
ဆိုရှယ်မီဒီယာဟုခေါ်သည့် လူမှုကွန်ရက်များကို ကမ္ဘာတစ်ဝန်းလုံး၌ အသုံးများလာချိန်တွင် အဆိုပါလူမှုကွန်ရက်များကို တည်ထောင် ထားသည့် နည်းပညာလုပ်ငန်းကြီးများက ၎င်းတို့၏ လူမှုကွန်ရက် များမှတစ်ဆင့် တိုက်ရိုက်လွှင့်၍ ဈေးရောင်းချနိုင်သည့် လုပ်ဆောင် ချက်ကို ထည့်သွင်းပေးလာကြသည်။
အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချသည့် လုပ်ဆောင်ချက်ကို ယနေ့ မြန်မာနိုင်ငံတွင် အသုံးများလျက်ရှိသော လူမှုကွန်ရက်များ ဖြစ်သည့် Instagram, Facebook, Youtube, TikTok စသည်တို့တွင် ထည့်သွင်းပေးထားသလို မြန်မာနိုင်ငံမှ အသုံးနည်းသော်လည်း ကမ္ဘာတစ်ဝန်းတွင် အသုံးများသည့် Twitter, Pinterest, Amazon, WeChat နှင့် Snapchat တို့တွင်လည်း အွန်လိုင်းမှဈေးရောင်းနိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားကြကာ အသုံးပြုမှုမှာလည်း တွင်ကျယ်လျက်ရှိသည်။
ထိုသို့ တိုက်ရိုက်လွှင့်ဈေးရောင်းချနိုင်သည့် လုပ်ဆောင်ချက်ကို ထည့်ပေးရာတွင် Live Shopping, Live Commerce, Marketplace စသည်ဖြင့် အမည်အမျိုးမျိုးပေးကြသည်။ သို့သော် အဓိကလုပ်ဆောင် ချက်အနေဖြင့် တိုက်ရိုက်လွှင့်၍ဈေးရောင်းသူများ၏ ဗီဒီယိုများတွင် ရောင်းချမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အသေးစိတ်အချက်အလက်၊ အရေအတွက်၊ ဈေးနှုန်းနှင့် တိုက်ရိုက်ငွေပေးချေဝယ်ယူရန် စသည် တို့ကို Tag တွဲ၍ ဖော်ပြခွင့်ပေးထားသည့်အချက်မှာ Live Shopping များတွင် တူညီသည့်အချက်ဖြစ်သည်။ တိုက်ရိုက်လွှင့်ရောင်းချမှုကို ကြည့်ရှုသူများအနေဖြင့်လည်း အချက်အလက်များကို ကြည့်ရှုပြီး ဝယ်ယူလိုပါက ဗီဒီယိုတွင်ပါသော ငွေချေရန်ခလုတ်ကို နှိပ်ရုံဖြင့် အွန်လိုင်းငွေချေစနစ်တစ်ခုခုဖြင့် ငွေချေပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ တိုက်ရိုက်ရောင်းချသည့်ပုံစံ
မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့်နှစ်များမှစ၍ လူမှုကွန်ရက်မှ တစ်ဆင့် တိုက်ရိုက်လွှင့်၍ ဈေးရောင်းချသည့်စနစ် တွင်ကျယ်လာခဲ့ သော်လည်း မြန်မာနိုင်ငံတွင် တိုက်ရိုက်လွှင့် ဈေးရောင်းခြင်းနှင့် ဈေးဝယ်ခြင်းမှာ နိုင်ငံတကာတွင်ရောင်းချသော/ဝယ်ယူသော ပုံစံနှင့် ကွာခြားလျက်ရှိသည်။ တိုက်ရိုက်လွှင့်ဈေးရောင်းချနိုင်သည့် Live Shopping လုပ်ဆောင်ချက်နှင့် ဆင်တူသော Live လုပ်ဆောင်ချက် ကိုသာ အသုံးပြု၍ ဈေးရောင်းချနေကြခြင်းဖြစ်သည်။ ရောင်းချမည့်သူ များက ဗီဒီယိုတိုက်ရိုက်လွှင့်၍ မိမိတို့ရောင်းချလိုသည့် ထုတ်ကုန် အကြောင်းကို ကြော်ငြာကြသည်။ ထိုဗီဒီယိုတွင် ကုန်ပစ္စည်းအကြောင်း Tag တွဲထားခြင်းမရှိသလို တိုက်ရိုက်ငွေပေးချေနိုင်မည့်စနစ်လည်း ပါဝင်ခြင်းမရှိပေ။ ကြည့်ရှုသူများကလည်း သိလိုသည့်အချက်များကို Comment များမှဖြစ်စေ၊ သီးသန့်စာပို့၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ မေးမြန်းကြသည်။ ထို့နောက် ဝယ်ယူရန် ဆုံးဖြတ်ချက်ချပြီးသောအခါ အများအားဖြင့် မိုဘိုင်းငွေချေစနစ်တမျိုးမျိုးဖြင့် ငွေပေးချေပြီးဖြစ်စေ၊ ပစ္စည်းရောက် ငွေချေစနစ်ဖြင့်ဖြစ်စေ ဝယ်ယူကြခြင်းဖြစ်သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံမှ တိုက်ရိုက်လွှင့်ဈေးရောင်းချနေသူ အများစု အသုံးပြုနေသော ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် တိုက်ရိုက် လွှင့်ရောင်းချသည့်လုပ်ဆောင်ချက်ကို ပိတ်ရန်အတွက် ဖေ့စ်ဘုတ်၏ မူရင်းကုမ္ပဏီ မီတာ(Meta)က ပြီးခဲ့သောငါးရက်ခန့်က ထုတ်ပြန်ချက် သည် Live Shopping လုပ်ဆောင်ချက်ကို အသုံးပြုနေသူများနှင့်သာ သက်ဆိုင်မှုရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ တိုက်ရိုက်လွှင့်ရောင်းချ နေသူများ အသုံးပြုနေသည့် Live လုပ်ဆောင်ချက်ကို ပိတ်မည်မဟုတ် သဖြင့် မြန်မာနိုင်ငံမှ တိုက်ရိုက်လွှင့်ရောင်းချသည့် ဈေးရောင်းသူများ၊ လုပ်ငန်းများအတွက်မူ မည်သို့မျှ ထိခိုက်မှုရှိနိုင်မည်မဟုတ်ကြောင်း ဖော်ပြလိုက်ရပါသည်။
ကျော်ဇင်ဦး