ဈေးကွက်ဖြန့်ဖြူးပြီးထုတ်ကုန်များ ASEAN-ROK Startup သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်

 

ရန်ကုန်  ဇူလိုင်   ၂၈


ASEAN-Korean Center (AKC)က ကြီးမှူး၍ ASEAN-ROK Startup Week 2022  ကို လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရန် စီစဉ်လျက်ရှိပြီး  Startup လုပ်ငန်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အာဆီယံအတွင်းရေးမှုးချုပ်ရုံးက   ဖိတ်ကြား ထားကြောင်း သိရသည်။

 


အဆိုပါ ASEAN-ROK Startup Week 2022 တွင် Acceleration Programme: ပြိုင်ပွဲဝင်များနှင့် Korean/Global Startup    ကျွမ်းကျင် သူများအား  AKC  မှ  ချိတ်ဆက်ပေးခြင်း၊ ASEAN Startup များနှင့် Korean/Global မှ Venture Capital များနှင့်  တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးခြင်း၊ Startup များက ၎င်းတို့၏  Business  Model များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို  အကဲဖြတ်ဒိုင်များရှေ့မှောက်တွင် ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ရမည်ဖြစ်ကာ ပထမဆု အမေရိကန် ဒေါ်လာ ၃၀၀၀၀ နှင့် Next Rise 2023 တွင် ပါဝင်နိုင်ခွင့်၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 

 


ပါဝင်ယှဉ်ပြိုင်မည့်  Startup  များအနေဖြင့် သုံးစွဲသူများ၏ တုံ့ပြန် မှုရရှိရန်အတွက် စျေးကွက်အတွင်း စမ်းသပ်ဖြန့်ဖြူးထားပြီးဖြစ်သော (Minimal Viable Product ထုတ်လုပ်ပြီးသော)  Startup များဖြစ်ရန် လိုအပ်ပြီး အဆိုပါထုတ်ကုန်သည်     ထုတ်ကုန်ပစ္စည်းအသစ်သော် လည်းကောင်း၊ ရှိရင်းစွဲထုတ်ကုန်ကို နည်းပညာအသစ်ဖြင့် ထုတ်လုပ် ထားခြင်းသော်လည်းကောင်း ဖြစ်ရမည်။ ထို့အတူ Startup ကိုယ်စား လှယ်များသည် ပိုင်ရှင် (သို့မဟုတ်)စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်တာဝန် ရှိသူများ (C Level)ရှိရမည်ဖြစ်ကြောင်း ကုန်သည်/စက်မှုအသင်းချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။            

                                               
ကိုရိုး