
နေပြည်တော် ဇူလိုင် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၁၄ ရက် ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် အထင်ကရ နေရာတစ်ခုဖြစ်သည့် Peterhof (နွေရာသီနန်းတော်) သို့ သွားရောက်လေ့လာသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များသည် Polytechnic State University သို့ ရောက်ရှိကြရာ တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy နှင့် တာဝန်ရှိသူ များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အဝန်းအဝိုင်း ပုံစံငယ်များဖြင့် အဆောက် အဦနေရာချထားမှု အခြေအနေ၊ ဘာသာရပ်အလိုက် သင်ကြားနိုင်သည့် အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူတို့အတွက် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျောင်းအစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်လိုသည့် အခြေအနေ၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်း သားများ စေလွှတ်ဆောင်ရွက်ခဲ့မှုကို အခြေခံ၍ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်လိုသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် သင်တန်း သားများ ပညာသင်ကြားခဲ့မှု၊ လက်ရှိတွင်လည်း ပညာတော်သင် သင်တန်းသားအရာရှိ အများအပြား တက်ရောက်လျက်ရှိသည့် အခြေအနေနှင့် Polyte-chnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့် အခြေအနေ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Polytechnic State University ပါမောက္ခချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ကြည့်ရှုလေ့လာ
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် Polytechnic State University အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်မှ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် ကုန်းရေနှစ်သွယ်သွား ရေယာဉ် ၏ စွမ်းဆောင်နိုင်မှုများ၊ ကွန်ပျူတာအလုံးရေ တစ်သောင်းကျော်၏ စွမ်းဆောင်ရည်နှင့် ညီမျှသည့် Super Computer ကို အသုံးပြု၍ ငလျင်တိုင်းတာ တွက်ချက်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုင်းတာ တွက်ချက်ခြင်း၊ UAV နှင့် လေယာဉ်တို့မှ ရရှိသည့် အချက်အလက်များအပေါ် မူတည်၍ 3D တွက်ချက် ခြင်း၊ Drawing ရေးဆွဲခြင်းများ၊ အာကာသဆိုင်ရာ တွက်ချက်ခြင်း၊ ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း များအပါအဝင် အခြားတွက်ချက်မှု မှန်သမျှကို လုပ်ဆောင်နိုင်သည့် အခြေအနေများနှင့် သတ္တု ထုတ်လုပ်မှုအလုပ်ရုံတို့ လုပ်ဆောင်နိုင်မှု အခြေအနေ များကို လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ St. Petersburg Polytechnic State University သည် ရုရှားနည်းပညာဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ပြီး Peter the Great Poly-technic Institute သို့မဟုတ် Kalinin Polytechnic Institute ဟုလည်း ခေါ်ဝေါ်ကြကြောင်း၊ ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုဗယ်ဆုရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်ကြောင်း၊ တက္ကသိုလ်ကို အင်ဂျင်နီယာဌာနခွဲ၊ ရူပဗေဒဌာနခွဲနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဌာနခွဲဟူ၍ ဌာနခွဲကြီး သုံးခုဖြင့် ဖွဲ့စည်းထားကြောင်း၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဖင်လန် နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အခြားသော CIS အဖွဲ့ဝင်နိုင်ငံ များ ကျောင်းသားများအပါအဝင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့် ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။
