နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 
 

(ယမန်နေ့မှအဆက်)


NUG အမည်ခံအကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်ဟုအမည်ခံထား သည့် အချို့လူများက လူမြင်ကောင်းအောင် တောထဲမှအကြမ်းဖက်များ ထံသွား၍ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်ပြီး တော်လှန်ရေးနှင့်အတူ၊ PDF များနှင့်အတူ၊ ပြည်သူများနှင့်အတူဟုဆိုပြီး ဟိုကြည့်၊ ဒီကြည့်လုပ် သက်သေပြရန်ကိုမူ လူတိုင်းလုပ်တတ်ကြောင်း၊  မနက်ပိုင်းတစ်ပိုင်း ခန့် အချိန်ပေးလိုက်လျှင်ပင်ရကြောင်း၊ ၎င်းတို့၏ သား၊ သမီးများ ထဲမှ PDF များနှင့်အတူ တာဝန်ထမ်းဆောင်နေသူ တစ်ယောက်မှမရှိ ကြောင်း၊ အကုန်နိုင်ငံခြားရောက်နေကြသည်ဟု မျှော်လင့်ပါကြောင်း၊ အေးချမ်းသည့်နေရာရောက်နေကြကြောင်း၊  လူငယ်များကိုအားပေး ထောက်ပံ့သည်ဟု  အမည်ခံ၍ မြှောက်ပင့်ပေးနေကြောင်း၊ လူငယ်များ ၏ အနာဂတ်ကို အသိမှားများနှင့်ဖုံးအုပ်ပြီး ရိုက်ချိုးနေခြင်းဖြစ်ကြောင်း၊ အရေးမပါသည့်ခံယူချက်အမှားများကြောင့် လူငယ်များ မသေသင့်ဘဲ သေနေရသည်ကို တွေ့ရကြောင်း၊ လူငယ်များကို တစ်ခုပြောလိုကြောင်း၊ စဉ်းစားရန်၊ ဆုံးဖြတ်ရန်၊ တွေးတောဆင်ခြင်နိုင်သည့်၊ ချင့်ချိန်မျှော်တွေး နိုင်သည့် ဉာဏ်များရှိကြရန် မေတ္တာရပ်ခံလိုကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူငယ်များကို သဘောထား ကြီးစွာနှင့် ပြန်လည်လက်ခံပေးနေသည့် အချိန်ဖြစ်ကြောင်း၊ ပြန်လည် လက်ခံခဲ့ရာတွင် ယခုအချိန်အထိ PDF လူငယ် ၂၅၀ ခန့်ကို လက်ခံပြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့ပြန်လည်လက်ခံရာတွင် ၂၃၀ တရားဝင်ပြန်လည် ဝင်ရောက်လာပြီးဖြစ်ကြောင်း၊ ၂၅၀ ဟုဆိုရာတွင် နောက်ထပ်ဝင်ရောက် လာသူများကို မိမိတို့စစ်ဆေးနေသည့်သူများ ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ အချို့သော မီဒီယာများကလည်း အမျိုးမျိုးရေးသားနေကြ ကြောင်း၊ ၎င်းတို့ကို တစ်ဖက်အဖွဲ့ အစည်းများက ရေးသားခိုင်းသဖြင့် ရေးနေကြခြင်းဖြစ်ကြောင်း၊  ယခုပြန်လည်ဝင်ရောက်လာသူများမှာ PDF များမဟုတ်ဘဲ အတုများဖြစ်သည်ဟု ရေးကြကြောင်း၊ ထို့ကြောင့် Video File တစ်ဖိုင်ကို ပြသမည်ဖြစ်ကြောင်း၊ ထို Video File တွင် ပါဝင်သည့်ပုဂ္ဂိုလ်မှာ မကြာမီရက်ပိုင်းအတွင်းက PDF  အဖွဲ့မှ အလင်း ဝင်ရောက်လာသည့် ငပုတောမြို့နယ်  မဲဆန္ဒနယ်အမှတ်(၂)မှ NLD  လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ကြောင်း၊ ၎င်း၏နာမည်မှာ သက်ပိုင်ဇင်ဖြစ်ကြောင်း၊  ဇူလိုင်  ၂၁  ရက်တွင် ပြန်လည်အလင်းဝင် ရောက်ခဲ့သူဖြစ်ကြောင်း ပြောကြား၍  Video File ကို ပြသသည်။

 


