
နေပြည်တော် ဇူလိုင် ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံမှူးက လုပ်ငန်းများဆောင်ရွက်နေမှုကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အထက်ပေါင်းလောင်း မဂ္ဂါဝပ် ၁၄၀ ၊ နန်ချို မဂ္ဂါဝပ် ၄၀ နှင့် အောက် ပေါင်းလောင်းမဂ္ဂါဝပ် ၂၈၀ တို့ကို အဆင့်ဆင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အလယ် ပေါင်းလောင်းစီမံကိန်း ၁၆၆ မဂ္ဂါဝပ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည့် အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ ဒုဋ္ဌဝတီမြစ်ဝှမ်းတွင်လည်း အထက် ရဲရွာစီမံကိန်းမဂ္ဂါဝပ် ၂၈၀ ၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ် ၇၉၀ တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါစီမံကိန်း မဂ္ဂါဝပ် ၂၁၀ ၊ အလယ်ရဲရွာ စီမံကိန်း ၇၃၅ မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် ၆၀ တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲ ဖြစ်သော သံလွင်မြစ်ဝှမ်းစီမံကိန်းများ၊ ဧရာဝတီ မြစ်ဝှမ်းစီမံကိန်းများကိုလည်း ဆက်လက်အကာင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများ ဖြစ်သည့်အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင် ရွက်သွားကြရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်း အတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု၊ တာဘိုင် ခန်းအတွင်း စက်များမောင်းနှင်နေမှု၊ ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် RCC ကွန်ကရစ် တမံကြံ့ခိုင်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိပြီး စက်တပ်ဆင် အင်အားမှာ ၇၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင် အင်အား ၁၄၀ မဂ္ဂါ၀ပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ် နိုင်မှုမှာ ၄၅၄ ကီလို၀ပ်နာရီသန်းပေါင်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အား များကို ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့် နန်ချို ဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေး စက်ရုံများမှတစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသဖြင့် လက်ရှိ အခြေအနေတွင် ရေဝင်ရောက်မှုနည်းသော်လည်း လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက် အား ပြည့်မီအောင် ရေလှောင်တမံအတွင်းသို့ စီးဝင် လာသည့်ရေကို သိုလှောင်စုဆောင်းပြီး စနစ်တကျ စီမံ၍ တစ်နှစ်ပတ်လုံး ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်