
ကောင်းအောင်
နာမည်ကြားရုံဖြင့် ရင်ခုန်စေသော မြို့နေရာဌာနများတွင် မန္တလေးသည် ထိပ်ဆုံးကပါသည်။ မန္တလေးဟု ကြားလိုက်ရသည်နှင့် ယဉ်ကျေးမှုအဆင်တန်ဆာ များ၊ မေ့လို့မရသည့် ခမ်းနားသော ရာဇဝင်များကြောင့် ရင်ထဲတွင် အေးခနဲ၊ နွေးခနဲ ခံစားလိုက်မိသည်ချည်းပင်။ သာယာဝတီမင်း၏ သားအလတ် မင်းတုန်းမင်း က ၁၈၅၇ ခုနှစ်တွင် မန္တလေးမြို့သစ်ကို အုတ်မြစ်ချခဲ့သည်။ ထိုအချိန်သည် မြန်မာသက္ကရာဇ် ၁၂၂၁ ဖြစ်သောကြောင့် အုတ်ကျစ်ကျော်အေး မန္တလေး၊ အောင်ကျော် ချမ်းအေး မန္တလေး၊ အင်ကြင်းကြာအုံရတနာပုံဟူ၍ စကားကြွယ်သော၊ အနုပညာရည်ဝသော မန္တလေးသားများက နှစ်လိုဖွယ်ကောင်းပြီး ဘယ်တော့မှ မေ့မသွားရလေအောင် အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။
မြို့မန္တလေးသည် စီးပွားရေးမြို့တော် ရန်ကုန် မြို့မှ ၃၈၅ မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့ သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ် ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာဒေသလည်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့ အတွက် အချက်အချာကျသည်။
မန္တလေးမြို့သမိုင်း
မန္တလေးမြို့သည် ခေတ်သုံးခေတ်ပြောင်းခဲ့ သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယ ကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသော ကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ်ပြန်လည် ပျိုးထောင်နိုင်ခဲ့သည်။ မန္တလေးမြို့သည် မြန်မာ နိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည့် အလျောက် ယဉ်ကျေးမှုအမွေအနှစ်များ အများ အပြား ကျန်ရစ်ခဲ့သည်။ ကျုံးနှင့်မြို့ရိုးကာရံထား သော မန္တလေးနန်းတော်ကြီးသည် ကုန်းဘောင် မင်းဆက်၏ဘုရင်များ စိုးစံခဲ့သောနေရာဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော်ကြီး ကို ပြန်လည်တည်ဆောက်ခဲ့သည်။
ယခင်က ရတနာပုံဟု အမည်တွင်ခဲ့သော်လည်း နောင်အခါ မန္တလေးတောင်ကို အစွဲပြု၍ မန္တလေးဟု ပြောင်းလဲခေါ်ခဲ့ကြသည်။ မန္တလေးဟူသောအမည် ကို တချို့က ရှေးပုဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသောတောင်ဖြစ်သောကြောင့် မင်းကလေး တောင်ဟု ခေါ်ခဲ့ရာမှ နောင်အခါ မန္တလေးတောင် ဟု ဖြစ်သွားပြီး ထိုအနီးအနားပတ်ဝန်းကျင်အရပ် တွင် မြို့တည်သောအခါ မန္တလေးမြို့ဟု