မှတ်တမ်းတင်ဓာတ်ပုံများရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Peterhof Express ဆိပ်ကမ်းမှ တစ်ဆင့် Peterhof(နွေရာသီနန်းတော်)သို့ Hydrofoil အမြန်ရေယာဉ်ဖြင့် ရေလမ်းကြောင်းအတိုင်း စီးနင်း ရောက်ရှိကြရာ Peterhof (နွေရာသီနန်းတော်)မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များသည် နွေရာသီနန်းတော်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။
သမိုင်းဝင်နေရာတစ်ခု
အဆိုပါ ရုရှားနိုင်ငံ၏ အထင်ကရအဆောက်အဦ များတွင် တစ်ခုအပါအဝင်ဖြစ်သည့် Peterhof နန်းတော်ကို ရုရှားဘာသာဖြင့် (ပျယ်ကျဲရ်ဂိုဖ်) ဟု ခေါ်ဆိုကြောင်း၊ ဖင်လန်ပင်လယ်ကွေ့တွင် တည်ရှိ သည့် ဤနန်းတော်ကြီးကို စိန့်ပီတာစဘတ်မြို့တော် ကိုတည်ခဲ့သည့် ဘုရင်ကြီး ပီတာက ဆောက်လုပ် စေခဲ့ခြင်းဖြစ်ကြောင်း၊ ဆွီဒင်နိုင်ငံနှင့် ရုရှားနိုင်ငံ အကြား စစ်ပွဲတွင် ရုရှားက အနိုင်ရရှိပြီးနောက် ရုရှား နိုင်ငံ၏ အင်အားကြီးမားကြောင်းကို ပြသရန်အတွက် လှပခမ်းနားသည့် ထိုနန်းတော်ကြီးကို အချိန် ၁၀ နှစ်တိတိ ဆောက်လုပ်ခဲ့ကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် သမိုင်းဝင်နေရာတစ်ခုအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခဲ့ကြောင်း၊ ရေပန်းရုပ်တုများနှင့် ရေပန်းပေါင်း ၁၇၃ ခုရှိပြီး ရွှေရောင်ရုပ်တုကြီးများကို အသက်ဝင်လှပအောင် ထုလုပ်ထားကြောင်း၊ ဘုရင် ကြီး ပီတာအနေဖြင့် နန်းတော်ကြီးကို နွေရာသီသုံး နန်းတော်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပင်လယ်မှ နန်းတော်အထိ တိုက်ရိုက်တူးမြောက်ဖောက်စေ၍ ရေကို နန်းတော်အခြေအထိ စီးဝင်လာစေပြီးနောက် နန်းတော်ရှေ့ ကြာကန်မှတစ်ဆင့် ရေပန်းဖြစ်စေရန် စနစ်တကျ ဖောက်လုပ်ထားကြောင်း၊ ရေပန်းမှ ဖြာထွက်သည့် ရေကို ကြာကန်ထဲသို့ ကျစေပြီး ထိုမှ တစ်ဆင့် ဘေးပတ်ဝန်းကျင်ရှိ ဥယျာဉ်၊ ပန်းခြံတို့ကို ဖြတ်၍ ပင်လယ်ထဲသို့ ပြန်လည်စီးဝင်သွားစေရန် အသေးစိတ် စနစ်တကျပြုလုပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ရုရှားတို့၏ ထူးခြားပြီး အဆင့်မီ သည့် ဗိသုကာအစွမ်းကို ခန့်မှန်းရနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကို အများအပြား ခံရပြီး နန်းတော်အဆောက်အဦနှင့် ပန်းခြံအစိတ် အပိုင်းအများစု မီးလောင်ပျက်စီးခဲ့ပြီး ရေပန်းများနှင့် ဗိသုကာလက်ရာများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့နောက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် အများပြည်သူများ လည်ပတ်ရန် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် နန်းတော်နှင့် ပန်းခြံအတွင်းရှိ ရေပန်း များကို အပြည့်အဝပြန်လည်ပြင်ဆင်ခဲ့ပြီး ယနေ့ ထက်တိုင် ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်းနှင့် ဆောင်းရာသီနှင့် ကျန်ရာသီများ တွင် ရေပန်းများကို ပိတ်ထားလေ့ရှိပြီး နွေရာသီ ရောက်မှသာလျှင် ဖွင့်လှစ်ပြသလေ့ရှိကြောင်း သိရှိရသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီး အရာရှိများသည်လည်း စိန့်ပီတာစဘတ် မြို့ရှိ ပါလီမန်အဆောက်အဦ၊ Onegin ပန်းချီအရောင်း ဆိုင်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြရာ သက်ဆိုင်ရာနေရာများအလိုက်မှ တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးများမှ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်