
မြင့်စိုး(နတလ)
ကျွန်တော်လွမ်းမိသော တောသဘာဝမြင်ကွင်းများ
ငယ်စဉ်ကလေးဘဝ နှစ်ပေါင်းများစွာ နွားချေး ပုံတွေကြားမှာ ကြီးပြင်းလာသော ကျွန်တော်၊ ရွာက နွားတင်းကုပ်မှန်သမျှ သူငယ်ချင်းများနှင့်အတူ တက်၍ ဆော့ကစားခဲ့ဖူးသော ကျွန်တော်၊ နွားစာခွက်၊ နွားစာကျင်းမှာ ကောက်ရိုးထုံးကို ဖြည်၊ ရေဖျန်း၊ ဖွဲနုပက်၍လည်း ကျွေးခဲ့ဖူးသော ကျွန်တော်၊ ဂေါ်ပြားနှစ်ချပ်နှင့် နွားချေးပုံကို ထိုးကော်၊ တင်းကုတ်ဘေးသို့ ပစ်ချ၊ တံမြက်စည်းကြမ်းနှင့် တရှဲရှဲလှဲခဲ့ဖူးသော ကျွန်တော်၊ မိုးဦးကျကာနီးတိုင်း နွားချေးလှည်းကိုယ်စီနှင့် လယ်ထဲသို့ သွားချကြ သည့်မြင်ကွင်းကို ရိုးအီနေအောင် မြင်ခဲ့ဖူးသော ကျွန်တော်. . . ။
နွားချေးနံ့သင်းသင်းနှင့် ဝေးကွာခဲ့တာ အတော် ကြာပေပြီ၊ မွေးရပ်မြေမှာ နွားတွေလည်း မရှိတော့၊ ကြာလျှင် ဤကားနွားဖြစ်သည်ဟု အရုပ်ရေးပြရ တော့မည်လား မပြောတတ်တော့ပါ။ နွားတင်းကုပ် များလည်း အတော့်ကို နည်းသွားပေပြီ။ နွားတွေမရှိ တော့သလို အားကောင်းမောင်းသန် ဒေါင်းတိ မောင်းတိ လူငယ်လူရွယ် တော်တော်များများက လည်း ထိုင်း၊ မလေးတို့မှာ အလုပ်သွားလုပ်နေကြ ကြောင်း သိရသည်။ နွားမရှိ၊ လယ်ထွန်သားမရှိ၊ ပျိုးနုတ်သားမရှိ၊ ကောက်စိုက်သမ မရှိတော့သော လယ်ယာမြေမှာ စက်တွေ ဝင်ရောက်လာသည်။ ကြဲစနစ်ဖြင့် စိုက်ကြသည်။ နွားချေးအစား ဓာတ် မြေဩဇာတွေ ထည့်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး တွေ လှိုင်လှိုင်ကြီးသုံးလာကြသည်။ ဆိုတော့ ကာ ကျွန်တော်တို့ရွာက အမျိုးများ၏ လယ်ယာ ကဏ္ဍ အဆင့်မြင့်လာပြီဟု ပြောရပေတော့မည်။ သို့သော် စပါးထွက်နှုန်းက သိသိသာသာ တက်မလာ၊ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးမဟုတ်လို့၊ ပိုးကျလို့၊ ပေါင်းမြက်မနိုင်လို့၊ ပေါင်းသတ်ဆေး မှားသုံးမိလို့ စသည်…စသည်ဖြင့် လို့ပေါင်းများစွာ ကြားခဲ့ရသည်။ အားလုံးတော့ မဟုတ်ပါ။ နည်းစနစ်မှန်စွာ လိုက်နာ လုပ်ကိုင်သူများကတော့ စပါးထွက်သင့်ပါသည်။ အများစုကတော့ ပုံမှန်မျှသာ။ အချို့မှာ ပုံမှန် အောက်သို့ ဆင်း၍ ရိတ်ခြွေစက်ဖိုးလောက်ပဲ ပြန်ရ ကြတာလည်း ရှိသည်။
ငယ်ငယ်တုန်းကလို ပေါင်းမြက်ကင်းစင်သည့် လယ်ကွင်းစိမ်းစိမ်းတွေကို ကျွန်တော်မြင်ချင်ပါ သည်။ သဘာဝနွားချေး၊ သစ်ရွက်ဆွေးများ ထည့်ရုံ မျှနှင့် တစ်ဧက တင်း ၇၀၊ ၈၀ ထက်မနည်း ထွက်ကြ တာကိုလည်း မြင်ခဲ့ဖူးသည်။
