပေးခြင်းများ ဆောင်ရွက်ရပါမည်။ စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးဌာနများ၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများ မှလည်း ဝိုင်းဝန်းကြည့်ရှုစစ်ဆေး တည့်မတ်ပေး လျက်ရှိပါသည်။
စစ်တမ်းများ ကောက်ယူခြင်း
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများ၊ တိုးတက်အောင်မြင် မှုများကို စိစစ်အကဲဖြတ် သုံးသပ်နိုင်ရန်အတွက် စစ်တမ်းများကောက်ယူခြင်းကို အလျဉ်းသင့်သလို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့်
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့သော်
မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နေ သည့် ဒေသများတွင် မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှု၊ မီးလောင်မှု၊ ငလျင်ဒဏ်ခံရမှု၊ မိုးခေါင်ခြင်း၊ သီးနှံ ဖျက်ပိုးများကျရောက်ခြင်း စသည်တို့ ကြုံတွေ့ရသည် မျိုးလည်း ရှိခဲ့ပါသည်။ ထိုကဲ့သို့ ကြုံတွေ့လာခဲ့လျှင် အနီးကပ်ရှိနေသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့သည် မြို့နယ်လုပ်ငန်းအဖွဲ့သို့ ဆောလျင်စွာ သတင်းပို့ရမည်။ ပျက်စီးဆုံးရှုံးမှုစာရင်း ဇယားများကောက်ယူရေး ဆောင်ရွက်ကြရမည်။ အလားတူပင် မြို့နယ်လုပ်ငန်းအဖွဲ့မှ သေချာစွာ စိစစ်၍ ပြည်နယ်/ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများမှတစ်ဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) သို့ သတင်းဆက်သွယ်ပေးပို့ရပါမည်။ ဖြေရှင်းဆောင်ရွက်နိုင်သမျှကို နည်းလမ်းပေါင်းစုံ သုံး၍ ဖြေရှင်းရမည်။ လိုအပ်လျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှတစ်ဆင့် ဗဟိုကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်လမ်းညွှန်မှု ကို ခံယူရမည်ဖြစ်ပါသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အားသာချက်များ
အောက်ဖော်ပြပါ အားသာချက်များကို တွေ့ရှိ ရပါသည်-
(က) မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထောက်ပံ့ပေးခြင်းဖြင့် ကျေးရွာသူ ကျေးရွာ သားများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များဆောင်ရွက်ရန် လိုအပ်သော အရင်း အနှီးကို အတိုးနှုန်းသက်သာစွာ ရရှိစေပြီး လုပ်ငန်းများချဲ့ထွင် လုပ်ကိုင်လာနိုင်ခြင်း၊
(ခ) တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ပြုသည့်အပြင် ရရှိလာသည့် အတိုးငွေများ ကြောင့် ကျေးရွာရန်ပုံငွေ တိုးပွားလာစေ ခြင်း၊
(ဂ) ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့် ကောင်းများရရှိစေခြင်း၊
(ဃ) ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ကျား၊ မ အချိုးဖြင့် ဖွဲ့စည်း ရခြင်းကြောင့် အမျိုးသမီးများ၏ ပူးပေါင်း ပါဝင်မှု အားကောင်းလာခြင်း၊ သင်တန်းများ တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည် မြင့်မားလာခြင်း၊ ကျား၊ မ တန်းတူညီမျှသော အလေ့အထ ဖွံ့ဖြိုးလာခြင်း၊
(င) ကျေးရွာ၏ အမှန်တကယ် လိုအပ်ချက်ကို တင်ပြတောင်းခံတတ်လာခြင်း၊ ကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များမှ စာရင်းဇယားအချက်အလက်များ ရေးသွင်း ပြုစုထိန်းသိမ်းသည့် အလေ့အကျင့်ရရှိ လာခြင်း။
အားနည်းချက်များ
မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက် ရာတွင် တွေ့ရှိရသော အားနည်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဆောင်ရွက်ရသော ဖွံ့ဖြိုးရေးလုပ်ငန်း ပမာဏနှင့် ဝန်ထမ်းအင်အား အချိုးညီမျှမှု မရှိ၍ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းအောင်မြင် အောင် ပိုမိုကြိုးပမ်းအားထုတ်ခဲ့ရခြင်း၊
(ခ) အချို့မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များသည် စာရင်းဇယားများ မှန်ကန် စွာ ရေးသွင်းဆောင်ရွက်ရန် အားနည်းခြင်း၊
(ဂ) နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိသော ကျေးရွာများတွင် မြို့နယ်မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့အနေဖြင့် ကွင်းဆင်း ကြီးကြပ်ရန်မလွယ်ကူခြင်း၊
(ဃ) မမျှော်မှန်းနိုင်သော အကြောင်းအမျိုးမျိုး ကြောင့် ရန်ပုံငွေအရင်း၊ အတိုး ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ကြွေးကျန်များဖြစ်ပေါ်နေ ခြင်း၊
(င) စီမံကိန်းရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း၊ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေခြင်းတို့ အပေါ် ထိရောက်မြန်ဆန်စွာ အရေးယူ ဖြေရှင်းပေးရန်လိုအပ်ခြင်း။