ကျယ်ကျယ်ပြန့်ပြန့်လက်ခံ


ယခုပြသသည့် ပုံကိုကြည့်ပါက အမှန်တကယ် ဟုတ်၊ မဟုတ် သိနိုင်မည်ဖြစ်ကြောင်း၊   အချို့လူငယ်များကိုပြလျှင်  မဟုတ်ဘူးဟု ငြင်းချက်ထုတ်ကြဦးမည်ဖြစ်ကြောင်း၊ ၎င်းသည် ငပုတောမြို့နယ် NLD   တိုင်းဒေသကြီး(၂)   ကိုယ်စားလှယ်ဟောင်းဖြစ်ကြောင်း၊ ကိုသက်ပိုင်ဇင် ဖြစ်ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် တောထဲကိုရောက်၍ စစ်သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် ပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း၊  မိမိတို့၏   စစ်ဆေးမေးမြန်းချက်များအရ   ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသည်ကိုလည်း  စစ်ဆေးတွေ့ရှိရကြောင်း၊ မိမိတို့ လက်ခံနေသည်ဆိုသည့်  ကိစ္စသည်  အလိမ်အညာဖြစ်သည်ဟုပြောနေ ကြသည့် မီဒီယာများကို မည်သည့်အချက်အလက်များကို သက်သေ အထောက်အထားပြု၍   အလိမ်အညာများဟု  ပြောနေသည်လဲဟု မေးလိုကြောင်း၊ ၎င်းတို့ ထိုသို့ပြောနေကြခြင်းမှာ PDF အကြမ်းဖက် အဖွဲ့များထဲမှ ပြန်လည်ဝင်‌ရောက်လာသည့် လူငယ်များကို အမှောင် တိုက်ထဲ ပို‌ရောက်အောင် တွန်းပို့နေသည်ဟုသာ မိမိပြောလိုပါကြောင်း၊ ထိုသို့  ပြန်လည်ဝင်ရောက်ရန်အတွက် အချို့ဆက်သွယ်လိုသော်လည်း အနှောင့်အယှက်များ၊ အခက်အခဲများ၊ ယုံကြည်စိတ်ချရမှုနှင့်ပတ်သက် ၍   သံသယရှိနေမှုများ  ရှိနေသည်ကို  မိမိတို့  ကြားသိရပါကြောင်း၊ တချို့သော တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့် မီဒီယာများနှင့် တချို့သော တိုင်းရင်းသားပြည်သူများက အထက်ပါအခက်အခဲတချို့ ကြောင့် ကျယ်ကျယ်ပြန့်ပြန့်လက်ခံပေးရန် မိမိတို့ကို ပြောကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်ထံကိုလည်း ထိုသတင်းများ ရောက်ပါကြောင်း။

 


 ထို့ကြောင့်  အစိုးရအနေနှင့် ယခင်က ကြိုဆိုလက်ခံရေးစခန်းများ၊ လုံခြုံရေး အဖွဲ့အစည်းများ၌   လက်ခံရုံတင်မက  ယခုဒေသမြို့နယ် ဆိုင်ရာ ကြက်ခြေနီအသင်းများ၊ မိခင်နှင့်  ကလေးစောင့်ရှောက်ရေး အသင်းများ၊ လူမှုဝန်ထမ်းရုံးများ၊  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်   ဆက်သွယ်ဆောင်ရွက် နေသည့် လူမှုကူညီရေးအသင်းများမှတစ်ဆင့်  ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆောင်ရွက်နေကြောင်း၊   တံခါးကျယ်ကျယ်  ဖွင့်ထားသဖြင့်  ရဲရဲသာ လျှောက်လှမ်းခဲ့ကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊  အသင်း အဖွဲ့များအနေဖြင့်လည်း မိမိတို့၏ ရင်သွေးငယ်များကို စေတနာထား လက်ခံစောင့်ရှောက်လမ်းမှန်ပြပေးကြရန်   မေတ္တာရပ်ခံလိုကြောင်း၊  ယခုလည်း လူငယ်အချို့သည်  အသိတရားရသဖြင့် အမှောင်မှ အလင်း ကို ကူးပြီး မိဘရင်ခွင်၊ အေးချမ်းခြင်းရင်ခွင်ကို ပြန်လည်ခိုလှုံနေကြပြီ ဖြစ်ကြောင်း၊   အရှုံးမပေးသရွေ့   ငါတို့နိုင်တယ်ဆိုသည့်မူကိုသာ လက်ကိုင်ထားပြီး တောထဲ၌ မိမိတို့၏ အနာဂတ်ကို အဆုံးရှုံးခံမလား၊ အသိတရား ကယ်၍ ငါတို့အရင်လို အေးချမ်းမယ်ဆိုသည့်မူကိုလက်ကိုင် ထားပြီး ကမ်းသည့်လက်ကိုလှမ်းချင်ကြသလားဆိုသည်ကို မှန်ကန် သည့် ရွေးချယ်ဆုံးဖြတ်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


