ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ကာလ မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမကျန်ရစ်စေရေး ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ကာလ မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမကျန်ရစ်စေရေး ညှိနှိုင်းဆွေးနွေး

======================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၁

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားသောကာလအတွင်း မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးမှုနောက်ကျမကျန်ရစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက Virtual Meeting ပုံစံဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် များမှ ဦးစီးမှူးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင် များ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနမှ နည်းပြများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကလေး ငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြောင်းလဲလျက်ရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်ရာ မှန်ကန်သောနည်းလမ်းများဖြင့် ပြုစု စောင့်ရှောက်ကာကွယ်မှုလိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားရ သောကြောင့် မူကြိုကလေးငယ်များအတွက် ဖွံ့ဖြိုးတိုးတက် မှုအရှိန်မပျက်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ရေး နည်းလမ်း များ ရှာဖွေအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ကလေးငယ်များအတွက် အချိန်ကို စောင့်ဆိုင်းနေ၍ မရ ကြောင်း၊ ကိုဗစ်-၁၉ ကာလသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်သေးကြောင်း၊ ရှေးဦးအရွယ် ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ ဆောင် ရွက်နေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပုံစံသစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ စနစ်တကျ စီမံချက်ချမှတ်ပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် များအားလုံး ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ရရှိနိုင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ရန် တာဝန်ရှိသည့် ကဏ္ဍဖြစ်၍ ကိုဗစ်-၁၉ စိန်ခေါ်မှုများကို ရင်ဆိုင်လျက် ဆန်းသစ်တီထွင်မှုများ၊ လိုက်လျောညီထွေ ဆောင်ရွက်ထား ရှိမှုများ၊ တွေ့ကြုံရသော အခက်အခဲများ၊ ဆက်စပ်အဖွဲ့ အစည်းများ၊ မိဘများ၊ မိသားစုဝင်များနှင့် ညှိနှိုင်းဆောင်ရွက် ရန်လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက ရှေးဦးအရွယ် ကလေးသူငယ်ဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ကလေးငယ်များ အတွက် ကိုဗစ်-၁၉ ကာလ သင်ကြားလေ့ကျင့် ပြုစု ကာကွယ်စောင့်ရှောက်မှုများကို Social Media၊ ရုပ်မြင် သံကြား၊ FM ရေဒီယိုများ၊ Online Meeting များ စသည့် နည်းလမ်းပုံစံ အသစ်များဖြင့် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ် များကို တင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တို့က ပြန်လည်ဆွေးနွေးရာ လက်တွေ့အကောင်အထည် ဖော်နိုင်မည့်စီမံချက်များကို ရွေးချယ်ပြီး Facebook Page များ၊ Web Page များမှ ကလေးငယ်များ၊ မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ Video Clip များ ရိုက်ကူး ထုတ်လွှင့်ခြင်း၊ TV ရေဒီယို အစီအစဉ်များဖြင့် ဆောင်ရွက် ခြင်း၊ မိဘများအတွက် ပညာပေးခြင်း၊ ဆရာ ဆရာမများ အတွက် ပုံစံသစ်ဖြင့် သင်ကြားမှုဆိုင်ရာ သင်တန်းပေးခြင်း များကို Online ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့် ကိစ္စများကို ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် မိမိတို့၏ ဆောင်ရွက်သည့် စီမံချက်များ တွင် တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များအတွက် သက်ဆိုင်ရာ ဘာသာစကား အသုံးပြုမှုများကို အလေးထား ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ယှဉ်တွဲ၍ မိဘများနှင့် မိသားစုဝင်များ၏ ပူးပေါင်းပါဝင်မှုသာမက ကလေးများ ကိုယ်တိုင် ပါဝင်မှုဖြင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားသည်။

 

သတင်းစဉ်