
နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူး ကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာ နိုင်ငံ တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ(ယာပုံ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှုတက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများနှင့် ဧည့်ပရိသတ်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ပိုမိုမြန်ဆန်ထိရောက်လာမည်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စွမ်းရည်အာနိသင် ထက်မြက်သော COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာသည့်တိုင် ကမ္ဘာ့နိုင်ငံ အားလုံးက COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင် ဝယ်ယူရန် ကြိုးစားလျက်ရှိမှု၊ ကမ္ဘာတစ်ခုလုံးအတိုင်းအတာနှင့် နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံရန်မှာ အချိန်တိုအတွင်းမဖြစ်နိုင်မှု၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်မှုတို့ကြောင့် COVID-19 ရောဂါသည် ကမ္ဘာတွင် ကြာရှည်စွာ ရှိနေနိုင်သည့်အတွက် မိမိတို့သက်ဆိုင်သူအားလုံးက COVID-19 နှင့် သက်ဆိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အမြန်ဆုံးဆက်လက် အားဖြည့်ခြင်းဖြင့် လည်းကောင်း၊ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိုးသည့်အခါ လိုအပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို လည်းကောင်း၊ COVID-19 နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအတွက် ထပ်မံလိုအပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသစ်ထူထောင်ခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက COVID-19 ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက် လာမည်ဖြစ်ပါကြောင်း။
COVID-19 ရောဂါဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းရရှိမှု၊ ဖြန့်ဝေမှု၊ သုံးစွဲမှု များကို စီမံခန့်ခွဲမှုများအတွက် Logistic Management Dashboard ကိုလည်း ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် စတင်အသုံးပြုလျက်ရှိပါကြောင်း။
COVID-19 ဆိုင်ရာ သတင်းအချက်အလက်များစီမံခန့်ခွဲမှုစနစ် “Web-based COVID-19 Database Management System Application” (http://covid19db.mohs.gov.mm/) ကိုလည်း ရေးဆွဲထားပြီး အဆိုပါ Application ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Quarantine Centre များနှင့် နေပြည်တော်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀) တို့တွင် ကနဦး (Pilot) အနေဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပြီး လာမည့်ဒီဇင်ဘာလမှစ၍ နေပြည်တော်တွင် စတင်အသုံးပြုသွားမည်ဖြစ်သကဲ့သို့ အခြား တိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အသုံးပြုသွားနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း။
ဆရာဝန်များနှင့် တိုက်ရိုက်မေးမြန်းနိုင်
ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်၌ “National COVID-19 Call Centre” ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါ ဆိုင်ရာ အကြောင်းအရာများကို Hotline ဖုန်းနံပါတ် "2019" သို့ မည်သည့် ဖုန်းနံပါတ်နှင့့်မဆို အခမဲ့ခေါ်ဆိုမေးမြန်းနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထား ရှိခဲ့ကြောင်း၊ မြန်မာဘာသာစကားဖြင့် ဖြေဆိုမှုတွင် လိုင်းခွဲများအနေဖြင့် နံပါတ်(၁) ရောဂါလက္ခဏာများအကြောင်း၊ နံပါတ်(၂) ကူးစက်နိုင်သော နည်းလမ်းများအကြောင်း၊ နံပါတ်(၃) ကာကွယ်နိုင်သော နည်းလမ်းများ အကြောင်း၊ နံပါတ်(၄) အသွားအလာကန့်သတ်ခြင်းအကြောင်း၊ နံပါတ် (၅)နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာအရေအတွက် ၊ နံပါတ် (၆)Quarantine Center များမှ မေးမြန်းမှုများကို ဖြေကြားရန်နှင့် နံပါတ် (၀) ဆရာဝန်များနှင့် တိုက်ရိုက်မေးမြန်းရန်တို့ကို စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ COVID-19 ကူးစက်မှုပထမလှိုင်းတွင် စက်မှ ဖြေဆိုမှုအနေဖြင့် ဧပြီလ၌ အကြိမ်ရေ (၅.၂) သန်းကျော်၊ COVID-19 ကူးစက်မှု ဒုတိယလှိုင်းတွင် စက်တင်ဘာလ၌ အကြိမ်ရေ (၆.၃) သန်းခန့်၊ အောက်တိုဘာလ၌ အကြိမ်ရေ (၃.၁) သန်း ခေါ်ဆိုဖြေကြားမှု ရှိခဲ့ပါကြောင်း။
ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြီး ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့မှု ရှိ/မရှိ ဆန်းစစ် နိုင်သော စောစောရှာ “Saw Saw Shar” Mobile Application ကိုလည်း ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါကြောင်း။
လိုအပ်သည်များ အမြန်ဆုံးဆောင်ရွက်သင့်
နိုင်ငံတော်အစိုးရမှလည်း ဝန်ကြီးဌာနများရှိ e-Government unit ဖွဲ့စည်းပုံ ကို ခွင့်ပြုပြီးဖြစ်သည့်အတွက် မိမိတို့အားလုံးသည် ဤကိစ္စရပ်ကို အထူးအရေး ကြီး ကိစ္စရပ်တစ်ခုဖြစ်ကြောင်း သိရှိကာ လိုအပ်သည်များကို အမြန်ဆုံးဆောင် ရွက်သင့်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအသီးသီးမှ e-Government unit များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ဝိုင်းဝန်းအကြံပြုဆောင်ရွက် ကြစေလိုပါကြောင်း။
ယခုစကားဝိုင်းဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးအတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဝန်ကြီးဌာန အသီးသီး၏ e-Government unit များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကိုဗစ်-၁၉ ကဲ့သို့ ကပ်ဘေး များကို တုံ့ပြန်ဆောင်ရွက်သည့်အခါ အောင်မြင်မှုရရှိရန်အတွက် အရေးအကြီး ဆုံးမှာ "မှန်ကန်တိကျသည့် သတင်းအချက်အလက်များ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် သတင်းအရင်းအမြစ်များမှ အချိန်နှင့်တစ်ပြေးညီ စီးဆင်းနေရန် လိုအပ် ပါကြောင်း။
မှန်ကန်တိကျသည့် သတင်းအချက်အလက်စီးဆင်းမှု အကြောင်းကြောင်း ကြောင့် ရပ်တန့်နေလျှင်၊ ပိတ်ဆို့နေလျှင်၊ နှေးကွေးနေလျှင် သတင်းအတု၊ သတင်းအမှားများ၊ မသမာသည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လုပ်ကြံဖြန့်ချိ ထားသည့် သတင်းအချက်အလက်များ၊ အမုန်းစကားများ၊ အကြောက်တရား များက အတိဒုက္ခရောက်နေသည့် ပြည်သူတွေကြား ပျံ့နှံ့သွားပြီး မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါကြောင်း။
ထို့ကြောင့် COVID -19 ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်သည့်အခါမှာ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု online platforms များမှတစ်ဆင့် စနစ်တကျ ထိထိမိမိ အကျိုးအရှိဆုံး ဖြစ်အောင်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း။
ဒစ်ဂျစ်တယ်ပလက်ဖောင်း အမျိုးမျိုးရှိသည့်အနက် မိမိတို့နိုင်ငံတွင် လူသုံး အများဆုံးမှာ Facebook ဟု လူသိများသည့် လူမှုကွန်ရက်ဖြစ်ပါကြောင်း၊ ၂၀၁၈ အောက်တိုဘာလတွင် ၂၀.၃၃၅ သန်းရှိခဲ့ရာမှ ၂၀၂၀ အောက်တိုဘာလ တွင် ၂၇.၅၇ သန်းအထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တာ တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မိမိတို့နိုင်ငံအတွက် အင်မတန်ကြီးမားသည့် စိန်ခေါ်မှုကြီး တစ်ခုဖြစ်သဖြင့် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်ဌာနက ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ "COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ"ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားပြီးဖြစ်သဖြင့် ဗဟိုကော်မတီ၏ ဦးဆောင်မှု အောက်တွင် မိမိတို့အားလုံး ညီညီညွတ်ညွတ် လက်တွဲပူးပေါင်းဆောင်ရွက်သွား ကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။
ထို့နောက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံ တုံ့ပြန်မှု စကားဝိုင်းကို ဆက်လက်ကျင်းပရာ AYA Bank မှ အုပ်ချုပ်မှုဒါရိုက်တာ (ဒစ်ဂျစ်တယ်) ဦးချစ်ထွန်းဖေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ ကိုဗစ် - ၁၉ စေတနာ့ဝန်ထမ်းလုပ်ခဲ့သူ ဒေါက်တာစိန်ဖြိုးလှိုင်နှင့် စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) တို့က ပါဝင်ဆွေးနွေးကြသည်။
ဒေါက်တာထွန်းသူရသက်က Contact Tracing လုပ်ဆောင်နိုင်သည့် ဒစ်ဂျစ်တယ်နည်းပညာအကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၊ QR Code အသုံးပြုဆောင်ရွက်နေသည့် အတွေ့ အကြုံများ၊ ဒစ်ဂျစ်တယ် နည်းပညာကူးပြောင်းမှုများ၏ အထောက်အကူပြုပုံ များနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချရာတွင် သတင်းအချက်အလက် ပြည့်စုံ မှန်ကန်မှုနှင့် သတင်းအချက်အလက်ထိန်းသိမ်းမှု အရေးကြီးပုံများကို ဆွေးနွေး သည်။
ဒေါက်တာစိန်ဖြိုးလှိုင်က ကိုယ်တိုင် ပေါ့စတစ်လူနာအဖြစ် ဆေးရုံတက်ခဲ့စဉ် နှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးအဖြစ် ဆောင်ရွက်ခဲ့စဉ်က တွေ့ကြုံခဲ့သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းအသုံးပြုပုံများ၊ လူနာမှတ်တမ်းများကို ဒစ်ဂျစ်တယ် နည်းပညာအသုံးချ ဆောင်ရွက်သင့်သည်များ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ သတင်းမှားများ ဖြန့်ဝေနေမှုများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အသုံးပြု ပညာပေးလုပ်ငန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးသည်။
အတွေ့အကြုံများကို ဆွေးနွေး
စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)က အင်္ဂလန်နိုင်ငံတွင် ကိုဗစ်-၁၉ လူနာများကို Contact Tracing လုပ်ရာ၌ ဒစ်ဂျစ်တယ် ပလက်ဖောင်း များ အသုံးပြုနေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအပေါ်အမြင်နှင့် Tele-medicine နည်းပညာဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြင်ပဆေးခန်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အတွေ့အကြုံများကို ဆွေးနွေးသည်။
ဆက်လက်၍ အွန်လိုင်းမှ တက်ရောက်နားထောင်ကြသူများက မေးခွန်း များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် စကားဝိုင်းဆွေးနွေးပွဲ ဟောပြောဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်