
မာရီးထွေး (စိုက်ပျိုးရေးဦးစီးဌာန)
စိုက်ပျိုးထုတ်လုပ်ရေး၏အစသည် ရေ၊ နေရောင်ခြည် (ဆိုလာစွမ်းအင်)နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ လိုအပ်သည့် အစိမ်းရောင်အပင်များ၏ အလင်းမှီစု အစာချက်လုပ်ခြင်း (Photo synthesis) ဖြစ်စဉ် ဖြစ်ပါ သည်။ အပင်ဇီဝကမ္မဖြစ်စဉ်များနှင့် အပင်ကြီးထွားမှုတို့အတွက် လိုအပ်သည့်စွမ်းအင်ကို အစိမ်းရောင် အပင်များ၏ အလင်းမှီစုအစာချက်လုပ်ခြင်းဖြစ်စဉ်ဖြစ်သည့် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်နှင့် ပရိုတင်းအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ရရှိပါသည်။ လေ့လာတွေ့ရှိ ချက်များအရ အစိမ်းရောင်အပင်များက ဆိုလာစွမ်းအင်ကို အသုံးချနိုင်သည့်နှုန်းမှာ ၁၀-၂၀ ရာခိုင်နှုန်း အထိရှိသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ် အသုံးပြုနိုင်သည့်နှုန်းသည် တစ်ရာခိုင်နှုန်းထက် နည်းပါးပါသည်။ နေရောင်ခြည်ဖြင့် အစာချက်လုပ်နိုင်မှုနှုန်းမြင့်သည့် ကြံပင်များ၏ ကြီးထွားမှုအမြင့်ဆုံးအဆင့်တွင်ပင် ဆိုလာစွမ်းအင်ကို အသုံးချနိုင်နှုန်းမှာ ၆-၇ ရာခိုင်နှုန်းသာ ရှိပါသည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် အပင်များ၏ ဆိုလာစွမ်းအင်အသုံးချမှုကို မြှင့်တင်ရန် လိုအပ်လာပါသည်။ ၁၉၉၁ ခုနှစ်များတွင် ပညာရှင်များက အပင်နှင့်တိရစ္ဆာန်စွန့်ပစ်ပစ္စည်း များတွင်ပါဝင်သော အဏုဇီဝပိုးများ၏ အကူအညီ ဖြင့် အော်ဂဲနစ်စွမ်းအင်ကို ပြန်လည်အသုံးချပြီး အပင်များမှ တိုက်ရိုက်သော်လည်းကောင်း၊ အခြား နည်းဖြင့်လည်းကောင်း စားသုံးနိုင်သည့် အီးအမ် ဖျော်ရည်/ အော်ဂဲနစ် မြေဩဇာအဖြစ် အသုံးပြုခြင်း စသည့်နည်းများကို စတင်လေ့လာတွေ့ရှိခဲ့ကြ ပါသည်။ ထို့ကြောင့် သဘာဝမြေဩဇာပြုလုပ်ရာတွင် အကျိုးပြုအဏုဇီဝသက်ရှိများဖြစ်သည့် အလင်းမှီစု အစာချက်လုပ်နိုင်သည့် ဗက်တီးရီးယား၊ လက်တစ် အက်စစ်ဗက်တီးရီးယား၊ တဆေး (yeasts)၊ acti-nomycetes နှင့် အချဉ်ဖောက်ပေးသည့်မှိုများ (fermenting fungi) များ ပါဝင်မှုသည် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်စေ
အဏုဇီဝပိုး (Effective micro-organisms)များကိုအသုံးပြု၍ မြေဆွေး/သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းအားဖြင့် ဓာတုမြေဩဇာများနှင့် ပိုးသတ်ဆေးများကို လွဲမှားစွာသုံးခြင်း၊ အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့်ဖြစ်လာမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် မြေဆီလွှာပျက်စီးခြင်း ပြဿနာများ ကိုပါ ဖြေရှင်းနိုင်ခဲ့ပါသည်။ တစ်ရှိန်ထိုး မြင့်တက်လျက် ရှိသည့် ဓာတုမြေဩဇာများအစား အော်ဂဲနစ်စွမ်းအင် ကို အသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အစား ထိုး သုံးစွဲနိုင်မှုတို့သည် မြေဆီလွှာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုသာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအား စီးပွားရေးအရ ပိုမို တွက်ခြေကိုက်စေပါသည်။ ထို့ကြောင့် စိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဓာတုမြေဩဇာ သွင်းအားစုများကို တတ်နိုင်သမျှလျှော့ချ၍ စီးပွား ရေး တွက်ခြေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသည့် မြေဆီလွှာအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မှုများသည် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ဦးစားပေးလုပ်ငန်းများဖြစ်လာခဲ့ပါသည်။
