
(၁၃-၈-၂၀၂၂)ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများနှင့် ပြည်တွင်း တွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေး လျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက် ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများ ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၂) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီး ဌာန (Department of Medical Research) တွင် (၁-၈-၂၀၂၂)ရက်နေ့မှစတင်၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2.75 ကို ဓာတ်ခွဲနမူနာ နှစ်ခုတွင်လည်းကောင်း၊ BA.2.76 ကို ဓာတ်ခွဲ နမူနာ တစ်ခုတွင်လည်းကောင်း၊ BA.4 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင် လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ (၂၈) ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။
၃။ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2.75 တွေ့ရှိရသူနှစ်ဦး၊ BA.4 တစ်ဦးနှင့် BA.5 တွေ့ရှိရသူ ၂၂ ဦး၊ စုစုပေါင်း ၂၅ ဦးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ များဖြစ်ပြီး ကျန် BA.2.76 တွေ့ရှိရသူတစ်ဦး၊ BA.5 တွေ့ရှိရသူ ခြောက်ဦး၊ စုစုပေါင်း ခုနစ်ဦးတို့သည် ပြည်တွင်း ကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်ပါသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲ အတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ ပါသည်။
၄။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန် မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း စဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန