
နေပြည်တော် ဇူလိုင် ၂၁
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု ကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရား စွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့် ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဇူလိုင် ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ တရားရုံးအမိန့်ဖတ်ကြားပွဲသို့ တက် ရောက်ရန် ကိုယ်စားလှယ် (Agent) ဖြစ်သည့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သည့် ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပူးတွဲခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်မြို့မှ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့သို့ ထွက်ခွာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဦးဆောင် သော တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်လံပို့ဆောင်သည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမ်စတာဒမ်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်