၂၀၅၀ ပြည့်နှစ်တွင် တိုးလာနိုင်သည့် လူဦးရေ ၉ ဘီလီယံအတွက် အစားအစာလုံလောက်စွာရရှိနိုင်စေရန် စိုက်ပျိုးထုတ်လုပ်မှုကို ၆၀ ရာခိုင်နှုန်း တိုးထုတ်နိုင်ရန်လိုအပ်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အဓိကကျသည့် စိုက်ပျိုးမြေဆီ လွှာများ အာဟာရပြည့်ဝစေပြီး ကျန်းမာသန်စွမ်း သော မြေဆီလွှာများ ဖြစ်လာစေရန်၊ ဓာတုမြေဩဇာ အသုံးပြုမှုကိုလျှော့ချ၍ မြေဆီလွှာအာဟာရဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဖြစ်သည့် သဘာဝ မြေဩဇာအသုံးပြုခြင်း၊ ဘိုင်အိုရှား ထည့်သွင်းခြင်း၊ အီးအမ်မြေဆွေးပုံပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း၊ တီကျစ်မြေဩဇာနှင့် သစ်စိမ်း မြေဩဇာထည့်သွင်းခြင်းတို့သည် အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်လာသည်။
သဘာဝမြေသြဇာဆိုသည်မှာ
သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ရုပ်ကြွင်းများ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကို အဏုဇီဝပိုးများ၏ အကူ အညီဖြင့် ဆွေးမြည့်စေပြီး အပင်များက အသင့်စားသုံး နိုင်သည့် အာဟာရဓာတ်များရရှိစေရန် ပြုပြင်စီမံ၍ ရရှိလာသောပစ္စည်းများကို “သဘာဝမြေဩဇာ” ဟု ခေါ်ပါသည်။
သဘာဝမြေဩဇာ အမျိုးအစားအနေဖြင့် (၁)အပင်ထွက်ပစ္စည်းအခြေခံ (အသီးအရွက်၊ ကောက်ရိုး၊ ဝါကြိတ်ဖတ်၊ ပဲဖတ်) တို့ ဆွေးမြည့်ခြင်းမှရရှိသည့် သဘာဝမြေဩဇာ (Plant-Based Organic Ferti-lizer)၊ (၂) တိရစ္ဆာန်စွန့်ပစ်အညစ်အကြေး (နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး၊ သွေးများ၊ ငါးရိုးများ) မှ ရရှိသည့် Animal Based Organic Fertilizer နှင့် (၃) သဘာဝဒြပ်စင်များဖြစ်သော သစ်သားပြာ (wood ash)၊ Dolomitic lime၊ peat နှင့် အရိုးမှုန့် (bone meal)တို့မှရရှိသော Mineral Based Organic Fertilizer ဟူ၍ ခွဲခြားနိုင်ပါသည်။
သဘာဝမြေဩဇာကို မြေဆီလွှာကိုဖုံးသော ပစ္စည်းအဖြစ် လည်းကောင်း၊ မြေဆီလွှာ၏ အခြေကို ထိန်းညှိပေးသည့် Soil Conditioner အဖြစ် လည်း ကောင်း၊ Slow Release Fertilizer အဖြစ် လည်း ကောင်း သုံးစွဲကြပါသည်။
သဘာဝမြေဩဇာပြုလုပ်ရာတွင် မပါဝင်သင့် သည့်ပစ္စည်းများမှာ ကာဗွန်ဒိုင်အောက်ဆိုက် အများ အပြားထုတ်ပေးနိုင်သည့် မီးသွေးပြာ၊ အိမ်မွေး တိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေး (ခွေး/ကြောင် သေး)၊ အပင်ပိုးမွှားရောဂါကျရောက်နေသည့် အစိတ် အပိုင်းများ၊ အဏုဇီဝပိုးများကို အန္တရာယ်ဖြစ်စေ တတ်သော အဆိပ်အတောက်များပါဝင်သည့် အရွက် များ၊ အသားငါးနှင့် တိရစ္ဆာန်အဆီ၊ လောင်စာဆီများ၊ ပလတ်စတစ်နှင့် ဖန်/မှန်ကွဲစများ ဖြစ်သည်။
