ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

 

 

နေပြည်တော် နိုဝင်ဘာ ၂၇

နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ တို့ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ ကျင်းပသည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံမှုကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ယခုအခါ နှစ်ပေါင်း (၇၀) ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း (၇၀) ခရီးလမ်း တစ်လျှောက်တွင် တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှု၊ အိမ်နီးချင်း ကောင်းပီသမှုတို့ကိုအခြေခံပြီး ပိုမိုနက်ရှိုင်းသည့် ချစ်ကြည် ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက် သည့်နေရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအ‌ပေါ် စေတနာထက်သန်စွာဖြင့် ကူညီ ထောက်ပံ့မှုများ ပေးအပ်ခဲ့သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ ပြည်သူ/ ပြည်သားများ၏ကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ‌ကျေးဇူးအထူးတင်ရှိပါကြောင်း။

ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု တည်ထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်သာမက အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု‌ဒေသ ထူထောင်သည့် (၁၀) နှစ်ပြည့်သည့် နှစ်တစ်နှစ်ဖြစ်သည့်အပြင် တရုတ် - အာဆီယံ ဒစ်ဂျစ်တယ် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အ‌ရေးပါသည့် နှစ်တစ်နှစ်ဟုလည်းဆိုရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပခဲ့သည်မှာ (၁၇) နှစ်တိုင် ရှိပြီဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် အခမ်းအနား၏ ရည်ရွယ်ချက် ဆောင်ပုဒ်သည် “တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် စီးပွားရေးဆိုင်ရာ ရွှေရောင် လွှမ်းသည့် အခွင့်အလမ်းများကို ယှဉ်တွဲပူးပေါင်း၍ ဖန်တီးခြင်းနဲ့မျှဝေခြင်း” ဖြစ်သည့်အတွက် ယနေ့အချိန် အခါနှင့် အလွန်လိုက်လျောညီထွေမှုရှိသည့်အပြင် သင့်လျော် ကောင်းမွန်မှုရှိသည့် ဆောင်ပုဒ်ကောင်းတစ်ခု ဖြစ်ပါ ကြောင်း။

ယနေ့အခမ်းအနားတွင် လယ်ယာထုတ်ကုန်များ၊ အခြေခံအ‌ဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများကို ဦးစားပေးသတ်မှတ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရှင်သန် ခိုင်မာစေရေးအတွက် နည်းလမ်းများနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုအဆင်ပြေ ချောမွေ့စေ‌ရေးကို ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ရလဒ်များကို ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။

နယ်စပ်ကုန်သွယ်မှုစနစ်တွင် ကုန်သွယ်မှုဆိုင်ရာ နည်းလမ်းများ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ အတားအဆီးများဖယ်ရှားရေးတို့ကို ပူး‌ပေါင်း ဆောင်ရွက်ပေးနိုင်ရန် အဆိုပြုတိုက်တွန်းလိုပါကြောင်း၊ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း။

မြန်မာထုတ်ကုန်များ၏ အရည်အသွေးစစ်ဆေးရေး အတွက် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများရရှိရေးနှင့် အီလက် ထရွန်နစ်ကူးသန်း‌ရောင်းဝယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေးတို့အတွက် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု နှစ်(၇၀)ပြည့် အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ တည်ရှိနေမည်ဟု မိမိအနေနှင့် အခိုင်အမာယုံကြည်ပါ ကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးသည် မိမိတို့နှစ်နိုင်ငံအတွက်သာမက ‌ဒေသတွင်းပြည့်စုံကြွယ်ဝမှုကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ဆက်ဆံရေး ပိုမိုရှင်သန် ခိုင်မာလာစေရန် နယ်ပယ်ကဏ္ဍတိုင်းတွင် ပြည်သူချင်း၊ အစိုးရချင်း လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Li Chenggang ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ Mr. Zhou Hongbo နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့က မိန့်ခွန်းများပြောကြားခဲ့ပြီး နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးက “မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ်ကုမ္ပဏီနှစ်ခုက မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများ ဆောင်ရွက် ရာ၌ ရရှိသောအောင်မြင်မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း Presentation များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်