မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကျင်းပ

 

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များဆွေးနွေး

 

နေပြည်တော်   ဩဂုတ်   ၃


မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက် သည့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov  သည်  ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့်   နေပြည်တော်သို့  ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး  ထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ် ၌ ကြိုဆိုကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


အဆိုပါ   အလုပ်သဘောခရီးစဉ်အတွင်း   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး   H.E. Mr. Sergey Lavrov    သည်     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဦးဝဏ္ဏမောင်လွင်   နှင့် နံနက်ပိုင်းတွင်    နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန၌   သီးသန့်တွေ့ဆုံခဲ့ပြီး   နှစ်နိုင်ငံဆက်ဆံ ရေးနှင့်    ပူးပေါင်းဆောင်ရွက်မှု     တိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင်  အပြန်အလှန် ယုံကြည် နားလည်မှုများကို   အခြေခံလျက်    ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေးကြ သည်။ 

 


ယင်းနောက်  မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား  ဆွေးနွေးပွဲကို နိုင်ငံခြားရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က    ဦးဆောင် ကျင်းပရာ  နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့်    အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 


အစဉ်တစိုက် ပံ့ပိုးကူညီ


ဆွေးနွေးပွဲတွင်      ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏    မိတ်ဆွေရင်းချာ    နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့်   မြန်မာအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံချင်းသာမက   နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ပံ့ပိုးကူညီမှုများအတွက်  ကျေးဇူးတင် ရှိကြောင်း၊   မြန်မာအစိုးရ၏   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းစဉ်များ၌ အထောက် အကူပြုနိုင်ရန်   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းခဲ့မှုများနှင့် ယခု ခရီးစဉ်အတွင်း မျောက်ကျောက်ရောဂါစစ်ဆေးသည့် Test Kits လှူဒါန်းမှုများအတွက်လည်း  ကျေးဇူးတင် ရှိကြောင်း ပြောကြားသည်။

 


ထို့ပြင် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး များက    မြန်မာနိုင်ငံနှင့်     ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား  နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊  အထူးသဖြင့် နှစ်ဖက်အစိုးရအဖွဲ့အစည်းများ၊  တပ်မတော်များနှင့် ပြည်သူများအကြား     ဆက်ဆံရေး     တိုးမြှင့်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးနှင့်   ဒေသတွင်းနှင့်   နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့်   အာဆီယံ၊    အာရှ−ဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပအာရှစီးပွားရေး သမဂ္ဂ  (EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍ နီးကပ်စွာ       ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးကြပြီး သက်ဆိုင်ရာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

 


လက်မှတ်ရေးထိုးလဲလှယ်


ဆွေးနွေးပွဲအပြီးတွင်    မြန်မာ−ရုရှား  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား            ညှိနှိုင်း ဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄)ကို ပြည်ထောင်စု ဝန်ကြီး   ဦးဝဏ္ဏမောင်လွင်နှင့်    ရုရှား နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Sergey Lavrov တို့က  လက်မှတ်ရေး ထိုးလဲလှယ်ကြသည်။

 


အဆိုပါ  အစီအစဉ်သည် မြန်မာနှင့် ရုရှား နိုင်ငံခြား ရေးဝန်ကြီးဌာနများအကြား  နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး  ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ 

 


နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့်    ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ    ရွှေနန်းတော်ဟိုတယ်၌    အလုပ် သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 


ပို့ဆောင်နှုတ်ဆက်


ညနေပိုင်းတွင်        ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov သည် နေပြည်တော်မှ ပြန်လည်ထွက်ခွာရာ   နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက     နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။               

သတင်းစဉ်