ဖြစ်ပေါ် လာသည်ဟု ပါးစပ်ရာဇဝင်လည်းရှိဖူးသည်။ တချို့ ကမူ မဏ္ဍလဟူသောပုဒ်မှ မဏ္ဍလေး (သို့) မန္တလေး ဖြစ်လာသည်ဟု ဆိုကြပြန်သည်။ အဓိပ္ပာယ်မှာ ပျံ့ပျူးသာယာသောနယ်မြေဟု သိရသည်။ တချို့က တော့ မန္ဓရေးမှ ပြောင်းလဲဟန်ရှိသည်ဟု ထင်မှတ် ကြသည်လည်းရှိသည်။ အဓိပ္ပာယ်မှာ ကျက်သရေ ဆောင်သော အရပ်ဟူ၍ဖြစ်သည်။
မကြားဝံ့မနာသာသတင်းများ
ပျံ့ပျူးသာယာ၍ ကျက်သရေကိုဆောင်သော ထိုမန္တလေးအရပ်သည် တို့ခေတ်ကိုရောက်မှ ညံ့ကြ ရလေသည်ဟုပင် စိတ်မကောင်းဖွယ် ပြောဆို စရာအခြေအနေသို့ ရောက်ခဲ့ပြီလား မဆိုတတ်။ ထစ်ခနဲဆို မန္တလေး၊ စီခနဲဆို မန္တလေး။ မန္တလေး နှင့်ပတ်သက်သော သတင်းများက မကြားဝံ့မနာသာ ဆိုတာလိုချည်း ဖြစ်နေချေသည်။ မန္တလေးမြို့မှာ ညအချိန် လမ်းသွားလမ်းလာ ပြည်သူတွေကို ဓားနဲ့ လိုက်ခုတ်နေသတဲ့။ ကားတွေကို အကြောင်းမဲ့ရိုက်ခွဲ သတဲ့။ ဆိုင်ကယ်စီးလာတဲ့ ညီအစ်ကိုလူငယ်လေး နှစ်ယောက်ကို လေးခွနဲ့ပစ်၊ ရဲဒင်းနဲ့ လိုက်ခုတ်သတဲ့၊ ဆိုင်ကယ်သမားတွေကလည်း လူတွေကြားမှာ တောင် အတင့်ရဲပြီး လုယက်သတဲ့၊ လမ်းပေါ်မှာ ဓားနဲ့လိုက်ခုတ်တဲ့ ကောင်မလေးနှစ်ဦးကို ဖမ်းမိ သတဲ့။ ဟိုမှာဘက် အုပ်ချုပ်သူများလက်ထက်တွင် သတင်းဌာနတစ်ခုက မန္တလေးမြို့မှာ ခြောက်ရက် အတွင်း ဓားခုတ်မှု ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူ ခဲ့ပြီးအဲဒီထဲမှာ မိန်းကလေး ၁၃ ဦးပါတယ်လို့ သတင်း ထုတ်ပြန်သတဲ့ အစရှိသော မန္တလေးသတင်းများ က ကျောချမ်းစရာ။
ထို့ကြောင့်ပင် ယခင်ကာလများက မန္တလေးမြို့ လယ်ကောင် လူသတ်ပွဲများအပါအဝင် မြို့တွင်း ဖြစ်ပွားနေသည့်မှုခင်းများ အဆုံးသတ်စေရန် ဒေသခံ အထင်ကရစာရေးဆရာများ ဦးဆောင်သည့် “မန္တလေး လူထုလုံခြုံမှုရေးရာ တွေ့ဆုံဆွေးနွေးပွဲ”ကို ပြုလုပ် ရန်စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရသဖြင့် ဖျက်သိမ်းခဲ့ဖူးသည့် သတင်းမျိုးကိုလည်း အထူး တလည် ဖတ်ခဲ့ရဖူးသည်။ အရင်က ရင်ခုန်စရာ မန္တလေးက အခုတော့ ရင်တုန်စရာဖြစ်ရချေပြီ။ မန္တလေးကို ခုံမင်မြတ်နိုးတန်ဖိုးထားပြီး ‘ကမ္ဘာ့ အကြီးဆုံးစာအုပ်’၊ ‘မန္တလေးသူ မန္တလေးသားများ’၊ ‘ရတနာပုံမန္တလေး၊ မန္တလေး၊ ကျွန်မတို့ မန္တလေး’၊ ‘ကျွန်မတို့မန္တလေးက မန္တလေးတောင်’၊ ‘မန္တလေး မတိုင်ခင်က မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့မန္တလေး’ အစရှိသည့် စာအုပ် များကို အမွန်တမြတ်ပြုစုရေးသားခဲ့သော သွားလေ သူ အမေလူထုဒေါ်အမာသာ ယခုနေရှိမည်ဆိုပါက မျက်မှောက်မန္တလေးအတွက် ရင်ကွဲနာကျကာ ဘယ်နှခါပြန်တောင် လဲ၍လဲကာ သေဆုံးမည်လဲ မသိတတ်နိုင်။
