
မင်းလှ ဇူလိုင် ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆောင့်ညောင်ကျေးရွာရှိ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် လက်တူးတွင်း တူးဖော်ခြင်း၊ ရေစက်ရုံ၊ အုတ်ရေ ကန် တည်ဆောက်ခြင်းနှင့် ရေပိုက် လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင့်ညောင် ကျေးရွာ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များကို ယမန်နေ့က တိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမောင်နှင့် တာဝန်ရှိသူများ က ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိများက ဆောင့်ညောင် ကျေးရွာ၌ လက်တူးတွင်း တူးဖော် ခြင်း၊ ရေစက်ရုံ၊ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ရေပိုက် လိုင်းသွယ်တန်းခြင်း လုပ်ငန်း တို့ကို ကျေးရွာရေရရှိရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ နှင့်အတူ ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူ ဆောင်ရွက်နေသည့် အင်ဂျင်နီယာများက ရှင်းလင်း တင်ပြမှုအပေါ် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆောင့်ညောင်ကျေးရွာ ရေ ရရှိရေးအတွက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေကျပ် ၂၃ ဒသမ ၂၆၅ သန်းဖြင့် အနက်ပေ ၃၀ ရှိ ခြောက်ပေ လက်တူးတွင်း တူးဖော်ခြင်း၊ ရေစက်ရုံတည် ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ပေ ၅၁၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဆိုပါက ဆောင့်ညောင်ကျေးရွာရှိ အိမ်ခြေ ၁၂၂ အိမ်၊ လူဦးရေ ၄၂၀ တို့အတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး မှူးထံမှ သိရသည်။
မယ်သင်း