
ဟိန်းထက်ဇော် (မြန်မာ့အလင်း)
လူသားများသည် မိမိပတ်ဝန်းကျင်တွင် ဝါးနှင့်ပတ်သက်၍ နေ့စဉ် ထိတွေ့အသုံးပြုနေကြသည်။ သို့သော် ဝါးနှင့်ပြုလုပ်ထားသည့် အသုံးအဆောင်များဟုသာ သိရှိထားကြပြီး ဝါးတို့၏ ထူးခြားချက်များနှင့် သဘောသဘာဝကို သိရှိသူ အလွန်နည်းပါးလှသည်။ ကမ္ဘာဦးအစ ရေညှိမှော်လေးများမှတစ်ဆင့် မြက်ပင် ဖြစ်လာသည်ဟု မှတ်သားဖူးသည်။ ဝါးပင်သည် ထိုမြက်ပင်ကလေးများမှတစ်ဆင့် ဖြစ်လာသည့် မြက်ကြီးပင် အမျိုးအစားတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝါးပင်သည် သစ်တို့၏ သဘောသဘာဝနှင့် မတူညီပေ။ ယင်းမတူညီမှုများကြောင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဆိုလျှင် ဝါးကို သစ်ကဲ့သို့ မစဉ်းစားသင့်ပေ။
မြန်မာနိုင်ငံမှ ဝါးမျိုးစိတ်များ
မြန်မာနိုင်ငံတွင် ဝါးမျိုးစုစုပေါင်း ၂၂ မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ ခန့် သဘာဝအလျောက် ပေါက်ရောက်သည်။ ဝါးပင်ကို ပင်လယ်ရေမျက်နှာ ပြင် အထက် ပေ ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင် အများဆုံးတွေ့ရသည်။ အပူချိန် ၁၁ ဒီဂရီဖာရင် ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်၊ မိုးရေချိန် ၃၁ လက်မ မှ ၂၅၄ လက်မကြား၊ ရေမဝပ်သောမြေ၊ ဆားငန်မြေ မှလွဲ၍ ပေါက်ရောက်နိုင်သည်။
ထိုသို့ မြန်မာနိုင်ငံတွင် ပေါက်ရောက်လျက် ရှိသည့် ဝါးမျိုးများ မပြုန်းတီးစေရန် မျှစ်ချိုး၊ ဝါးခုတ် သူများအနေဖြင့် ဝါးပင်၏ သဘောသဘာဝကို နားလည်သိရှိထားရန် လိုအပ်သည်။ မြန်မာ့ဆိုရိုး စကားတွင် ဝါဆိုဝါခေါင် မျှစ်တစ်ထောင်ဟု ဆိုရိုး စကား မှတ်သားဖူးပါသည်။ ဝါဆိုလနှင့် ဝါခေါင်လ တို့တွင် မိုးဖြိုင်ဖြိုင်ကျပြီး မျှစ်လှိုင်လှိုင်ပေါက် သည့် ကာလဆိုလျှင်လည်း မမှားပေ။ ထိုကာလတွင် မျှစ်ချိုးသူများအနေဖြင့် မျှစ်ဖြစ်လျှင်ပြီးရော တွေ့သမျှမျှစ်များကို လိုက်လံချိုးယူနေမည်ဆိုလျှင် အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံရှိ ဝါးမျိုးများလည်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင် သည်။ ယင်းသို့ ဝါးမျိုးများ မျိုးသုဉ်းပျောက်ကွယ် မသွားစေရန် မျှစ်ချိုးသူများအနေဖြင့် ဝါးတို့၏ သဘောသဘာဝကို အလေးထားလိုက်နာစောင့်ထိန်း သင့်ပါသည်။
ဝါးအမျိုးအစား သုံးမျိုး
ဝါးပင်သည် မြေအောက်ပင်စည်ကြီးထွားမှု အပေါ်မူတည်ပြီး အစုလိုက်အပြုံလိုက် ပေါက်သော ဝါး၊ တစ်ပင်ချင်းပေါက်သောဝါးနှင့် ထိုနှစ်မျိုး ရောနှောကာ စကဝါးဟူ၍ သုံးမျိုး ကွဲပြား ပေါက်ရောက်သည်။ အစုလိုက်ပေါက်သောဝါးသည် ရာသီဥတုအနေဖြင့် ပူသောရာသီဥတုကို နှစ်သက် ပြီး တစ်ပင်ချင်းပေါက်သည့်ဝါးသည် အေးသည့် ရာသီဥတုကို နှစ်သက်သည်။ စကဝါးသည် သမသော ရာသီဥတုကို နှစ်သက်သည်။ ထို့ကြောင့် ဝါးပင်ကို စိုက်ပျိုးမည်ဆိုလျှင် ဝါးအမျိုးအစားအပေါ်မူတည် ကာ ရေ၊ မြေ၊ ရာသီဥတုကိုကြည့်ပြီး မည်သည့် ဝါးအမျိုးအစား စိုက်ပျိုးသင့်သည်ကို ဆုံးဖြတ်ရ မည်ဖြစ်သည်။
