
မြင့်စိုး(နတလ)
ဝမ်းသာဂုဏ်ယူခဲ့ကြသည်
ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တတိယနေ့အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့သည် -
“သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်
နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများ ရှိကြောင်း၊ သမဝါယမအသင်း များကို အမှန်တကယ်လုပ်ကိုင်သူများ စုပေါင်း၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း”
မြစိမ်းရောင်စီမံကိန်း၏ အောင်မြင်မှုများနှင့် ပတ်သက်၍ ယင်းကဲ့သို့ ထည့်သွင်းမိန့်ကြားသွားခဲ့ရာ ထိုစီမံကိန်းကို လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက အားကြိုးမာန်တက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဝန်ထမ်းများအနေဖြင့်လည်း များစွာဝမ်းသာပီတိဖြစ်ခဲ့ကြရသည်။ ဂုဏ်ယူဝမ်းမြောက်ခဲ့ကြရသည်။
မြစိမ်းရောင်ဆိုသည်မှာ
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသ များတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ ထိုအထဲတွင်မှ ထက်ဝက် နီးပါးခန့်က နွမ်းပါးသူများ ဖြစ်နေကြပြန်သည်။ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအတွေ့အကြုံများအရ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက် ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မိသားစု ဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များကိုပါ အကောင်အထည်ဖော် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်လာ ကြောင်း တွေ့ရသည်။ နိုင်ငံအတွင်း ကွင်းဆင်းကောက်ယူခဲ့သော စစ်တမ်းများအရ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများအတွက် အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ သို့တည်းမဟုတ် အတိုးနည်းချေးငွေ တစ်ရပ် ထူထောင်ပေးရန် လိုအပ်လာကြောင်း တွေ့ရသည်။ ယင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ ဃ အပိုဒ် ၅ ပါပြဋ္ဌာန်းချက်အရ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ် ချက်များနှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးနိုင် ရန်အတွက်လည်းကောင်း၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ဒီဇိုင်းရေးဆွဲ စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။
မည်သည့်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဟု အမည်ပေးရ ပါသနည်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ် သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖြစ် သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ဖော်ညွှန်းရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်အတွက် မျှော်မှန်းလျက် အရင်း မပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းစီမံကိန်းအား “မြစိမ်းရောင်ကျေးရွာစီမံကိန်း” ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ
အောက်ဖော်ပြပါအချက်များကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ရပါမည် -
(က) ဆင်းရဲနွမ်းပါးသော ကျေးရွာဖြစ်ခြင်း
(ခ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိခြင်း
(ဂ) တရားဥပဒေစိုးမိုးခြင်း
(ဃ) ကျေးရွာသူ ကျေးရွာသားများ၏ စည်းလုံးညီညွတ်မှုနှင့် စိတ်အားထက်သန်မှုရှိခြင်း (ကျေးရွာအား စီမံကိန်းဆောင် ရွက်ပေးရန် လိုလားထက်သန်စွာ တင်ပြတောင်းခံခြင်း)
(င) လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေ တည်ငြိမ်အေးချမ်း လုံခြုံမှုရှိခြင်း
စီမံကိန်းဆောင်ရွက်မည့်နည်းလမ်း
စီမံကိန်းဆောင်ရွက်ရန် ရွေးချယ်ထားသော ကျေးရွာတွင် အရင်းမပျောက် မတည်ရန်ပုံငွေကို စီမံကိန်းမှ ထောက်ပံ့ပေးမည် ဖြစ်သည်။ ယင်း မတည်ရန်ပုံငွေကို ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်း ဖြင့် အများသဘောတူညီချက်ရယူကာ ကျေးရွာလူထုကိုယ်တိုင် စီမံ ခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်သောနည်းလမ်းကို အသုံးပြု မည်ဖြစ်သည်။ ကြီးကြပ် စီမံခန့်ခွဲနိုင်ရန်အတွက် ကျေးရွာမှ အများ သဘောတူမဲစနစ်ဖြင့် ရွေးချယ်ထားသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရပါမည်။ အဆိုပါလုပ်ငန်းအဖွဲ့ဖြင့် မြစိမ်း ရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကို ထိန်းသိမ်းကာ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများက လိုအပ်နေသောငွေကြေးအရင်းအနှီးအား သက်သာ သောအတိုးနှုန်းဖြင့် ထုတ်ချေးရပါမည်။ ဤနည်းဖြင့် ရန်ပုံငွေကို တိုးပွားစေကာ ရေရှည်တည်တံ့ခိုင်မြဲသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါ သည်။