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဆိုတာတွေကို မသုံးတတ်ကြသလို ထိုအချိန်က ပေါ်ပင်ပေါ်သေးရဲ့လား မသိပါ။ ငယ်ငယ်တုန်းက မြင်ကွင်းတွေကို သတိတရပြောနေ မိသည်ကလည်း ကျွန်တော်တို့ အလယ်တန်း ကျောင်းသားဘဝမှာ ကျောင်းပိုင်လယ်တွေကို တမန်းနှိုး ပေါင်းနုတ်လုပ်ခဲ့ရဖူးသည်။ အထက်တန်း ကျောင်းသားဘဝ လေးမျက်နှာအထကမှာ ပညာ သင်ယူနိုင်ဖို့အတွက် လေးမျက်နှာ ပရဟိတကျောင်း ၏ အရိပ်အာဝါသကို နှစ်နှစ် ခိုလှုံခဲ့ရသည်။ ပရဟိတ ပိုင် လယ် ၁၅ ဧကခန့်ရှိသဖြင့် လယ်ထွန်သည့် အလုပ်ကလွဲ၍ ပျိုးနုတ်၊ ကောက်စိုက်၊ စပါးရိတ်၊ ကောက်လှိုင်းစည်း၊ တလင်းနယ်၊ စပါးလှေ့ အားလုံး လုပ်ခဲ့ဖူးသည်။ ထွက်သည့်စပါးများ ဆန်စက်သို့ သယ်ယူ ကြိတ်ခွဲ၊ ဆန်အိတ်များကို ပြန်ထမ်းလာ၊ ဆန်ဂိုဒေါင်အခန်းထဲ ထည့်ပြီးသည်အထိဟု ဆိုကြ ပါစို့ရဲ့။ စပါးသိမ်းပြီးချိန် ဗိုလ်ကိတ်ပဲ၊ မတ်ပဲတွေ ဆက်လက် စိုက်ပျိုးခဲ့ကြတာကိုလည်း အမှတ်ရမိ သည်။
သဘာဝမြေဩဇာသုံးကြစို့
ယနေ့ သည်ဘက်ခေတ်မှာ မြေပြုပြင်ထွန်ယက် သည်ကအစ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို နည်းစနစ်မှန်စွာ အသုံးပြုခြင်းကြောင့် စပါးထွက် နှုန်း၊ သီးနှံထွက်နှုန်းများ တိုးလာပါလိမ့်မည်။ ထိုနည်းတူစွာ ဓာတုမြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်းသတ်ဆေးများကြောင့် လယ်မြေများ တွင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများက တဖြည်းဖြည်း ပျက်စီး ဆုတ်ယုတ်သွားနိုင်သည် ဆိုခြင်းကိုလည်း ငြင်း၍ မရပေ။ ပျက်စီးဆုံးရှုံးသွားသော မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာစေရန် အော်ဂဲနစ်ပစ္စည်း များ ပါဝင်သည့် သဘာဝမြေဩဇာများ အသုံးပြု၍ ပြုပြင်ရမည်ဖြစ်သည်။ အကျိုးပြုအဏုဇီဝ Effective Microorganisms (EM) ကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ ပါမောက္ခဒေါက်တာဟီဂါရီက စမ်းသပ် တွေ့ရှိခဲ့သည်။ သေကျေပျက်စီးသွားသော အကျိုးပြု ပိုးမွှားများကို ပြန်လည်မွေးမြူပြီး မြေဆီလွှာအတွင်း ထည့်ပေးရန် EM ကို ထုတ်လုပ်ခဲ့သည်။ မြန်မာ နိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက EM နည်းပညာ သုံးစွဲလာခဲ့ကြောင်း သိရသည်။ EM ၏ သဘောသဘာဝမှာ မှိုနှင့် ဗက်တီးရီးယား မွေးမြူ ခြင်းပင် ဖြစ်ပါသည်။ EM အား မြေဆီလွှာနှင့် အပင် ပေါ် ပက်ဖျန်းခြင်း ပြုလုပ်နိုင်သကဲ့သို့ သဘာဝ မြေဩဇာပြုလုပ်ရာတွင်လည်း အချိုးကျရောစပ် အသုံးပြုလျက် ရှိပါသည်။ ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်က ညောင်ရွှေမြို့တွင် ထုတ်လုပ် ရောင်းချနေပြီဖြစ်သော သဘာဝမြေဩဇာ “ဗေဒါ” အကြောင်းကို ကျွန်တော်ရေးသားတင်ပြပြီး ဖြစ်ပါ သည်။ ထိုမှတစ်ဆင့် ဆက်လက်အားပေးကြည့်ရှုခဲ့ သည်ကတော့ ရပ်စောက်မြို့ရှိ “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း ဖြစ်ပါသည်။
ရပ်စောက်မြို့နယ် သမဝါယမအသင်းစု
ရပ်စောက်မြို့နယ် သမဝါယမအသင်းစုကို သမဝါယမအသင်းပေါင်း ၁၃၅ သင်းဖြင့် ဖွဲ့စည်းထား သည်။ အဆိုပါ အသင်းစုအနေဖြင့် “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အတွက် အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ သည်။ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ သည်။ ဦးမျိုးမြင့်သည် ယခင်ကတည်းက သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းကို စိတ်ဝင်တစား အကောင်အထည်ဖော်နေသူဖြစ်ကြောင်း၊ ၂၀၀၃-၂၀၀၄ ခုနှစ်လောက်မှာ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ ကြောင်း၊ သို့သော် ထိုစဉ်ကာလတုန်းက ဓာတ် မြေဩဇာဈေးနှုန်း မြင့်မားမှုမရှိခြင်း၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့် သဘာဝမြေဩဇာ သည် ဈေးကွက်မှာ ဝင်တိုး၍မရခဲ့ကြောင်း သိရှိခဲ့ရ သည်။ အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ရသည့် ရည်ရွယ်ချက်များကိုလည်း အောက်ပါအတိုင်း ဖော်ပြထားပါသည် -
(က) သမဝါယမအသင်းများ၏ ထုတ်လုပ်မှု ကဏ္ဍ ပိုမိုတိုးတက်လာစေရန်၊
( ခ ) ဓာတ်မြေဩဇာများ အသုံးပြုခြင်းကြောင့် မြေဆီလွှာခန်းခြောက်ခြင်းကို ကာကွယ် တာဆီးပြီး သဘာဝမြေဩဇာများ၏ ထိရောက်သောအာနိသင်ဖြင့် သွင်းကုန် အစားထိုး သုံးစွဲရန်၊
( ဂ ) စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝ မြေဩဇာများ အသုံးပြုခြင်းဖြင့် ရေရှည် တွင် တည်ငြိမ်သော အကျိုးဖြစ်ထွန်းမှု ရရှိနိုင်ခြင်းအပြင် အဏုဇီဝရုပ်များ၏ စွမ်းရည် (EM) ဖြင့် ပြုလုပ်သော သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲခြင်း နည်းပညာ များ တိုးတက်များပြား ပြန့်ပွားလာစေရန်၊
(ဃ) ရရှိသောအကျိုးအမြတ်ဖြင့် သမဝါယမ အသင်းသားများ၏ လူနေမှုဘဝကို အထောက်အကူဖြစ်စေရန်။
ပါဝင်သောပစ္စည်းများ
“စွမ်းထက်”အားဖြည့်သဘာဝမြေဩဇာတွင် အောက်ဖော်ပြပါပစ္စည်းများ ပါဝင်ပါသည် -
(က) နှစ်ကာလ ကြာမြင့်ပြီဖြစ်သည့် အင်းခေါင်းရေကန်မှ ဆယ်ယူထားသည့် မြေဆွေးများ၊