ဝါးပင်သည် အခြားသစ်ပင်များနှင့် ရောနှော ခြင်းမရှိဘဲ တစ်ပင်တည်း ပေါက်ရောက်နေသည်မျိုး မရှိပေ။ ဝါးပင်သည် သစ်ပင်ကဲ့သို့ တစ်ပင်တည်း ပင်စည်တဖြည်းဖြည်း ကြီးထွားလာကာ အချိန် ကြာသည့်အခါမှသာ အမြင့်သို့ ဖြည်းဖြည်းခြင်း တက်လာခြင်းမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း အမြင့်သို့ ထိုးထွက်လာသည်။
အစုလိုက်ပေါက်သောဝါးမျိုးများသည် အပူပိုင်း ဒေသဖြစ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့ရသည်။ မြေအောက်ပင်စည်မှ အဖူး သည် မြေအောက်ရှိ မိခင်ပင်စည်နှင့် ကင်းလွတ် ပြီး မြေအောက်ပင်စည်အသစ်တစ်ခု ထပ်မံထွက်ရှိ ကာ မျိုးပြန့်ပွားခြင်းကြောင့် အစုလိုက်အပြုံလိုက် ပေါက်ရောက်သောအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ် သည်။ တစ်ပင်ချင်းပေါက်သောဝါးမျိုးကို ကမ္ဘာ့ အအေးပိုင်းဒေသများဖြစ်သည့် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အများဆုံးတွေ့ရသည်။
မြန်မာ နိုင်ငံတွင်လည်း မိုးကုတ်မြို့နှင့် တောင်ပေါ်ဒေသ များတွင် တွေ့ရှိနိုင်သည်။ ဤဝါးမျိုး၏ မြေအောက် ပင်စည်သည် လျှောက်ကာ မျိုးပြန့်ပွားပြီး ပင်စည် ၏ ဘေးဘက်ရှိ အဖူးမှ ဖောက်ထွက်သောကြောင့် တစ်ပင်ချင်း ပေါက်ရောက်သကဲ့သို့ဖြစ်သည်။ အုပ်စုနှစ်မျိုး ပေါင်းစပ်သော စကဝါးမျိုးကို ကမ္ဘာ့ နေရာဒေသအတော်များများတွင် တွေ့ရှိနိုင်သည်။
မျှစ်ဘဝမှ ဝါးပင်ဖြစ်ရန်
ဝါးပင်သည် မျှစ်ဘဝမှ ဝါးပင်ဖြစ်ရန် ၄၅ ရက် ခန့်သာ ကြာမြင့်သည်။ ထွက်လာသည့်မျှစ်မှ ဝါးပင် အဆင့်သို့ရောက်ရှိမှသာ အကိုင်းအခက်များ၊ အရွက် များထွက်လာသည်။ မျှစ်ဘဝမှာပင် အပင်၏ လုံးပတ် ကိုသိရှိနိုင်သည်။ ထို့ကြောင့် ဝါးခြံများစိုက်ပျိုးသည့် အခါ မိမိလိုအပ်သည့် ဝါးလုံးအရွယ်အစား မျှစ်ကို ချန်ထားကာ ချိုးယူနိုင်သည်။ သို့မှသာ မိမိလိုအပ် သည့် ဝါးလုံးအရွယ်အစားကို ရရှိကာ ဈေးကွက်တွင် ဈေးကောင်းရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ အသစ် တစ်ဖန်ပြန်ပေါက်သည့် မျှစ်စို့များသည် မူလ ရှိရင်းစွဲ ဝါးပင်ထက် ပို၍မြင့်ကြသည်။
ဝါးပင်သည် မျှစ်ဘဝမှပင် အမြင့်ဆုံးကို တက်ရောက်ရသည့်အတွက် လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်ရန် အကာအကွယ်ပေးပြီး ဝန်းရံ ထားသည့် အပင်များရှိရန်လိုသည်။ ဝန်းရံထားသည့် အပင်များမရှိလျှင် ဝါးပင်သည် ကျိုးကျသွားခြင်း၊ ကွေးကောက်သွားခြင်းများရှိတတ်ကာ ဖြောင့်သော၊ ရှည်သောဝါးကောင်းရရှိရန်အတွက် ဝန်းရံကာကွယ် ပေးသည့်အပင်များ လိုအပ်ပေသည်။
