
နေပြည်တော် ဇူလိုင် ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံ- ပန်လီ- မိုင်းခုတ်-မိုင်းဆတ်လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မိုင် ၂၄ နှင့် ၂၅ ကြား အာမောဒေရွာ လမ်းစခန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့် ၃ ဒသမ ၆၆ မီတာအကျယ် ကတ္တရာလမ်းခင်းခြင်း၊ Box Culvert ဆောင်ရွက်မည့် အရေအတွက်၊ ကျောက်စီရေမြောင်း ပြုလုပ်မည့်နေရာ၊ အမာခံလမ်း ဆောင်ရွက်ရမည့်နေရာ၊ အမာခံလမ်းပခုံးဆောင်ရွက် ရမည့် နေရာ၊ လမ်းညွှန်ဆိုင်းဘုတ် အမှတ်အသား များ စိုက်ထူရမည့်နေရာနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် သီးခြားစီမံချက် များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိုင်းဆတ်မြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ် ဆောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆောက်လုပ် ပြီး ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး၊ မိလ္လာ၊ အမှိုက်စွန့်ပစ်စနစ်များ အဆင်ပြေစေရေး အိမ်ရာစီမံအုပ်ချုပ် ရေးကော်မတီမှ စီစဉ်ဆောင်ရွက် ပေးရန် မှာကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနေထိုင်နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပြီး ဝန်ထမ်း အိမ်ရာ ၇၆ လုံး၊ အိမ်ခန်းပေါင်း ၁၁၉၀၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်မည့် ဝန်ထမ်း အိမ်ရာ ၁၀ လုံး၊ အိမ်ခန်းပေါင်း ၁၅၆ ခန်း လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်