မကြားဝံ့မနာသာ မန္တလေးသတင်းတစ်ပုဒ်ကို မေလ ၂၁ ရက်က မကြားချင်ဘဲ ကြားရပြန်ချေပြီ။ “မန္တလေးတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသော သားအမိနှစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့ရ” ဆိုသော သတင်းဖြစ်သည်။ သတင်းတွင် ‘‘မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ယနေ့ (မေ ၂၁ ရက်) နံနက် က အမျိုးသမီးနှစ်ဦး ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ ပြစ်မှုကျူးလွန်သူများက ယင်းတို့ ပြုမူကြောင်း သဲလွန်စကို ချန်ထားခဲ့သည်ဟု နီးစပ် သည့် ဒေသခံများကပြောကြောင်း”သတင်းက ဖော်ပြ သည်။ ‘‘သေဆုံးသူများမှာ အသက် ၆၁ နှစ်နှင့် ၃၅ နှစ်အရွယ် အမျိုးသမီးများဖြစ်ပြီး နေအိမ်အတွင်း မှာ လက်ပြန်ကြိုးတုပ်လျက်အနေအထားဖြင့် ယမန် နေ့ညပိုင်းကတည်းက ဓားထိုးအသတ်ခံရခြင်းဖြစ် ကြောင်း၊ အမျိုးသမီးနှစ်ဦးလုံးသည် အနေအေး သည့် အရပ်သားများဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြောင်း’’ ရေးထားသည်။ အသတ်ခံရသူ များသည် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် အကွက်(၂၇၃)တွင် သားအမိနှစ်ဦးတည်း နေထိုင် ပြီး မိခင်ဖြစ်သူ ဒေါ်မြမြမှာ ဝမ်းဗိုက်နှင့် ဘယ်ဘက် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်ခင် စန်းအေးမှာ ရင်ညွန့်၊ လည်ပင်းအောက်ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန် ၉ ရက် နံနက် ၄ နာရီကျော်အချိန် ဦးပွားကုန်းကျော်အနီးရှိ လုံးချင်းအိမ်ရာအတွင်းရှိ အိမ်တစ်အိမ်အား မျက်နှာဖုံးစွပ်များဝတ်ထားသည့် လူတစ်စု (ခုနစ်ယောက်ခန့်) သည် ခွေးဘီလူးကား ဖြင့် ရောက်လာကာ အိမ်ရှေ့ဘက်ရှိ လုံခြုံရေး ဝန်ထမ်းအား ကြိုးတုပ်၍ ပါးစပ်ကိုတိပ်ဖြင့် ပတ်ကာ ခြံဝင်းတံခါးကိုကျော်ပြီး အိမ်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသော CCTV ဗီဒီယိုဖိုင် တစ်ခုကို ကြည့်လိုက်ရသည်မှာ ကျောချမ်းစရာ ဖြစ်သည်။
