
နေပြည်တော် ဇူလိုင် ၂၆
ဆင်သေဆည်ရေသောက်စနစ်၊ ဆင်သေလက်ဝဲ မြောင်းမကြီး လက်တံ (၂)မြောင်း ရေအသုံးချသူများ အသင်း၏ အသင်းသားစုံညီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဆင်သေဆည်ရေသောက်စနစ်၊ လက်ဝဲမြောင်း လက်တံ(၂)မှ ရေအသုံးချသူများအသင်း (WUA) အသင်းသူ အသင်းသားများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများ၏ အဖွဲ့အစည်းဖြင့် ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဝီရိယထား ကြိုးပမ်းအားထုတ် မှုများသည် အလွန်အရေးပါကြောင်း၊ ယခုကဲ့သို့ တောင်သူများ ပါဝင်သော ရေအသုံးချသူများအသင်း အဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းအားဖြင့် ရေပေးဝေရေး သာမက မျိုးနှင့်သွင်းအားစုများ ဝယ်ယူခြင်း၊ ထွက်ကုန်များရောင်းချခြင်း စသည့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း တောင်သူအချင်းချင်း ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာကာ တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်မှုနှင့် တစ်ဧကစီ၏ သီးနှံထွက်စွမ်းအား မြင့်မားလာမှုနှင့်အတူ ဝင်ငွေများတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ ဒေသဖွံ့ဖြိုး ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်၍ ယနေ့ ရေအသုံးချသူများအသင်းဖွဲ့စည်းနိုင်ခြင်း အပေါ် များစွာဂုဏ်ယူမိပါကြောင်း၊ ယခု အသင်း၏ အတွေ့အကြုံ နမူနာကောင်းများကို စံထားပြီး နိုင်ငံတစ်ဝန်း၌ ရေအသုံးချသူများအဖွဲ့(WUG) နှင့် ရေအသုံးချသူများအသင်း (WUA) များ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ် ဗိုလ်ကျော်က ကျေးဇူးတင်စကားပြောကြားပြီး ရေအသုံးချသူများအသင်း (WUA) ဦးဆောင်သူများ ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝေလင်းက လုပ်ငန်း ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ရေအသုံးချသူများအသင်း (WUA) ဦးဆောင်သူ ဘုတ်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြပြီး အစည်းအဝေး တက်ရောက်လာကြသည့် သူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြ သည်။
အစည်းအဝေး ဒုတိယပိုင်းတွင် ရေအသုံးချသူများ အဖွဲ့(WUG)တွင်ပါသည့် အဖွဲ့ခေါင်းဆောင်များကို ရွေးချယ်ပြီး ရေအသုံးချသူများအသင်း (WUA) အတွက် ဦးဆောင်သူများအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့ များ၊ အလုပ်အမှုဆောင်အဖွဲ့များကို အစည်းအဝေး တက်ရောက်လာသူ အသင်းဝင်များ၏ ဆန္ဒသဘော ထားများဖြင့် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဆင်သေဆည်ရေသောက်စနစ်၊ ဆင်သေလက်ဝဲ မြောင်းမကြီး လက်တံ (၂) မြောင်းရှိ ရေအသုံးချ သူများအဖွဲ့ (WUG) ၂၂ ဖွဲ့မှ အဖွဲ့ဝင် တောင်သူ ၄၃၇ ဦး တို့ပေါင်းစပ်ပြီး ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်