သေသေချာချာ စဉ်းစားရန် မေတ္တာရပ်ခံလို


မိမိတို့    မြန်မာပြည်သူလူထုများသည်  အလှူအတန်းရက်ရော ကြကြောင်း၊ စေတနာ၊ သဒ္ဓါတရား အလွန်ထွန်းကားကြောင်း၊ လိမ်ညာ ပြီး အလှူခံလျှင်လည်း လှူလိုက်ကြသည်ကို တွေ့ရကြောင်း၊ လှူဒါန်းမှု တစ်ခု  ဒါနမြောက်/  မမြောက်ကိုမူ  ဆန်းစစ်ကြရမည်ဖြစ်ကြောင်း၊ အနီးစပ်ဆုံးဖြစ်စဉ်များကို သိနိုင်ရန်ပြောမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁၁ ရက်က ရက်စက်စွာ  သတ်ဖြတ်ခံလိုက်ရသည့်  မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ဆရာတော်ဥူးကုသလ၏လည်ပင်းကို ဖောက်ဝင်ခဲ့ သည့်ကျည်ဆန်၊ မန္တလေး ချမ်းမြသာစည်မြို့နယ်က ဘဏ်ကို ငွေလာ ထုတ်သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်နှင့်ပစ်ခဲ့ သည့်အတွက် ၎င်း၏ ဝဲချိုင်းအောက်ဖောက်ဝင်ခဲ့ပြီး သေဆုံးစေခဲ့သည့် ကျည်ဆန်၊ ဇူလိုင် ၁၃ ရက်က မြေနီကုန်း ခုံးကျော်တံတားအောက်တွင် အပြစ်မဲ့အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား၊ အမျိုးသမီး ပေါင်း ၁၀ ဦး   ထိခိုက်ဒဏ်ရာရခဲ့ရသည်အထိ  ရမ်းသမ်းပစ်ပေါက်ခဲ့သည့် လက်ပစ်ဗုံး သုံးလုံး၊ ကန့်ဘလူမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် ခရီးသည် တင် မော်တော်ယာဉ်များတွင် လိုက်ပါစီးနင်းခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရသည့်အထိ ပေါက်ကွဲခဲ့သည့် လက်လုပ်မိုင်း များသည် ခင်ဗျားတို့၏ ငွေကြေးအလှူများကြောင့် ဝယ်ယူရရှိခဲ့သည် ဆိုလျှင် ခင်ဗျားတို့အလှူအတွက်  ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင် ကြမည်လားဟု မေးလိုကြောင်း၊  ထိုငသုံးများ၊ ငဘုံးများကို  လှူတိုင်း တောင်းသည့်ဆု အရေးတော်ပုံကြီးသည် အပြစ်မဲ့သူများကို သေကျေ ပျက်စီးစေပြီး အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသလား၊  လှူလိုက်သည့် အလှူအတွက် စိတ်အေးချမ်းသာအိပ်စက်နိုင်ကြပါမည်လား၊ နဖူးပေါ် ကိုပဲ လက်တင်တင်၊ လက်ပေါ်ပဲ  နဖူးတင်တင် သေသေချာချာ စဉ်းစား ကြရန် မေတ္တာရပ်ခံလိုကြောင်း ရှင်းလင်းပြောကြားသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
 ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ


ဆက်လက်၍   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခု သတင်းစာရှင်းလင်းပွဲတွင်  ရှင်းလင်းတင်ပြမည့် အကြောင်းအရာများအနေဖြင့်   (က)  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်   နိုင်ငံရေးပါတီများကို  စစ်ဆေးဆောင်ရွက်လျက်ရှိ သည့် အခြေအနေ၊ (ခ)မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်     တိုက်ဆိုင်စစ်ဆေးခြင်းများ    အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က    ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊  ဆက်လက်၍  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  ယခုသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့်  အကြောင်းအရာများအနေဖြင့် (က)ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်    နိုင်ငံရေးပါတီများကို   စစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ (ခ) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း များ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ အရ စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ် ကို  ကျင့်သုံးအကောင်အထည်ဖော်ရာတွင်  ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်လာစေရန်နှင့်    ယခင်က  မစစ်ဆေးနိုင်ခဲ့သည့် နိုင်ငံရေးပါတီများကို   စစ်ဆေးရန်လိုအပ်သည့်အတွက်   ဖွဲ့စည်းပုံ အခြေခံဥပဒေ၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ဥပဒေနှင့် နိုင်ငံရေးပါတီများ   မှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ တွင်လည်း “ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်  လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။  