နောက်ထပ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “တော်တော်ဆိုးတဲ့ သူခိုးတွေပါလားဗျာ။ အများ ပြည်သူအန္တရာယ်ဖြစ်မှာစိုးလို့ (၆၂) လမ်းနဲ့ လမ်း (၂၀) ထောင့်က မြောင်းဖုံးလေးကို ငွေအား၊ လုပ်အားနဲ့ အစားထိုးတပ်ဆင်ခဲ့တာကို မကြာခဏ ခိုးသွားပြန်ပြီ။ ပြန်ရောင်းစားရင်ဘယ်လောက်ရမှာ လဲဗျာ။ လူဖြစ်စေ၊ အခန့်မသင့်လို့ ဆိုင်ကယ်၊ ကားဖြစ်စေသာ ကျခဲ့မယ်ဆိုရင် အသက်အန္တရာယ် ပါ ထိခိုက်နိုင်ပါတယ်ဗျာ”ဟု ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ယခုရက်ပိုင်း မန္တလေးမြို့တွင်းလမ်းများပေါ်ရှိ ရေမြောင်းဖုံးများကို လိုက်လံခိုးယူမှုများရှိနေပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် သတိပြု၍ မောင်းနှင် သွားလာသင့်ကြောင်း ရေးထားသည့် သတင်းတစ်ပုဒ် ကို လတ်လတ်ဆတ်ဆတ် ဖတ်လိုက်ရသေး သည်။
မင်းမဲ့စရိုက်ဆန်သော အခြေအနေများ
အကယ်စင်စစ် ယင်းအခြေအနေများသည် မင်းမဲ့စရိုက်ဆန်သော အခြေအနေများပင်ဖြစ်သည်။ ယင်းကဲ့သို့သော မင်းမဲ့စရိုက်ဝါဒမျိုးကို အမြန်ဆုံးနှိမ်နင်းထိန်းအုပ်ရမည်ဖြစ်သည်။ မင်းမဲ့စရိုက် (Anarchy) ဆိုသော ဝေါဟာရသည် ဂရိမှ ဆင်းသက် လာပြီး အုပ်ချုပ်သူမဲ့ခြင်းဟု အဓိပ္ပာယ်ရသည်။ ယင်းဝါဒသည် ပြင်သစ်တော်လှန်ရေးကာလကပင် ရှိခဲ့ပြီး ယဉ်ကျေးသောအနေအထား ပျက်ပြားခြင်း ကို ဖော်ဆောင်သည်။ အရပ်စကားအနေဖြင့်မူ မင်းမဲ့ စရိုက်အား ပရမ်းပတာဖြစ်ခြင်းကို ဖော်ညွှန်းလေ့ ရှိသည်။ ယင်းတို့၏ရည်ရွယ်ချက်မှာ လက်တွေ့မကျ သော်လည်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်စေသဖြင့် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိန်းဆိုက်ပြီး ယင်းလုပ်ရပ်အပေါ် အရသာတွေ့နေတတ်သည့် သဘောလည်းရှိသည်။ အခြားသောဝါဒများသည် အာဏာရယူနိုင်စွမ်းရှိသည့်အပြင် လူ့အဖွဲ့အစည်း ကိုလည်း ပြန်လည်ပုံဖော်နိုင်စွမ်းရှိသော်လည်း မင်းမဲ့ ဝါဒကမူ နိုင်ငံရေးသမိုင်း၌ အမျိုးသားအဆင့်တွင် မည်သည့်အခါကမျှ အာဏာမရခဲ့ပေ။
ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လုပ်ဆောင်နေမှုများသည် လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၉)ပါ Freedom of Expression နှင့် ကိုက်ညီခြင်း မရှိ သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ အပိုဒ်ခွဲ(က) (ဃ)တို့ကိုလည်း ချိုးဖောက်ရာ ရောက်နေပေသည်။
