ပင်လောင်းမြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကွင်းဆင်း

 

ပင်လောင်း   ဇူလိုင်  ၁၅


ရှမ်းပြည်နယ်တောင်ပိုင်း  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာ အုပ်စု လယ်ကြားရွာ၌ တိရစ္ဆာန်များ ရောဂါဖြစ်ပွား ခြင်းမှ  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  တိရစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် အဖြစ်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

 


ရှေးဦးစွာ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး  ဒေါက်တာနီနီဝင်းက  တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော  ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ၊      ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာနှင်းအိခိုင်က   ခွာနာလျှာနာရောဂါနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်း၊ ဒုတိယ ကြီးကြပ်ရေးမှူး ဦးခွန်သန်းထွန်းက ကျွဲ၊ နွားများ တွင်  ဖြစ်ပွားတတ်သည့်  အရေပြားအကျိတ်နာ ရောဂါအကြောင်းကို      ရှင်းလင်းဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။  

 


ထို့နောက် ကျေးရွာအတွင်း၌ ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့်   အရေပြားအကျိတ်နာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ဝက်မွေးမြူရေးခြံများကို ပိုးသတ်ဆေးများ         ဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။    

ခွန်ရဲမင်းပိုင်(ပင်လောင်း)