 


ကော်မရှင်အဖွဲ့ခွဲ   အဆင့်ဆင့်အားလည်း    စစ်ဆေးစေနိုင်သည်။ ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည်  အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီရယူနိုင်သည်”ဟု ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း။

 

     
လိုအပ်သည့် စာရင်းဇယားများ စစ်ဆေး


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ ကို   ဥပဒေနှင့်အညီ    စစ်ဆေးရာတွင်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ  ဦးဆောင်ပြီး  သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့ အစည်းများက ကိုယ်စားလှယ်များပါဝင်သည့်  ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့်   သက်ဆိုင်ရာနိုင်ငံရေးပါတီဌာနချုပ်  အခြေစိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်းနှင့်  ပါတီရုံးခန်းများ   ဖွင့်လှစ်ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်း အလှူရှင်များ က လှူဒါန်းသော  ငွေကြေး၊  ပစ္စည်းစာရင်းနှင့်    ပါတီပိုင်စီးပွားရေး လုပ်ငန်းများအား စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထား သော အသုံးစရိတ်များ  သုံးစွဲခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ပါတီပိုင် ရန်ပုံငွေ၊   ပါတီပိုင်ပစ္စည်းများနှင့်   ပတ်သက်သည့်   စာရင်းဇယား၊ မှတ်တမ်းများအား   စနစ်တကျ   ပြုစုထိန်းသိမ်းထားခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊   ပါတီကိုယ်စားပြု၍   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများ၏     ရွေးကောက်ပွဲအသုံးစရိတ်များကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ပါတီ၏ နှစ်စဉ် ငွေစာရင်း ရှင်းတမ်းများကို ဘဏ္ဍာရေးနှစ် အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့်   စပ်လျဉ်းပြီး   နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်း စာရင်းများကို ပါတီတွင်း စာရင်းစစ်ကော်မတီ ထားရှိစစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနှင့်အညီ        အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခြင်း  ရှိ/  မရှိ  စစ်ဆေးခြင်း  အပါအဝင် လိုအပ်သည့် စာရင်းဇယားများကို စစ်ဆေးခဲ့ခြင်း ဖြစ်ပါကြောင်း။    

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းကို  ဆက်လက်ဆောင်ရွက်လျက်ရှိရာ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (က) နှင့်အညီ ၃၀-၆-၂၀၂၂ ရက် မတိုင်မီ လာရောက်အစစ်ဆေးခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က စာဖြင့် အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်သည့် ရှမ်းတိုင်းရင်းသား များ   ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်   သတ်မှတ်ကာလဖြစ်သည့် ဇွန် ၃၀ ရက်တွင် လာရောက်အစစ်ဆေးခံသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ    ဦးဆောင်ပြီး   ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့်          ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် တောင်ကြီးမြို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ စစ်ဆေးပြီးစီးမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၃၅ ပါတီရှိသည့်အတွက် စုစုပေါင်းနိုင်ငံရေးပါတီ ၈၆ ပါတီကို စစ်ဆေး ခဲ့ပြီးဖြစ်ပါကြောင်း။

 


 စစ်ဆေးပြီးသည့်  နိုင်ငံရေးပါတီ  ၈၆  ပါတီအနက် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီက မိမိသဘောဆန္ဒအလျောက် ပါတီဖျက်သိမ်းခွင့်ပြုပါရန်   တင်ပြလာခဲ့သည့်အတွက်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါကြောင်း၊  ထို့ကြောင့်  လက်ရှိတည်ဆဲနိုင်ငံရေးပါတီ  ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီ ခုနစ်ပါတီကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊  ထိုနေရာတွင် အလေးထားပြီးတင်ပြ လိုသည်မှာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင်    တွေ့ရှိရသည့်    ချို့ယွင်းအားနည်းချက်များကို အသေးစိတ်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်တစ်ကြိမ် စစ်ဆေးရာတွင် အလားတူ အားနည်းပျက်ကွက်မှုများ တွေ့ရှိရပါက နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်း   ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်ကို အသိပေးတင်ပြလိုပါကြောင်း။

 


အဖွဲ့ဝင်များအနေဖြင့် အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိ


ဆက်လက်ပြီး  မဲဆန္ဒရှင်စာရင်းများ  ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်    လူဦးရေစာရင်း    တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    အခြေခံမဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေးအတွက်       မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း  ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက်ခြင်းကို ၁၄-၂-၂၀၂၂ ရက်မှစ၍   ပြည်ထောင်စုနယ်မြေ အတွင်းရှိ   မြို့နယ်များတွင်   စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊   ထိုသို့ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် တွေ့ရှိချက်များအပေါ် သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါတွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး / ပြည်နယ် အားလုံးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ၊ သက်ဆိုင်ရာဌာနများ က ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် တာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် အနီးကပ် လိုက်လံစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။