စိတ်ချမ်းမြေ့ခဲ့ရသော မြင်ကွင်းနှစ်ခု
ပထမမြင်ကွင်းမှာ နေပြည်တော်တွင် ရောက်ရှိ နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌများသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လယ်သာ ကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်း နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော စမ်းဝတီသဘာဝ မြေဩဇာစက်ရုံကို လာရောက်ကြည့်ရှုလေ့လာကြ သည့် မြင်ကွင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးချုပ်များ၊ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သဘာဝမြေဩဇာများ ထုတ်လုပ်မည် ဆိုပါက မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖိတ်ကြားပြသရ ခြင်းမှာ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို အကျိုးရှိသည့် သဘာဝမြေဩဇာများအဖြစ် သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ မကြာမီကာလ အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲကြမည်ဟု အလေးအနက် ယုံကြည် မိပါသည်။ ထိုနေ့မြင်ကွင်းက ကျွန်တော့်ကို စိတ်ချမ်းသာမှု ရစေခဲ့တာတော့ အမှန်ပင်။
ဒုတိယမြင်ကွင်းကတော့ ဩဂုတ်လ ၁၂ ရက် နေ့နံနက်ပိုင်းက နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံ့ စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေများ လွှဲအပ်ခြင်း အခမ်းအနားမြင်ကွင်းများပဲ ဖြစ်ပါသည်။ ယင်းအခမ်း အနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်အမှာစကား ပြောကြား ပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဘီလီယံ ၁၇၀၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ဘီလီယံ ၆၀၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်း ပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခု လျှင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျှင် ၅ ဘီလီယံ စုစုပေါင်းငွေကျပ် ဘီလီယံ ၃၃၀ ကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ ဥက္ကဋ္ဌများက လက်ခံရယူခဲ့ ကြပါသည်။
ထိုသို့ လွှဲပြောင်းပေးရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏စီးပွားရေးကို တိုက်ရိုက်အထောက် အကူပြုစေမည့် စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေး လုပ်ငန်းများ အားပေးဆောင်ရွက်ရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုသည် နွေစပါး နှင့် ပဲတီစိမ်းစိုက်ပျိုးရေးကို ဦးတည် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ရာ ယခုကဲ့သို့ ရန်ပုံငွေများထုတ် ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခုဖြစ် စေမည်ဟု အလေးအနက် ယုံကြည်မိပါ သည်။
ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် မကြာမီစတင်အကောင်အထည် ဖော်ကြတော့မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်ကို များစွာအထောက်အကူပြုပါ လိမ့်မည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြမည် ဖြစ်သကဲ့သို့ မြစိမ်းရောင် ကျေးရွာစီမံကိန်းများသည်လည်း တာဝန် ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းကြီးချုပ်စနစ်ဖြင့် အကောင်အထည်ဖော် ကြ ရမည်ဖြစ်သည်။ လက်တွေ့အကျိုးကျေးဇူး ခံစားကြရမည့် သူများကတော့ နိုင်ငံတော် ၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေဖြစ်သော ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ စီမံကိန်းအောင်မြင်ရန် သူတို့၏ပူးပေါင်း ပါဝင်မှု အခန်းကဏ္ဍကလည်း အလွန်အရေး ကြီးပါသည်။
နိဂုံးချုပ်တင်ပြလိုသည်မှာ အထက်တွင် ရေးသားတင်ပြခဲ့သော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေး လက်စွဲ စာစောင်ပါ အချက်အလက်များသည် အကျဉ်း မျှသာဖြစ်သည်။ မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းနှင့် ကိုက်ညီသော စီမံကိန်းဒီဇိုင်းဖြစ်ရန် လိုပါသည်။ ဆောင်ရွက် မည့်နည်းလမ်း၊ ဖွဲ့စည်းမှု၊ ရန်ပုံငွေလည်ပတ် စီးဆင်းမှုများကအစ ပြောင်းလဲသင့်သည်များ ကို ပြောင်းလဲရမည်ဖြစ်သည်။ ကျွန်တော်တို့ အားလုံး ကိုယ်စီကိုယ်စီယူထားရသည့် တာဝန် တွေရှိလာကြပြီဖြစ်သည်။ အောင်မြင်မှုအသီး အပွင့်များကို ကျေးလက်နေပြည်သူများ ရရှိ ခံစားကြရမည်ဟူ၍လည်း အလေးအနက် ယုံကြည်ထားပါသည်။ ။
- Log in to post comments