
ဝါးခယ်မ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်း ဇူလိုင် ၁၅ ရက်က ဟင်္သာဒုံးကျေးရွာအုပ်စု ဟင်္သာဒုံး ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးကျော် ကိုထက်၏ နေအိမ်အပါ နေအိမ် ၁၂ လုံး၊ မိသားစုဝင်အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၅၉ ဦးတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၇၉ သိန်း ဖြစ်ကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် အထက်ပေကုန်း ကျေးရွာအုပ်စု အထက်ပေကုန်းကျေးရွာ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဒေါ်သန်းသန်းမြင့်နေအိမ်အပါ နေအိမ်ရှစ်လုံးနှင့် မိသားစုဝင်အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၃၆ ဦး၊ ကမ်းပြိုကျေးရွာ အုပ်စု ရေကျော်ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးစလို နေအိမ်အပါ နေအိမ်နှစ်လုံးနှင့် မိသားစုဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၆၆ သိန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဟင်္သာဒုံး ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်ပေကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတို့၌ မြစ်ကမ်းပါးပြိုကျမှုများကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များ အား ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ရာ မြောင်းမြ ခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီး မှူး ဒေါ်ဝင်းဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက ဟင်္သာဒုံး ကျေးရွာမှ ရွှေ့ပြောင်းနေအိမ် ၁၂ လုံးနှင့် မိသားစုဝင် ၅၉ ဦးအတွက် ထောက်ပံငွေကျပ် ၂၃၂၃၉၀၀၊ အထက် ပေကုန်းကျေးရွာမှ ရွှေ့ပြောင်းနေအိမ် ရှစ်လုံးနှင့် မိသားစုဝင် ၃၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၇၅၆၀၀၊ ရေကျော်ကျေးရွာမှ ရွှေ့ပြောင်းနေအိမ် နှစ်လုံးနှင့် မိသားစုဝင်လေးဦးအတွက် ထောက်ပံ့ ငွေကျပ် ၂၀၈၄၀၀ တို့ကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ရာ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၄၀၇၉၀၀ ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)