
ပျဉ်းမနား ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ် ကူးတို့ဆိပ်ကျေးရွာတွင် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ညောင်ပင်ဝိုင်းရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းခြင်းနှင့် ရေသောက်ဧရိယာ အတွင်းပါဝင်သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ် ၄ ရက်က အဆိုပါကျေးရွာ ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှု စီးပွားဘဝများ ဖွံဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများအား ဈေးနှုန်း သက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် များ ရရှိစေရေးဆိုင်ရာကိစ္စရပ်များကို ကြိုးစားဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ အားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းမွန် စေရေးတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းနှင့်အတူ မွေးမြူရေးလုပ်ငန်းများကို လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြည်ထောင်စုနယ်မြေအတွင်း ဆည်ရေသောက်ဧရိယာများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဒေသခံ တောင်သူများပါဝင်သည့် ရေအသုံးချရေးအဖွဲ့(WUG)များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်ခိုင်က ညောင်ပင်ဝိုင်း ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံ တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန် ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာကြ သည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ ရေလွှဲဆည်တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ် ကူးတို့ဆိပ်ကျေးရွာတွင် ဆောင်ရွက်မည့် ညောင်ပင်ဝိုင်းရေလွှဲဆည်သည် အကျယ်ပေ ၁၀၀၊ အလျား ၆၈ ဒသမ ၅ ပေ၊ အမြင့်လေးပေရှိ သံကူ ကွန်ကရစ်ရေလွှဲဆည်အမျိုးအစားဖြစ်ပြီး ဒေသခံ ပြည်သူများ၏ မိုးကောင်းသောက်စိုက်ပျိုးမြေ ၁၅၆ ဧကကို ဆည်ရေသောက်အဖြစ် ပြောင်းလဲပေးဝေနိုင် မည်ဖြစ်သည်။ အဆိုပါရေလွှဲဆည်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီရန်ပုံ ငွေကျပ် ၂၅၃ ဒသမ ၈ သန်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင် (ပြန်/ဆက်)