
မြောက်ဦး ဇူလိုင် ၂၀
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေး သရုပ်ပြ လေ့ကျင့်မှုကို ဗန္ဓုလတံတားအနီး မော်တော်ဆိပ်နေရာ၌ ဇူလိုင် ၁၉ ရက်က ဆောင်ရွက်သည်။
ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဟိန်း ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေး မီးသတ် တပ်ဖွဲ့ဝင်များက လေ့ကျင့်ခြင်း ဖြစ်ပြီး နှစ်စဉ် မိုးဦးရာသီတွင် မုတ်သုံလေဝင်ရောက်ပြီး အမြဲ ကြုံတွေ့ရလေ့ရှိသော မုန်တိုင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ငလျင် လှုပ်မှုကြောင့် မြေပြိုကျခြင်းများ နှင့် ရေကြီးရေလျှံမှုကြောင့် လတ်တလော မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လာပါက ရေလမ်းခရီးကို သာ အားထားသွားလာနေရသော ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိ စေရေး လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
သရုပ်ပြ လေ့ကျင့်မှုတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ကြိုးတန်းဖြင့် ချောင်းတစ်ဖက်သို့ ဖြတ်ကူးခြင်း၊ လှေမှောက်သူများ အား အရေးပေါ်ရှာဖွေကူညီခြင်း၊ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ကို လေ့ကျင့်ခဲ့ပြီး မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးအတွက် လူအပြည့်၊ ယာဉ်၊ စက်သုံးဆီများ နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း များကို အသင့်အနေအထား ထားရှိ စီစဉ်ထားကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)