သဘာဝမြေဩဇာပြုလုပ်ရာတွင် ဆွေးမြည့်မှုကို လွှမ်းမိုးသောအချက်များအနေဖြင့် (၁) အော်ဂဲနစ် ပစ္စည်းအမျိုးအစားနှင့်အရွယ်အစား၊ (၂) ဖြည့်စွက် သက်ရှိများ/ မြေတွင်းရှိ သက်ရှိပါဝင်မှု၊ (၃) အပူချိန် (၄) လေဝင်လေထွက်၊ (၅) အစိုဓာတ်၊ (၆) သင့်လျော် သော မြေဆွေးပုံအရွယ်အစားနှင့် (၇) အာဟာရဓာတ် မျှတစွာပါဝင်မှု (Nutrients Balancing) တို့သည် လည်း အရည်အသွေးကောင်းမွန်သည့် သဘာဝ မြေဩဇာ/ မြေဆွေးရရှိမှုတွင် အရေးကြီးပါသည်။
အကျိုးကျေးဇူးများ
သဘာဝမြေဩဇာ အသုံးပြုခြင်းအားဖြင့် မြေဆီ လွှာ၏ ဇီဝ၊ ရူပနှင့် ဓာတုဂုဏ်သတ္တိများ တိုးတက် လာခြင်း၊ မြေဆီလွှာကောင်းမွန်ထက်သန်စေရန် အော်ဂဲနစ်ပစ္စည်းများ၊ အပင်အတွက် လိုအပ်သော အဓိက အာဟာရဓာတ်များနှင့် အနည်းလိုအာဟာရ ဓာတ်များကို အပင်မှ ဖြည်းဖြည်းချင်း ရရှိစေသဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးလာခြင်း၊ မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အပင်အတွက် လိုအပ်သော အဓိကအာဟာရဓာတ်များအပြင် အနည်း လို အာဟာရဓာတ်များရရှိစေခြင်း၊ မြေတွင်းအဆိပ် အတောက်ဓာတ်များကို ဓာတ်ပြယ်စေခြင်း၊ မြေဆီ လွှာ၏အပူချိန်ကို ထိန်းညှိပေးပြီး သီးနှံပင်အမြစ်များ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ညစ်ညမ်းမှုနည်းပါးခြင်း၊ ပမာဏများများထည့်သော်လည်း မြေဩဇာလောင်မှု မဖြစ်ခြင်းနှင့် ဈေးနှုန်းမြင့်တက်နေသည့် ဓာတုမြေ ဩဇာကို အစားထိုးသုံးစွဲနိုင်၍ ကုန်ကျစရိတ် နည်းခြင်း စသည်တို့ဖြစ်သည်။
အားနည်းချက်များ
သဘာဝမြေဩဇာသုံးစွဲခြင်း၏ အားနည်းချက် များမှာ အာဟာရဓာတ်ပါဝင်မှု နည်းပါး၍ လုံလောက် သော အာဟာရဓာတ်ရရှိစေရန် ပမာဏများများ အသုံး ပြုရခြင်း၊ အပြည့်အဝ မဆွေးမြည့်သော သဘာဝ မြေဩဇာကို အသုံးပြုပါက လတ်တလော အာဟာရ ချို့တဲ့စေခြင်း၊ အပင်လောင်စေခြင်းနှင့် ရောဂါပိုးမွှား ကျရောက်စေခြင်းတို့ဖြစ်သည်။ ထို့ပြင် ပါဝင်သော အော်ဂဲနစ်ပစ္စည်းများမှ အာဟာရဓာတ်များမရရှိမီ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြည့်စေရန်နှင့် ချေဖျက် ရန် အဏုဇီဝသက်ရှိများလိုအပ်ပြီး ယင်းအဏုဇီဝ သက်ရှိများ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်သည့် အပူချိန်နှင့် အစိုဓာတ်များသည်လည်း သဘာဝ မြေဩဇာ၏ အကျိုးသက်ရောက်မှုကို လွှမ်းမိုးမှု ရှိပါ သည်။
ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး ဌာနခွဲသည် အော်ဂဲနစ်စွမ်းအင်ကိုအသုံးပြု၍ ဓာတု မြေဩဇာအသုံးပြုမှုကို လျှော့ချရန်နှင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးစေရန် သဘာဝမြေဩဇာအသုံးပြုခြင်း၊ ဘိုင်အိုရှားထည့်သွင်းခြင်း၊ အီးအမ်မြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း၊ တီကျစ်မြေဩဇာ၊ သစ်စိမ်း မြေဩဇာထည့်သွင်းခြင်းစသည့် မြေဆီလွှာအာဟာရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပါသည်။
ကိုးကား
- မြေအသုံးချရေးဌာနခွဲ၊၂၀၁၉ ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းလက်စွဲ။
- Beneficial and Effective Micro-organisms for a Sustainable Agriculture and Environ-ment (Higa, T. and Parr. J.F, 1994)