ဘုန်းတော်ကြီးသင်နှင့် မိဘမဲ့ကျောင်းများအတွက် အက်တမ်က ကျပ်သန်းတစ်ထောင် လှူဒါန်းမည်

 

ရန်ကုန် ဩဂုတ် ၉


နိုင်ငံတစ်ဝန်းရှိ  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့်  မိဘမဲ့ ကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေး ပြည့်ဝကောင်းမွန် သည့် အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးရန်အတွက် မြန်မာကျပ်ငွေ တစ်ဘီလီယံကို အက်တမ်(ATOM)က ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 


အက်တမ်မှ ထိုသို့ လူမှုအဖွဲ့အစည်းများအား ပံ့ပိုးကူညီမှုသည် ကလေးများနှင့် လူငယ်လူရွယ် ၅၀၀၀ ကျော်အတွက် အကျိုးရှိမည်ဟု မျှော်လင့်ထားကြောင်း၊  ပံ့ပိုးပေးသော အထောက်အကူပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များနှင့် မိဘမဲ့ကျောင်းများ၏ လိုအပ်ချက်များအပေါ် မူတည်၍ ကွဲပြားမှု ရှိမည်ဖြစ်ကြောင်း၊ ပံ့ပိုးကူညီမှုများအနေဖြင့် တည်ရှိပြီးသား အခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းများနှင့် အထောက်အကူ ပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 


အက်တမ်သည် ၂၀၂၃ နှစ်ကုန်အထိ ကော်ပိုရိတ်လူမှုရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ပရောဂျက်များအတွက် ကျပ် သုံးဘီလီယံ လျာထားပြီး   ဆက်သွယ်ရေးကဏ္ဍကို   အဆင့်မြှင့်တင်ခြင်း၊   အခွင့် အလမ်းများ    ဖော်ဆောင်ပေးခြင်းတို့ဖြင့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သောလူမှုဘဝများဖန်တီးပေးရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။                                                  

ကျော်ဇင်ဦး