လူ့အခွင့်အရေးများကို သွေဖည်၍ လူကိုလူချင်း သတ်ဖြတ်သည့်ဖြစ်စဉ်များသည် ကမ္ဘာပေါ်တွင် အထင်ကရဖြစ်ခဲ့ ဖြစ်နေဆဲပင် ရှိသေးသည်။ လတ်တလော အမေရိကန်နိုင်ငံတွင် သေနတ်သမား လူရမ်းကားတို့၏ လက်ချက်ဖြင့် အပြစ်မဲ့ပြည်သူတို့ မကြာခဏသေဆုံးရသော ဖြစ်စဉ်များကို ကမ္ဘာ့ သတင်းမျက်နှာစာတွင် ဖတ်ရှုနေရသည်။ ကမ္ဘော ဒီးယားနိုင်ငံမှာဆိုလျှင်လည်း လူမျိုးတူချင်း သတ်ဖြတ်သုတ်သင်မှုကြီးဖြစ်ပေါ်ခဲ့ကာ ၁၉၇၅ ခုနှစ် မှ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီးယားပြည်သူပေါင်း နှစ်သန်းခန့် သတ်ဖြတ်ခံခဲ့ရသည်။ ထိုအချိန်က တစ်နိုင်ငံလုံး လူဦးရေ၏ ၂၅ ရာခိုင်နှုန်းဟု ဆိုနိုင်ပါ သည်။ ထိုဖြစ်စဉ်မှာ ဘာသာရေး၊ လူမျိုးရေးနှင့် မဆိုင်သော နိုင်ငံရေးဝါဒအရဖြစ်ရသည့် လူသား ဆန်မှုကို ဖောက်ဖျက်ခဲ့သည့် ရာဇဝတ်မှုကြီးပင်။ ကိုယ့်လူမျိုးအချင်းချင်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ် မှုများကြောင့် သွေးမြေကျခြင်းသည် အလွန်ပင် အရုပ်ဆိုး အကျည်းတန်လှသည်။ လူသားဝါဒနှင့် လူသားဆန်မှုတို့ ပျောက်ဆုံးနေသရွေ့ ထိုသို့သော အကျည်းတန်အရုပ်ဆိုးသည့် ဖြစ်စဉ်များ ပေါ်ပေါက် နေဦးမည်သာဖြစ်သည်။
ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ
ဤသို့ဖြစ်ရခြင်းမှာလည်း လူအများတွင် ရှိသင့် ရှိအပ်သော ဗြဟ္မစိုရ်တရားလေးပါး ဆိတ်သုဉ်း နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဗြဟ္မ ဝိဟာရဟုခေါ်ဆိုသော ဗြဟ္မစိုရ်တရားလေးပါးတို့မှာ မေတ္တာ = ချစ်ခင်ခြင်း၊ ကရုဏာ = သနားကြင်နာခြင်း၊ မုဒိတာ = ဝမ်းမြောက်ခြင်း၊ ဥပေက္ခာ = အညီအမျှ ရှုမြင်ခြင်းတို့ဖြစ်သည်။ အနှီ ဗြဟ္မစိုရ်တရားလေးပါး အပေါ် အခြေခံသည့်အတွေးအခေါ်နှင့် လုပ်ရပ်များ သည်သာလျှင် ငြိမ်းချမ်းရေးဆီသို့ ရှေးရှုစေနိုင် မည်ဖြစ်သည်။ သို့မဟုတ်ပါက ငြိမ်းချမ်းရေးသာမက လူ့တန်ဖိုး၏အထွတ်ပြာသာဒ်ဖြစ်သော ယဉ်ကျေးမှု အဆောက်အအုံကြီးသည်လည်း ပြိုလဲပျက်စီးသွား မည်သာဖြစ်သည်။ ထို့ကြောင့် မိမိတို့သမိုင်း မရိုင်းရ လေအောင် အားလုံးကိုယ်စီကိုယ်င မြန်မာ့ယဉ်ကျေး မှုသမိုင်းစာမျက်နှာများကို မလှ လှအောင် ရေးသား ကြရပေမည်။
အထူးအားဖြင့် မိမိတို့သမိုင်းနှင့်ချီ၍ မော်ကြည့် ခဲ့ရသော၊ အစဉ်သဖြင့် ရင်ခုန်ခဲ့ရသော မန္တလေးမြို့၏ အဆင်တန်ဆာဖြစ်သည့် ယဉ်ကျေးမှုကို မင်းမဲ့ စရိုက်များ၏ ဖဝါးအောက်တွင် မှေးမှိန်မပျောက် ကွယ်စေရေးအတွက် မြန်မာနိုင်ငံသားတိုင်း ဝိုင်းဝန်း စောင့်ရှောက်ကြရမည်သာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments