
နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
====================================================
နေပြည်တော် ဒီဇင်ဘာ ၂
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမြဲတမ်းအတွင်း ဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှိသင့်ရှိထိုက်သည့် စိတ်ထားဖြစ်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အမျိုးသားရေးစိတ်ဓာတ်သည် သူ့ကျွန် ဘဝကျရောက်ကာ နိုင်ငံမလွတ်လပ် သည့်ကာလမျိုးတွင် အင်မတန်မှ တန်ဖိုးရှိပါကြောင်း၊ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် စုစည်းညီညွတ် စွာ လှုပ်ရှားရုန်းကန်ရန်အတွက် အဓိကအခြေခံအင်အားဖြစ်ပြီး ရှိသင့် ရှိထိုက်သည့် စိတ်ထားဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် လည်း မိမိတို့ရရှိထားသည့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း ရန် အမျိုးသားရေးစိတ်ဓာတ်များ ရှိရ မည်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင်လည်း နိုင်ငံများသည် အမျိုးသားနိုင်ငံများ အဖြစ် ရပ်တည်ကြပါကြောင်း၊ ကိုယ့် နိုင်ငံ၊ ကိုယ့်နိုင်ငံသားဆိုသည့် အခြေခံ စိတ်ဓာတ်ရှိကြပါကြောင်း။
သို့သော် အမျိုးသားရေးစိတ်ဓာတ် သည် အသေးစိတ်ပြီး ကျဉ်းမြောင်း သွားပါက အစွန်းရောက်သွားတတ်ပါ ကြောင်း၊ ထိုသို့ အစွန်းရောက်သွား ပါက မသင့်တော်သည့် အလုပ်အကိုင်၊ အပြုအမူ၊ အကျင့်အကြံများ ရှိလာ နိုင်ပါကြောင်း၊ မိမိနှင့်မတူညီသည့် နိုင်ငံများအပေါ် အာဃာတထား တတ်ကြပါကြောင်း၊ မယုံကြည်သည့် စိတ်မျိုး သို့မဟုတ် စိုးရိမ်ပူပန်မှုမျိုး ရှိလာတတ်ပါကြောင်း၊ ဤသည်မှာ ကောင်းမွန်သည့်အနေအထား မဟုတ် ပါကြောင်း။
သို့သော် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍအစုံစုံတွင် ရှေ့တန်းရောက်အောင် ကြိုးပမ်းလို သည့်စိတ်ဓာတ်မှာ သင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေးစိတ်ဓာတ် သည် ဆက်လက်တည်ရှိနေရမည် ဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်ရန်အတွက် အမျိုးသားအောင်ပွဲနေ့များကို ကျင်းပ ခြင်းဖြစ်သည်ဟု မြင်မိပါကြောင်း။
အမျိုးသားအောင်ပွဲနေ့၏ ထူးခြား ချက်တစ်ရပ်မှာ ပညာရေးနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ သည့်နေ့ကို ရွေးချယ်ထားခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ သပိတ် မှောက်ပြီးနောက် အမျိုးသားကျောင်း များ ပေါ်ပေါက်လာပါကြောင်း၊ အမျိုးသား ကျောင်းများနှင့်အတူ နိုင်ငံကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင် သည့် အမျိုးသားပညာရေးစနစ် တည်ဆောက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာပါကြောင်း။
ယခုနှစ် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များမှာလည်း ကျောင်းနေ အရွယ် လူငယ်အားလုံး အခြေခံပညာ သင်ယူခွင့်ရရှိရေး၊ လူမှုစီးပွားရေး အတွက် လက်တွေ့ကျအကျိုးပြုသည့် ဘာသာရပ်များ၊ တစ်သက်တာ သင်ယူမှု အခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသား ဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုး ရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးမှု အတွက် နည်းပညာနှင့်အခြေခံ အဆောက်အဦများ ဖြည့်ဆည်းရေး၊ တိုင်းရင်းသားအားလုံး၏ စုပေါင်း အင်အားဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါကြောင်း။