( ခ) တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကြက်ချေး၊ နွားချေး၊ လင်းနို့ချေးများ၊
( ဂ ) အပင်စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညှင်းစေ့ ကြိတ် ဖတ်၊ မြေပဲခွံနှင့် ဖွဲပြာ၊
(ဃ) ထပ်မံဖြည့်စွက်သည့် ကျောက်မှုန့်၊ အရိုး မှုန့်၊ လင်းနို့ချေးနှင့် မြေသားရောစပ်နေ သော ယမ်းမြေ၊
( င ) အကျိုးပြုအဏုဇီဝဖျော်ရည် EM နှင့် တင်လဲရည်များ (အချိုးကျ)။
အားဖြည့်သဘာဝမြေဩဇာများကို ရန်ကုန်နှင့် တောင်ကြီးမြို့များရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြေ အသုံးချရေးဌာနခွဲသို့ ပေးပို့၍ ဓာတ်ခွဲနမူနာအဖြေ များ ရယူဆောင်ရွက်ခဲ့ပါသည်။ ကြက်ချေး ပါဝင် နေသောကြောင့် ၂၅ ကီလိုတစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သော်ငြားလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ စွမ်းထက် ကဲ့သို့ ကိုယ်စီကိုယ်စီ တစ်ပိုင်တစ်နိုင်ရောင်းချကြ မည် ဆိုလျှင်၊ ထိုမှတစ်ဆင့် ကျေးရွာအသီးသီးမှာ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲသည့် နည်းပညာ များ ဆင့်ပွားဖြန့်ဖြူးပေးပြီး ထုတ်လုပ်သုံးစွဲကြမည် ဆိုပါလျှင် မိမိတို့၏ လယ်ယာမြေများတွင် မြေဆီလွှာပြုပြင်ပြီးဖြစ်သကဲ့သို့ ပြည်ပမှ မှာယူရသော စိုက်ပျိုးရေးသွင်းအားစုများလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများ၏ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချရေးလုပ်ငန်း များကို အားပေးကူညီလျက်ရှိရာ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုက ထုတ်လုပ်လျက်ရှိသော စွမ်းထက် အားဖြည့် သဘာဝမြေဩဇာအတွက် ကုန်ကြမ်းဝယ်ယူရန်နှင့် လုပ်အားခအသုံးပြုရန် လိုအပ်ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့ပါသည်။
အောင်မြင်ပါစေ စွမ်းထက်
ရည်ရွယ်ချက်ကောင်းသည်၊ စေတနာကောင်း သည်၊ သမဝါယမစိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက် သည်ကိုလည်း တွေ့ခဲ့ရသည်။ သမဝါယမလုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် စိတ်ရင်းစေတနာ ဖြောင့်မတ်မှန်ကန်ရန်နှင့် အများအကျိုးသယ်ပိုးလို သည့် ပရဟိတစိတ်ထားလည်း လိုအပ်ပါသည်။ စွမ်းထက်ဆိုသည့်အတိုင်း အစွမ်းထက်သော အားဖြည့် သဘာဝမြေဩဇာများ ထုတ်လုပ်၍ ဒေသ အကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ။ အောင်မြင်ပါစေ “စွမ်းထက်”…။
- Log in to post comments