 


အထက်ပါ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာန၏  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန လက်အောက်ရှိ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  ရပ်/ကျေး စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ် လဝကမှ တာဝန်ရှိသူများ ပါဝင်သည့်  အဖွဲ့များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်ရွက်ပြီး ၂၉၈ မြို့နယ် ၊ ဆောင်ရွက်ဆဲ ၁၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၁၃ မြို့နယ် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန် ကျန်သည့်မြို့နယ်များအနေဖြင့် ကယားပြည်နယ် နှစ်မြို့နယ်၊ ချင်းပြည်နယ် ခုနစ်မြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး လေးမြို့နယ်တို့ဖြစ်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 


ပြည့်စုံမှန်ကန်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ


ထို့အတူ       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အလိုက် တိုက်ဆိုင်စစ်ဆေးပြီး ဖြစ်သော အခြေခံလူဦးရေစာရင်းများကို ရယူပြီး ကနဦးမဲဆန္ဒရှင်များ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer – IVLS Software ) ကို အသုံးပြုစိစစ်လျက်ရှိပါကြောင်း၊ IVLS Software အသုံးပြုနည်း လမ်းညွှန်    သင်တန်းများကိုလည်း   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရာတွင် တွေ့ရှိ ရသည့် သေဆုံးသူများအပါအဝင် မြေပြင်အခြေအနေ စာရင်းဇယား များကို သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့ပြီး အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။    

 


ဆက်လက်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက်က  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့မှုကို တင်ပြလိုပါကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တက်ရောက်အမှာစကား   ပြောကြားခဲ့ပါ ကြောင်း၊ အစည်းအဝေးသို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဦးခင်ရီ၊  ဒေါက်တာ မျိုးသိန်းကျော်နှင့်  တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပါကြောင်း။  

 


လုပ်ငန်းစဉ်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရမည်ဖြစ်


အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆင့် အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော   ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများနှင့်   ဌာနဆိုင်ရာများအတွက်  အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ  စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ပြီး     ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မှာကြားခဲ့ပါကြောင်း၊   အစည်းအဝေးသို့  တက်ရောက်လာကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မဲစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ လူဦးရေစာရင်းကောက်ယူ ခြင်းဆိုင်ရာ   ကိစ္စရပ်များ၊   မဲစာရင်းမှန်ကန်စွာရရှိရေး   ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း။  

 

 
အလေးထားဆောင်ရွက်လျက်ရှိ


ဆက်လက်ပြီး       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများကို တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ယခင်ရွေးကောက်ပွဲ များ၏ အားနည်းချက်များ၊  ချို့ယွင်းချက်များကို  လေ့လာသုံးသပ်ပြီး ပြောင်းလဲကျင့်သုံးမည့်   ရွေးကောက်ပွဲစနစ်နှင့်အညီ  လိုအပ်သည့် ဥပဒေ၊  နည်းဥပဒေများ   ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပြုစုဆောင်ရွက်ခြင်း နှင့် ရွေးကောက်ပွဲစနစ် အပါအဝင် သိသင့်သိထိုက်သည်များကို ပြည်သူ လူထုနှင့် မဲဆန္ဒရှင်များအား အသိပညာပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းများ      ဆောင်ရွက်လျက်ရှိပါကြောင်း၊       အလားတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ       ဆောင်ရွက်ရာတွင်   လိုအပ်သည့် လူသားအရင်းအမြစ်များဖြည့်တင်းခြင်း ၊ လေ့ကျင့်သင်တန်းပေးခြင်း၊ အခြေခံ  အဆောက်အအုံများဖြစ်သည့်    ကော်မရှင်အဖွဲ့ခွဲရုံးများ တည်ဆောက်ပေးနိုင်ရေးဆောင်ရွက်ခြင်းနှင့်   စစ်ဆေးကြပ်မတ်ခြင်း များကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

 


နိဂုံးချုပ်အနေဖြင့်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင် ရာတွင်  ဆောင်ရွက်မည့်  ရှေ့လုပ်ငန်းစဉ်  (၅)  ရပ်အနက် လုပ်ငန်းစဉ် (၁) ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့် အညီ   လွတ်လပ်ပြီးတရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။                                

 (ဆက်လက်ဖော်ပြပါမည်)