အစဉ်တစိုက်ကြိုးပမ်းပါဝင်
ထို့အပြင် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ရာပြည့်အမျိုးသား အောင်ပွဲနေ့မှသည် တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး တည် ဆောက်စို့” ဟူ၍ ဖြစ်ပါကြောင်း၊ ထိုအရာများသည် ကျယ်ပြန့်သော အမျိုးသားရေးစိတ်ဓာတ်များအပေါ်တွင် အခြေခံထားသည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ယခင်မူလက တည်ရှိခဲ့သည့် အမျိုးသားရေး ရည်မှန်းချက်များကို ယနေ့တွင် ဆက်လက်ဆောင်ရွက်နေပြီး အထူး သဖြင့် ပညာရေးတွင် ဗဟိုပြု ဆောင်ရွက်နေသည်ကို တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နှစ်စဉ်အမျိုးသားအောင်ပွဲနေ့ကျင်းပတိုင်း အစဉ်တစိုက်ကြိုးပမ်း ပါဝင်လျက်ရှိပြီး ယခုနှစ် ရာပြည့်အခါ သမယတွင်လည်း လူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ မဆောင်ရွက် နိုင်သော်လည်း တတ်နိုင်သမျှ အထင် ရှားဆုံးဖြစ်စေရန် ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆောင်ရွက်သွားမည်ဖြစ်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသား အောင်ပွဲနေ့နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်၌ မြို့မကျောင်းသားဟောင်းများအဖွဲ့၊ ကျောင်းသားသမဂ္ဂအချို့နှင့် ဆွေးနွေး ခဲ့ပါကြောင်း၊ ဆွေးနွေးမှုများမှ ရလဒ် များလည်း ထွက်ပေါ်ခဲ့ပါကြောင်း၊ ယခုနှစ် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အခမ်းအနားကို မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို ယနေ့ အစည်းအဝေး၏ ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် လိုက်ပါ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လာမည့် ဒီဇင်ဘာ ၉ ရက်သည် နှစ် (၁၀၀) ပြည့် ရာပြည့်အမျိုးသားအောင်ပွဲနေ့ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အတည်ပြုလိုက်သည့်အတွက် ဖြစ် ပေါ်လာခြင်းဖြစ်ပြီး ရန်ကုန် တက္ကသိုလ်နှင့်အတူ အမျိုးသား အောင်ပွဲနေ့သည် စတင်ပေါက်ဖွားလာခြင်းဖြစ်ပါကြောင်း၊ ထိုသမိုင်း လက်ဆင့်ကမ်းအမွေအရ ရန်ကုန် တက္ကသိုလ်၏ ရာပြည့်အခမ်းအနား နှင့်အတူ ရာပြည့်အမျိုးသားအောင်ပွဲ နေ့ကို ကျင်းပရမည်ဖြစ်ပါကြောင်း။
သို့သော် နှစ်စဉ်ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနေရသည့်အတွက် လက်တွေ့ မြေပြင်တွင် ကျင်းပရန် ခက်ခဲပါ ကြောင်း။
ယခုနှစ် အမျိုးသားအောင်ပွဲနေ့ ကျင်းပရန်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းသုံးခုကို လျာထားပါ ကြောင်း၊ ယနေ့အစည်းအဝေးညှိနှိုင်း ဆုံးဖြတ်သည့်အတိုင်း မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဝင်းထွန်းက နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ထွက်ရှိရေးနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က နှစ် (၁၀၀) ပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဆောင်ရွက်ထုတ်လွှင့်ရန် လျာထားမှု များနှင့် တာဝန်ရှိသူများက အမျိုးသား အောင်ပွဲနေ့တွင် ပါဝင်ဆောင်ရွက်သွား မည့် ကဏ္ဍအလိုက်ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်