မျှစ်စို့များကို ချိုးယူလိုက်သည့်အခါ နောင်နှစ် တွင် မျှစ်ထွက်နိုင်ခြင်းမရှိတော့ပေ။ ဝါးပင် တစ်နှစ် သား အရွယ်ရောက်ရှိမှသာ မျှစ်စို့ထွက်ရှိပြီး နှစ်နှစ် နှင့်အထက် ဝါးပင်များသည် မျှစ်စို့မထွက်ရှိပေ။ ထို့ကြောင့် မျှစ်စို့များနှင့် သက်တမ်းနု တစ်နှစ်သား ဝါးပင်များကို ခုတ်ယူလိုက်ခြင်းအားဖြင့် နောင်နှစ် မျှစ်ထွက်ရာသီတွင် မျှစ်စို့ကောင်းမထွက်ရှိတော့ဘဲ ထွက်ရှိလာသည့် မျှစ်စို့များမှာ သန်စွမ်းမှုအားနည်း ကာ ဝါးပင်အနေဖြင့်လည်း ဝါးကျစ်ဝါးများသာ ထွက်ရှိလာတော့သည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသည့်
ဝါးပင်များ
ဝါးပင်၏အရွက်သည် အခြားသောအပင်များ ထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ် နိုင်သည်။ ဝါးတစ်ဟက်တာ စိုက်ပျိုးထားသည့် ခြံသည် ကာဗွန်တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုက် တန် ၆၀ မှ ၉၀၊ ဖုန်မှုန့် တန် ၆၀ မှ ၉၀ အထိ စုပ်ယူ နိုင်သည်။ ဝါးပင်သည် သဘာဝတရားအရပင် အခြား အပင်များကို ရှင်သန်ရန် အနွံအတာခံသူဖြစ်သည်။ ဝါးပင်သည် ဖုန်စုပ်ယူအားကောင်းပြီး ဝါးရွက်တွင် အဏုဇီဝပိုးမွှားများ ရှင်သန်ပေါက်ပွားကာ ထိုပိုးမွှား များသည် အပင်များရှင်သန်ရန် အကောင်းဆုံး ဇီဝ မြေဩဇာဖြစ်သည်။ ဝါးပင်သည် သူ၏အလေးချိန် သုံးပုံတစ်ပုံခန့်သော ဝါးရွက်တို့ကို ခြွေချကာ အခြား သောအပင်များအတွက် မြေဩဇာလည်း ပြုလုပ် ပေးသည်။ ဝါးပင်သည် အခြားသစ်ပင်တို့ ရှင်သန် ရန်အတွက် ပေါက်ရောက်ပေးရသည့် အဖြည့်ခံ သဘောလည်း ဖြစ်ပေသည်။ ဝါးပင်၏ သက်တမ်း သည် ခုနစ်နှစ်ခန့်သာ ကြာမြင့်ပြီး ဝါးမြစ်တို့သည် လည်း ဆွေးမြည့်ကာ မြေဩဇာအဖြစ် ရောက်ရှိသွား သည်။
ဝါးပင်သည် သီးသန့်ပေါက်ရောက်တတ်သော် လည်း အများအားဖြင့် ဝါးပင်ကို သစ်တောများ အကြားထဲတွင် တွေ့ရသည်မှာ ပိုမိုများပြားသည်။ ဝါးပင်များသည် မြေဆီလွှာကိုလည်း ထိန်းသိမ်းပေး သည်။ သစ်တောများအကြားတွင် ပေါက်ရောက် သည့်ဝါးများသည် မိုးရွာသွန်းသည့်အခါ သစ်ပင် အမြင့်များဆီမှ စီးကျလာသည့် မိုးသီးမိုးပေါက်များ၏ အရှိန်ကြောင့် မြေဆီလွှာပေါက်ပြဲခြင်းများ မရှိစေရန် ဝါးပင်များ၏ သေးငယ်သည့် အရွက်များပေါ်မှ တစ်ဆင့် ရေမှုန်မွှားများအဖြစ် ပြောင်းလဲကာ မြေဆီ လွှာပေါ်သို့ ကျရောက်စေသည်။ ထိုအခါ မြေဆီလွှာ ပေါက်ပြဲခြင်းကို ကာကွယ်ပေးနိုင်သည်။
သစ်တောများ ခုတ်ထွင်ရှင်းလင်းထားပြီး ပစ်ထားပါက ဝါးပင်များ စုဝေးပေါက်ရောက်တတ် သည်။ မြေဆီလွှာပျက်စီးသွားမည့်အရေးအတွက် ကာကွယ်ပေးရန် သဘာဝတရားက ဝါးပင်များကို တာဝန်ပေးထားသည့်အလား ဖြစ်နေသည်။ ဝါးပင် သည် မြက်ကြီးပင်မျိုးဖြစ်၍ အမြစ်များစွာထွက်ကာ ထိုအမြစ်များသည်လည်း မြေဆီလွှာကို ရေတိုက်စား ခြင်းမရှိစေရန် ကာကွယ်ပေးထားသည်။ မြေဆီလွှာ ပေါက်ပြဲခြင်းကို ကာကွယ်ပေးရုံတွင်မက ဝါးမြစ်များ သည်လည်း မိုးရေတိုက်စားမှုကို ကာကွယ်ပေးနိုင် သည်။
ထို့ကြောင့် ကမ္ဘာဦးအစက ဖြစ်တည်လာသည့် ဝါးပင်၏ သဘောသဘာဝကို ကောင်းစွာအသုံးချ တတ်ပါက လူနေမှုဘဝမြင့်တက်လာပြီး ကောင်းမွန် သော သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ရရှိနိုင်မည် ဖြစ်ပါကြောင်း။ ။
- Log in to post comments