ရန်ပုံငွေများ သတ်မှတ်ပေးခြင်း
စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ၏ အိမ်ခြေပေါ်မူတည်ပြီး ရန်ပုံ ငွေသတ်မှတ်ခြင်းကို အောက်ပါအတိုင်း (၄) မျိုး ခွဲခြားထားပါသည်-
(က) အိမ်ခြေ ၁၀၀ နှင့်အထက် (Type-1) ကျပ်သိန်း ၃၀၀
(ခ) အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြား (Type-2) ကျပ်သိန်း ၂၀၀
(ဂ) အိမ်ခြေ ၅၀ နှင့်အောက် (Type-3) ကျပ်သိန်း ၁၀၀
(ဃ) အိမ်ခြေ ၈၀ အောက်လျော့ (Type-4) ကျပ်သိန်း ၃၀၀
နည်းသော ကျေးရွာများအား
စုစည်းဆောင်ရွက်ခြင်း
ကော်မတီများ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း
အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်း၊ သို့တည်းမဟုတ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှသည် ကျေးရွာ အဆင့်ထိ ကော်မတီနှင့် လုပ်ငန်းအဖွဲ့အသီးသီးကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်ပါသည် -
(က) ပြည်ထောင်စုအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဗဟိုကြီးကြပ်မှုကော်မတီ
(ခ) ပြည်နယ်/တိုင်းဒေသကြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ
( ဂ) ခရိုင်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့
(ဃ) မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့
( င ) ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄ နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေပုဒ်မ ၆၈ တို့အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကြီးကြပ်မှုကော်မတီသည် ပြည်ထောင်စု အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဗဟိုကြီးကြပ်မှုကော်မတီအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းဥပဒေသတ်မှတ်ချက်များအရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရပါမည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အတွင်းရေးမှူး တာဝန် ထမ်းဆောင်ရပါမည်။ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌတာဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြင်ပကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင် အဖြစ် ပါဝင်ဖွဲ့စည်းထားပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေး ထားပါသည်။ ထိုနည်းတူစွာပင် ပြည်နယ်/ တိုင်းဒေသကြီး အဆင့်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ပြည်နယ် (သို့မဟုတ်)တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရပါမည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး၊ တိုင်းဒေသကြီးဦးစီးမှူးများက အတွင်းရေးမှူး တာဝန်ထမ်းဆောင်ရပါမည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် စီမံကိန်း လုပ်ငန်းအဖွဲ့များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းထား ရှိပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားပါသည်။
ကျေးရွာအဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ကျေးရွာအဆင့်၌ အောက်ဖော်ပြပါလုပ်ငန်းစဉ် ၁၁ ရပ်ဖြင့် ဆောင်ရွက် ရပါမည် -
လုပ်ငန်းစဉ်-၁ ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍ လုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်း
လုပ်ငန်းစဉ်-၂ စီမံကိန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း များ တက်ရောက်ခြင်း
လုပ်ငန်းစဉ်-၃ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းရှင် ဖွင့်လှစ်ခြင်း
လုပ်ငန်းစဉ်-၄ အတိုးနှုန်း၊ ချေးငွေပမာဏ၊ စည်းမျဉ်းစည်းကမ်း များ သတ်မှတ်ခြင်း
လုပ်ငန်းစဉ်-၅ ကျေးရွာသူ ကျေးရွာသားများသို့ အသိပေး ကြေညာခြင်း
လုပ်ငန်းစဉ်-၆ ချေးငွေအဆိုပြုလွှာများ တောင်းခံခြင်းနှင့် စိစစ် အတည်ပြုခြင်း၊ ချေးယူသူစာရင်းများအား ကြော်ငြာဆိုင်းဘုတ်ဖြင့် ကြေညာခြင်း
လုပ်ငန်းစဉ်-၇ စိစစ်ပြီး ချေးငွေအဆိုပြုလွှာများအား မြို့နယ် လုပ်ငန်းအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူခြင်း
လုပ်ငန်းစဉ်-၈ ချေးငွေထုတ်ချေးပေးခြင်း
လုပ်ငန်းစဉ်-၉ ချေးငွေနှင့် အတိုးကောက်ခံခြင်း၊ ချေးငွေစီမံ
ခန့်ခွဲခြင်း
လုပ်ငန်းစဉ်-၁၀ လုပ်ငန်းများ စစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း၊
အစီရင်ခံခြင်း
လုပ်ငန်းစဉ်-၁၁ ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍ စီမံကိန်း
သုံးသပ်ခြင်း
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments